ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းအတွင်းရှိ လယ်မြေတွေကို အခြားနည်းလမ်းနဲ့ အသုံးပြုခွင့်မပေးထားဘူးလို့ ဆိုပေမဲ့လည်း အချို့မြို့နယ်တွေမှာ လယ်မြေတွေကို အကွက်ရိုက်ပြီး ရောင်းချနေတာတွေ ရှိနေသေးတယ်လို့ သိရပါတယ်။
ကျေးရွာအတွင်းမှာရှိတဲ့ လယ်မြေတွေကို အကွက်ရိုက်ပြီး ရောင်းချနေတာပါ။
ပုံစံ-၁၀၅ ကျပြီးပြီးလို့ဆိုပြီး လမ်းအတွက် အကျယ်ပေ ဘယ်လောက်ရှိတယ်၊ လျှပ်စစ်မီးတွေရဖို့ လုပ်ဆောင်နေတယ်ဆိုပြီး မြေပုံနဲ့ပြပြီး ပိုင်ရှင်ဆိုသူတွေက ရောင်းနေကြတယ်လို့ ဝယ်ယူသူတချို့ဆီက သိရပါတယ်။
မြေကွက်ဝယ်ယူသူတစ်ဦးဖြစ်တဲ့ ဦးမောင်မောင်လှက ‘ တစ်ကွက် သိန်း ၂၀ ဆိုလို့ ဝယ်မိသွားတာ။ လယ်မြေတွေမှာ အိမ်မဆောက်ရဘူးဆိုလို့ ပြန်ရောင်းနေတာ ၊ စာချုပ်ကတော့ အရပ်စာချုပ်ပေါ့ ၊ ဝယ်ကြတယ် ၊ တန်တယ်ဆိုပြီး ဝယ်နေကြတယ် ၊ မရှိသူတွေအတွက် သိန်း ၂၀ ဆိုတာ မြေကွက်တစ်ကွက်ရတယ်ဆိုတော့ မြေပိုင်ရှင်ဖြစ်ဖို့ အိပ်မက်တွေ မက်နေကြတာ ၊
ရှုံးမှာမမြင်ကြဘူး ‘ လို့ ပြောပါတယ်။
မြို့နယ်အလိုက် ကျေးရွာလယ်မြေတွေက အကျယ်ပေ ၂၀ ၊ အရှည်ပေ ၆၀နဲ့ ပေ ၄၀ ပတ်လည်အကွက်တွေကို တစ်ကွက်ကို ကျပ် ၁၇သိန်းကနေ သိန်း၄၀ အထိပေါက်ဈေးရှိနေတယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ စိုက်ပျိုးလို့ရတဲ့ လယ်မြေ၏ဧက ၁၂၀,၀၀၀ ခန့်ရှိတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကြ အသေးစာ၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားထားပါတယ်။
သည်လို လယ်မြေတွေကို ဝယ်ယူထားသူတွေဟာ အချိန်မရွေး အသိမ်းခံရနိုင်ပြီး ခိုင်မာမှုမရှိပါဘူး၊ ဒါပေမဲ့လည်း စီးပွားရေလုပ်ငန်းရှင်အချို့ကတော့ ဧကအလိုက်ဝယ်ယူထားပြီး အကွက်ရိုက်ရောင်းချတာတွေကို လုပ်နေတယ်လို့ ဆိုပါတယ်။
လယ်ယာဥပဒေမှာလည်း လယ်ယာမြေကို လယ်ယာပဲစိုက်ရမယ်လို့ပါရှိပြီး အခြားသီးနှံပြောင်းလဲစိုက်ပျိုးဖို့ ခွင့်မပြုထားပါဘူး။မြေကွက်ဝယ်ယူသူတစ်ဦးက ‘ ရတော့လဲ အမြတ်ဆိုပြီး ဝယ်ထားလိုက်တာ ။ တချို့ လေးငါးကွက် ဝယ်သမားတောင်ရှိတယ်၊ ပိုင်ရှင်ကတော့ မရှုံးဘူးလို့ အာမခံနေတာပဲ ‘ လို့ ပြောပါတယ်။
Credit: The Modern