တရုတ်နိုင်ငံ၏ ကမ္ဘာ့ထိပ်တန်းအိမ်ခြံမြေဈေးကွက်ဖြစ်သော ရှန်ဟိုင်းမြို့တွင်
ပြီးခဲ့သည့် သီတင်းပတ်က အလယ်အလတ်အိမ်ရာ စီမံကိန်းများမှ
အဆင့်မြင့်အိမ်ရာစီမံကိန်းများအကြား ရောင်းလိုအား ပြန်လည်မြင့်တက်မှုနှင့်အတူ
အိမ်သစ်ရောင်းအား ပြန်လည်မြင့်တက်ခဲ့ကြောင်း ယမန်နေ့ (စက်တင်ဘာ ၂၅) က ထွက်ရှိလာခဲ့သော ဈေးကွက်အချက်အလက်များအရ သိရသည်။
အစိုးရ မတည်သော တန်ဖိုးနည်းအိမ်ရာများမှအပ အိမ်သစ်ရောင်းချရမှု
ဧရိယာသည် ၁၀၇,၀၀၀ စတုရန်းမီတာ ရှိခဲ့ပြီး ယင်းမတိုင်မီသီတင်းပတ်ထက် ၁၄ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ
Shanghai Centaline Property Consultants Co က ထုတ်ပြန်ခဲ့သည်။
မြို့စွန်ခရိုင်ဖြစ်သော ကျားသင်းခရိုင်က ၂ သောင်း ၁ ထောင် စတုရန်းမီတာ
ရောင်းချရမှုဖြင့် ရောင်းအား အကောင်းဆုံးခရိုင်ဖြစ်ခဲ့သည်။ ယင်းမတိုင်မီ
သီတင်းပတ်ကထက် ရောင်းအား ၆၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
အိမ်သစ်များအား ၁ စတုရန်းမီတာလျှင် ပျမ်းမျှ ၄၆၆၅၉ ယွမ် (အမေရိကန်ဒေါ်လာ ၇၀၄၈) ဖြင့် ရောင်းချခဲ့ရပြီး ၎င်းဈေးနှုန်းသည် ယင်းမတိုင်မီသီတင်းပတ်ထက် ၅ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း Centaline က ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း ရောင်းအားအကောင်းဆုံးစီမံကိန်းသည်ပင် ရောင်းချရမှု အခန်း
၁၀၀ ကျော်သာ ရှိသေးသဖြင့် အိမ်ဝယ်လက်များအကြား ၀ယ်လိုအားဆက်လက် နည်းပါးနေခဲ့သည်ကို တွေ့ရှိရကြောင်း Centaline မှ
အကြီးတန်းသုတေသနမန်နေဂျာ လုဝိန်စီက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်က ရှန်ဟိုင်းဈေးကွက်ထဲသို့ အိမ်သစ် စတုရန်းမီတာ ၁
သိန်းခွဲခန့် သိသိသာသာ ပြန်လည်ဝင်ရောက်လာခဲ့သည်။
"ရောင်းလိုအားပြန်လည်မြင့်တက်လာတဲ့အတွက် အိမ်သစ်ရောင်းအားဟာ
အခုလနောက်ဆုံးသီတင်းပတ်မှာလည်း မြင့်တက်နိုင်ပါတယ်။ ဒါပေမဲ့
စက်တင်ဘာတစ်လလုံးရဲ့ ရလဒ်အနေနဲ့ကတော့ ရှေ့သီတင်းပတ်တွေမှာ
ရောင်းလိုအားအရမ်းနည်းခဲ့တာကြောင့် အခြေအနေကောင်းမှာမဟုတ်ပါဘူး"
ဟုလည်း လုဝိန်စီက ပြောကြားခဲ့ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com