တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် အိမ်သစ်ရောင်းအားသည် ပြီးခဲ့သည့်သီတင်းပတ်က လေးပတ်ဆက်တိုက်မြောက်အဖြစ် သတ်မှတ်စံချိန် စတုရန်းမီတာ ၁ သိန်းအောက်သို့ ဆက်လက်ကျဆင်းခဲ့ကြောင်း ယမန်နေ့က ထွက်ရှိလာသော ဈေးကွက်အချက်အလက်များအရ သိရသည်။
သို့သော်လည်း အစိုးရ မတည်သော တန်ဖိုးနည်းအိမ်ရာများမှအပ ပြီးခဲ့သည့်သီတင်းပတ် (အောက်တိုဘာ ၂၉ တွင် ကုန်ဆုံးခဲ့သော သီတင်းပတ်) အတွင်း ရောင်းချခဲ့ရသည့် အိမ်သစ်ဧရိယာသည် ယင်းမတိုင်မီသီတင်းပတ်ထက်မူ ၁၂ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်
လာခဲ့သည်။
ရောင်းချခဲ့ရသည့် ဧရိယာသည် စတုရန်းမီတာအားဖြင့် ၉၇,၀၀၀ ရှိခဲ့ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Shanghai Centaline Property Consultants Co က ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
မြို့စွန်ခရိုင်ဖြစ်သော ချင်ပူခရိုင်သည် ယင်းသီတင်းပတ်အတွင်း ပြိုင်ဘက်ခရိုင်များထက် သာလွန်၍ စတုရန်းမီတာ ၁၆,၀၀၀ ရောင်းချခဲ့ရသည်။ ယင်းမတိုင်မီသီတင်းပတ်ကထက် ၄၅ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ရောင်းချခဲ့ရခြင်း ဖြစ်သည်။
ကျားသင်းခရိုင်နှင့် ဖူသုံကွက်သစ်ရှိ နန်ဟွေတို့သည်လည်း စတုရန်းမီတာ ၁ သောင်းစီ ရောင်းချခဲ့ရကာ ရောင်းအားကောင်းခဲ့သည်။
"ရှန်ဟိုင်းမှာ ဈေးကွက်ထဲ ရောင်းလိုအားဆက်လက်ကျဆင်းနေတာကြောင့် အိမ်သစ်ရောင်းအားကလည်း ဆက်ကျနေမှာပါ။ လတ်တလောတော့ စတုရန်းမီတာ ၁ သိန်းအောက်မှာပဲ ရှိနေပါဦးမယ်" ဟု Centaline မှ အကြီးတန်းသုတေသနမန်နေဂျာ လုဝိန်စီက ပြောကြားခဲ့သည်။
မြို့တစ်ဝန်း ပြီးခဲ့သည့်သီတင်းပတ်က အိမ်ရာစီမံကိန်းတစ်ခုသာ အရောင်းဈေးကွက်ထဲ အသစ်ဝင်ရောက်လာခဲ့သည်။ ဧရိယာအားဖြင့် ၇,၄၀၀ စတုရန်းမီတာ ဖြစ်သည်။ ထိုသို့ ရောင်းလိုအားကျဆင်းနေသည်မှာ ပြီးခဲ့သည့်သီတင်းပတ်သည် သုံးပတ်ဆက်တိုက် ဖြစ်သည်။
အိမ်သစ်များကို ၁ စတုရန်းမီတာလျှင် ပျမ်းမျှ ၅၀,၂၉၀ ယွမ် (အမေရိကန်ဒေါ်လာ ၇,၅၅၃) နှုန်းထားဖြင့် ရောင်းချခဲ့ရခြင်းဖြစ်ပြီး ယင်းမတိုင်မီသီတင်းပတ်ထက် ၅ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com