ဗိတိန်သုတေသနအကြံပေးလုပ်ငန်း Economist Intelligence Unit (EIU) ၏ ယခုနောက်ဆုံးထွက်ရှိထားသည့် ကမ္ဘာ့ကုန်ကျစရိတ်ညွှန်းကိန်းစာရင်းအရ ကမ္ဘာ့ဈေးအကြီးဆုံးနှင့် ဈေးအပေါဆုံး
မြို့နေရာများကို အာရှမှ လွှမ်းမိုးခဲ့ကြောင်း သိရသည်။
မြို့အရွယ်အစားရှိသော နိုင်ငံဖြစ်သည့် စင်္ကာပူသည် ကမ္ဘာ့ကုန်ကျစရိတ်အများဆုံးမြို့အဖြစ်
ယခုနှစ်တွင်လည်း ထပ်မံဖော်ပြခံရပြန်ပြီဖြစ်သည်။ EIU ၏ ကမ္ဘာ့ကုန်ကျစရိတ်အကြီးဆုံးမြို့များ
စာရင်းတွင် စင်္ကာပူက ယင်းသို့ ထိပ်ဆုံးမှဗိုလ်စွဲလာခြင်းမှာ ယခုနှစ်နှင့်ဆို လေးနှစ်ဆက်တိုက်ရှိပြီဖြစ်သည်။
EIU သည် ထိုစာရင်းကို နှစ်နှစ်တစ်ကြိမ် ထုတ်ပြန်လေ့ရှိသည်။ ယခု ၂၀၁၇ ခုနှစ်စာရင်းတွင် ကမ္ဘာ့ဈေးအကြီးဆုံး ၁၀ မြို့တွင် ထက်ဝက်က အာရှမြို့များဖြစ်သည်။ ပထမနေရာတွင် စင်္ကာပူ၊ ဒုတိယနေရာတွင် ဟောင်ကောင် (တရုတ်)၊ စတုတ္ထနေရာတွင် အိုဆာကာ (ဂျပန်)၊ ဆဋ္ဌမနေရာတွင် ဆိုးလ် (တောင်ကိုရီးယား) တို့က အသီးသီးဖော်ပြခံခဲ့ရသည်။
ကမ္ဘာ့ဈေးအပေါဆုံး ၁၀ မြို့တွင်လည်း ထက်ဝက်ကျော်က အာရှမှပင် ဖြစ်သည်။ ပထမနေရာတွင်
အယ်မာတီ (ကာဇက်စတန်)၊ တတိယနေရာတွင် ဘန်ဂလိုး (အိန္ဒိယ)၊ စတုတ္ထနေရာတွင် ကရာချိ(ပါကစ္စတန်)၊ ဆဋ္ဌမနေရာတွင် ချန်နိုင်း
(အိန္ဒိယ)နှင့် သတ္တမနေရာတွင် မွမ်ဘိုင်း (အိန္ဒိယ) နှင့်
နယူးဒေလီ (အိန္ဒိယ) တို့က အသီးသီးဖော်ပြခံခဲ့ရသည်။
အ၀တ်အစား၊ အစားအသောက်၊ အိမ်သုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ ပို့ဆောင်ရေး၊
အိမ်ငှားခ၊ မီတာခကဲ့သို့ အခြေခံသုံးစွဲမှုအခများ၊ အိမ်အကူစရိတ်၊ ပုဂ္ဂလိကကျောင်းစရိတ်နှင့် အပန်းဖြေစရိတ် စသည်တို့ကို အခြေခံ၍ EIU က တွက်ချက်ကာ ထိုစာရင်းကို ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com