မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးဒေသဖွံ့ဖြိုးရေး ဇုန်တစ်ခုကို ၂၀၁၈ နှစ်စပိုင်းတွင် ပြည်နယ် အစိုးရအဖွဲ့ ဦးစီးပြီး အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီး ချုပ်ဒေါက်တာ အေးဇံက ပြောသည်။
ယင်းဇုန်ကို ကျိုက်ထီးရိုး သာသနာ့နယ်မြေ ပိုမိုဖွံ့ဖြိုးရေး ပြုလုပ်ခြင်းဖြစ်ပြီး ဇုန်အတွင်း စီးပွားရေး မဆန်သော အပန်းဖြေစခန်းများ၊ ဟိုတယ်များ၊ ယာဉ်ရပ်နားစခန်း၊ ဆင်စခန်း၊ မြင်းစခန်း၊ တိရစ္ဆာန်ဥယျာဉ်စသည့် လုပ်ငန်းအမျိုးအစား ၂၀ ထည့်သွင်းမည် ဟု ၎င်းကဆိုသည်။
‘‘ဒီဇုန်ကို ဇန်န၀ါရီလောက် မှ အကောင်အထည်စဖော်မယ်။ အားလုံးပြည်နယ်အစိုးရက တာ ၀န်ယူပြီးလုပ်မယ်။ ကျိုက်ထီးရိုး ဘုရားဖူးက တစ်နှစ်ထက် တစ်နှစ်များ လာတယ်ဆိုတော့ ဒီဇုန်ကိုလုပ်တာဖြစ်တယ်။ ဘုရားဖူးများလာတယ်ဆိုပြီး ဒီအတိုင်းကြည့်နေလို့ မရဘူး။ ဘုရားဖူးများလာတာကို ပြည်နယ်အစိုးရ အနေနဲ့ စီမံဆောင်ရွက်ပေးရမယ်။ စားရေး သောက်ရေး၊ နေရေးထိုင်ရေး၊ ရေမီး၊ အမှိုက်အားလုံးလုပ် ပေးရမယ်။ စီမံကိန်းရဲ့ ကုန်ကျစရိတ်က ဘယ်လောက်ကုန်မယ် ဆိုတာ ပြောလို့မရသေးဘူး’’ဟု ဒေါက်တာအေးဇံက 7Day Daily သတင်းစာအား ပြောသည်။
ဇုန်ပြုလုပ်မည့်နေရာသည် ကျိုက်ထီးရိုးတောင်ခြေနှင့် နှစ်မိုင်ခွဲခန့်ဝေးပြီး အစိုးရပိုင်မြေ ဧက၅၀၀ ကျော် အသုံးပြုမည်ဖြစ်သည်။
စီမံကိန်း ကုန်ကျစရိန်ကို ပြည်နယ်အစိုးရ၏ ၂၀၁၈-၁၉ ဘတ်ဂျက်ဖြင့် အသုံးပြုမည်ဟု၎င်းက ဆိုသည်။
ကျိုက်ထီးရိုးစေတီကို နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့တွင် ဖွင့်လှစ်ပြီး ကဆုန်လပြည့်နေ့၌ ပိတ်ပွဲပြုလုပ်သည်။
ယခုနှစ် ဖွင့်ပွဲတွင် ဘုရားဖူးဧည့်သည် တစ်သိန်းခွဲကျော် လာရောက်ပြီး ၂၀၁၆ ဖွင့်ပွဲနေ့တွင် တစ်သိန်းခန့်သာ လာရောက်ခဲ့ကြောင်း ဂေါပကဦးအေးမြင့်သိန်းက ဆိုသည်။
ပြည်နယ်အစိုးရက အကောင်အထည်ဖော်မည့်ဇုန် ပြီးစီးပါက ကျိုက်ထီးရိုးဘုရားဖူးကားများ နှင့် တောင်တက်ကားများကို တောင်ခြေတွင် မရပ်နားစေတော့ဘဲ ဇုန်ထဲတွင်သာ ရပ်နားခွင့်ပြုမည်ဟု ဂေါပကတစ်ဦးက ပြောသည်။
‘‘အကယ်၍ ဒီစီမံကိန်းလုပ် မယ်ဆိုရင် ခရီးသွားတွေအတွက် ကောင်းတာပေါ့။ နေရာစုံ အား လုံးရှိတော့ ခရီးသွားတွေအတွက် အဆင်ပြေတာပေါ့။ အဓိကနိုင်ငံ ခြားဘုရားဖူးတွေအတွက် အရမ်း ကောင်းတယ်’’ဟု မွန်ပြည်နယ် အတွင်း ခရီးသွားလုပ်ငန်းလုပ် ကိုင်သူတစ်ဦးက ပြောသည်။
လတ်လလောတွင် ကျိုက်ထီးရိုးစေတီတော်နှင့် အနီးတစ် ၀ိုက်၌ ဆောင်နိုင်ကြီးရေတံခွန် အပါအ၀င် လည်ပတ်စရာနေရာ အချို့ ပေါ်ထွက်လာပြီး ပြည်တွင်း ခရီးသွားများ လည်ပတ်မှုများရှိနေသည်။
Credit: 7Daydaily