မန္တလေးမြို့တွင် စည်ပင်သာယာမှ သတ်မှတ်ခွင့်ပြုထားသည့် စည်းကမ်းချက်များနှင့် မညီဘဲ အဆောက်အအုံဆောက် လုပ်နေမှုများမှ ယခုဘဏ္ဍာနှစ် ခြောက်လအတွင်း ဒဏ်ကြေးကျပ် သိန်းတစ်သောင်းခွဲခန့်ရရှိကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီအဆောက်အအုံနှင့် ကုန်ရုံဌာန ဌာနမှူး ဦးဇော်ဝင်းက ပြောသည်။
အဆောက်အအုံဆောက် လုပ်ခွင့်မတင်ဘဲ ဆောက်လုပ်ခြင်း၊ ခွင့်ပြုချက်ထက်ကျော်လွန် ၍ဆောက်လုပ်ခြင်းနှင့် ခွင့်ပြုချက် မကျမီဆောက်လုပ်ခြင်းများကို အရေးယူခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။‘‘ခွင့်ပြုမိန့်ထက်ကျော်လွန် ပြီးဆောက်တာတွေကို အဓိက ဒဏ်ရိုက်နေရတယ်’’ဟု ဦးဇော် ၀င်းက ပြောသည်။
မန္တလေးမြို့တွင်း အဆောက်အအုံဆောက်လုပ်မည့်သူများအနေဖြင့် မြို့တော်စည်ပင်မှ ချမှတ် ထားသည့် စည်းကမ်းများကို အတိအကျလိုက်နာရန်လိုအပ်ပြီး ဆောက်လုပ်ခွင့်ကိုလည်း ကိုယ်တိုင် လာရောက်လျှောက်ထားရန်နှင့် ဆောက်လုပ်ခွင့်လျှောက် ထားရာတွင်မလိုအပ်ဘဲ ကြန့် ကြာမှုရှိပါက ကော်မတီသို့ လာ ရောက်တိုင်ကြားနိုင်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇော အောင်က ပြောသည်။
‘‘အိမ်ဆောက်မိန့်ကို ကိုယ် တိုင်လာတင်ကြပါ။ စုံစမ်းကြပါ။ အင်ဂျင်နီယာ၊ ပန်းရန်ဆရာတွေက ရပါတယ်လို့ ပြောတာတွေ နား မထောင်ကြပါနဲ့’’ဟု ၎င်းက
ပြောသည်။မန္တလေးမြို့တော်စည်ပင်သာယာနယ်နိမိတ် မြို့နယ် ခြောက်မြို့နယ်တွင်အဆောက်အအုံ တည်ဆောက်မည်ဆိုပါက စည်ပင်သာယာကသတ်မှတ်ထား သည့် စည်းကမ်းချက် ၁၇ ချက်ကို လိုက်နာရမည် ဖြစ်သည်။
အဆောက်အအုံများကို ဆောက်လုပ်ခွင့်မတင်ဘဲ ဆောက်လုပ်ခြင်းနှင့် သတ်မှတ်ဧရိယာ ထက် ပိုမိုဆောက်လုပ်ပါက တစ်စတုရန်းပေလျှင် ဒဏ်ကြေးငွေ ကျပ် ၁၅,၀၀၀ နှင့် စည်းကမ်းချက်နှင့်မညီဘဲ ဆောက်လုပ်နေသည်ကို စစ်ဆေးတွေ့ရှိ၍ လုပ်ငန်းရပ် ဆိုင်းခံရပြီး ဆောက်လုပ်ခွင့်ပြန် တင်လျှင် တစ်စတုရန်းပေလျှင် ကျပ် ၂,၅၀၀ ဒဏ်ရိုက်အရေးယူ ရန် စည်ပင်သာယာက သတ်မှတ်ထားသည်။
မန္တလေးတွင် စည်ပင်သာယာက သတ်မှတ်ထားသည့် စည်းကမ်းနှင့်
မကိုက်ညီဘဲ အဆောက်အအုံတည်ဆောက်လျှင် ယခင်ကတစ်ပေပတ်လည်လျှင် ကျပ် ၂၀၀ ဒဏ်ရိုက်အရေးယူရာမှပြီးခဲ့သည့် ဧပြီလမှစတင်ကာ တစ်ပေပတ်လည်လျှင် ကျပ် ၁၅,၀၀၀ ဒဏ်ကြေးတိုးမြှင့်ခဲ့သည်။
စည်ပင်သာယာကသတ်မှတ်ချက်များနှင့် မကိုက်ညီသော အဆောက်အအုံဆောက်လုပ်မှု များကိုလိုက်လံစစ်ဆေးအရေးယူ နေသည်ဆိုသော်လည်း ရာနှုန်းပြည့်စိစစ်အရေးယူနိုင်ခြင်းမရှိ သေးကြောင်း မန္တလေးမြို့ခံ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူ ဦးဝဏ္ဏစိုးက ပြောသည်။
မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနသည် တစ်နှစ်လျှင် အဆောက်အအုံဆောက်လုပ်ခွင့် ၄,၅၀၀ မှ
၆,၀၀၀ ကြား ခွင့်ပြုပေးရကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။
Credit: 7Daydaily