တိုက်တန်းနစ်ဇာတ်ကားကြီး၏ ဇာတ်ဝင်တေး My heart will go on ဖြင့် ကမ္ဘာကျော်ခဲ့သည့် ပေါ့ပ်ကြယ်ပွင့် စလင်းဒီယွန်းပိုင်ဆိုင်သည့် နေအိမ်ဖြစ်သော အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ ဂျူပီတာကျွန်းရှိ ပင်လယ်ကမ်းခြေ အပန်းဖြေစံအိမ်ကြီးကို ဝယ်ယူမည့် ဝယ်လက်ပေါ်ပေါက်လာပြီဖြစ်ကြောင်း နယူးယောက်အခြေစိုက်
အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယင်းစံအိမ်ကြီးသည် အရောင်းဈေးကွက်သို့ ရောက်နေခဲ့သည်မှာ ၄ နှစ်ခန့်ရှိခဲ့ပြီဖြစ်ပြီး ယခုအခါဈေးနှုန်း ထက်ဝက်ခန့် လျှော့ချပေးလိုက်ပြီး ကန်ဒေါ်လာ ၃၃ ဒသမ ၅ သန်းဖြင့် ဈေးတည့်သွားသည်ကြောင်း ဆောက်သ်ဘီ နိုင်ငံတကာ လေလံအဖွဲ့မှ အကျိုးဆောင်တစ်ဦးဖြစ်သူ
ဂျိုးဇက် မွန်တာနာရိုက အတည်ပြုသည်။
နောက်ဆုံးအကြိမ်ခေါ်ဈေးမှာ ကန်ဒေါ်လာ ၃၈ ဒသမ ၅
သန်းဖြစ်ပြီး လွန်ခဲ့သော ၄ နှစ်က ဈေးနှုန်းအောက် ၄၇ ရာခိုင်နှုန်း လျှော့ချပေးလိုက်ခြင်းဖြစ်သည်။
ခြံဝန်းအတွင်း ကြီးမားလှသော ရေကန်ကြီးများရှိသည့် စံအိမ်ကို ပြင်သစ်-ကနေဒါသွေးနှောသူ စလင်းဒီယွန်းက ခင်ပွန်းဖြစ်သူ ရီနေ အန်ဂျယ်လီနှင့်
အတူ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
အန်ဂျယ်လီ ပြီးခဲ့သော ၂၀၁၆ ခုနှစ်အတွင်း လည်ချောင်းကင်ဆာဖြင့် ကွယ်လွန်သွားခဲ့သည်။လွန်ခဲ့သည့် ၄ နှစ်ခန့်၊ ၂၀၁၃ ခုနှစ်အတွင်းက ဈေးခေါ်ခဲ့သည်မှာ ကန်ဒေါ်လာ ၇၂ သန်းအထိ ဖြစ်ခဲ့ပြီး မည်သို့မျှ ရောင်းမထွက်ခဲ့ချေ။
အိမ်နောက်ရှိ ဆင်ဝင်လမ်းမှာ ရေကန်တစ်ခုဆီသို့ တိုက်ရိုက်ဦးတည်ထားပြီး အဆိုပါကန်မှာ သာမာန်အိမ်နောက်ဘက် ရေကန်အားလုံးထက် ပိုမိုကြီးမားလေသည်။ခြံနောက်ဘက် ကလေးကစားကွင်း ပတ်လည်တွင် မြစ်တစ်စင်းကာ ရစ်ခွေစီးဆင်းနေပြီး ကြိုးတံတားတစ်ခုဖြင့် ဆက်သွယ်ထားသည်ကို တွေ့ရသည်။
ရေကူးကန်ဘေးတွင် ဧည့်ဂေဟာဆောင် ၂ ခုနှင့် အပန်းဖြေစတည်းချရာနေရာ ၅ ခု ပါဝင်သည်။ကစားကွင်းခန်းမများလည်း နေအိမ်အတွင်း ပါဝင်ရာ စားပွဲတင်ဟော်ကီ၊ ဘိလိယက်၊ ပြိုင်ကားဂိမ်းနှင့် အခြားဂိမ်းကစားစက်များစွာလည်း ပါဝင်သည်။
နေအိမ်ရှေ့ တွင်လည်း ရေကန်တစ်ခုပါဝင်ပြီး ရုပ်ရှင်ရုံခန်းမ၊ အားကစားလေ့ကျင့်ရေးခန်းမ၊ တင်းနစ်ကွင်းများအပြင် နောက်ဆုံးပေါ်ပစ္စည်းများ ထည့်သွင်းထားသည့် မီးဖိုဆောင်တို့လည်း ပါဝင်ကြောင်း ဈေးကွက်ကြော်ငြာထားမှုတွင် ဖော်ပြထားသည်။
နေအိမ်ကြီး၏ စုစုပေါင်းအကျယ်အဝန်းမှာ စတုရန်းပေ ၁၀၀၀၀ ရှိပြီး
အိပ်ခန်း ၁၃ ခန်း၊ ရေချိုးခန်း ၁၄ ခန်းအထိ ပါဝင်သည်။
စလင်းဒီယွန်းသည် လက်ရှိအားဖြင့် မိသားစုနှင့်အတူ လာ့စ်ဗီးဂပ်စ်တွင် နေထိုင်လျက်ရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)