အမေရိကန်နှင့် တရုတ်တို့သည် အမေရိကန်ဒေါ်လာသန်းပေါင်းထောင်နှင့်ချီ၍
ချမ်းသာသည့် ကမ္ဘာ့ဘီလျံနာသူဌေးများ အများဆုံးရှိသည့် နိုင်ငံများဖြစ်သည့်တိုင်ထိုဘီလျံနာသူဌေးအရေအတွက်သည်
အမေရိကန်ထက် တရုတ်တွင် ပို၍ရှိပါသည်။
ယင်းသို့တရုတ်က အမေရိကန်ထက် သာလာသည်မှာ နှစ်နှစ်ဆက်တိုက်ပင်
ရှိပြီဖြစ်ကြောင်း Hurun ကမ္ဘာ့သူဌေးများ၂၀၁၇ ခုနှစ်စာရင်းက ယခုသီတင်းပတ်အတွင်း
သက်သေပြုထွက်ရှိလာခဲ့ပြီဖြစ်သည်။
တရုတ်ဘီလျံနာအရေအတွက်သည် ယခုအခါ ၆၀၉ ဦး ရှိပြီဖြစ်ကာ ၂၀၁၆ ခုနှစ်ဇန်န၀ါရီကထက် ၄၁ ဦး ပိုမိုတိုးပွားလာခဲ့သည်။ အမေရိကန်တွင်မူ ယခုအခါ ၅၅၂ ဦး
ရှိလာခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်န၀ါရီကထက် ၁၇ ဦးတိုးလာခဲ့သည်။
သို့သော်လည်း တရုတ်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ၀မ်ကျန်းလင်သည်ပင် ကမ္ဘာ့အဆင့်တွင်၁၉ သာ ရှိသည်ကို ထိုစာရင်း၌ တွေ့ရှိရသည်။ Dalian Wanda လုပ်ငန်းစုကြီး၏တည်ထောင်သူ ၀မ်သည် ယခုအခါ တရုတ်ယွမ် ၂၀၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၁ဒသမ ၆ ထရီလျံ) ပိုင်ဆိုင်မှုရှိကာ ၂၀၁၆ ခုနှစ် ဇန်န၀ါရီကထက် ၁၅ ရာခိုင်နှုန်း
တိုးလာခဲ့သည်။
အမေရိကန်ဘီလျံများကတော့ ကမ္ဘာ့အချမ်းသာဆုံးသူများဖြစ်ဆဲပင်ဖြစ်သည်။
အမေရိကန်ဒေါ်လာ ၈၁ ဘီလျံ ပိုင်ဆိုင်မှုဖြင့် ဘီလ်ဂိတ်က ထိပ်ဆုံးမှ ဦးဆောင်နေဆဲဖြစ်ကာ ဒုတိယနေရာတွင် ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်ကြီး ၀ါရင်းဘတ်ဖတ်နှင့်တတိယနေရာတွင် အမေဇွန်တည်ထောင်သူ ဂျက်ဖ်ဘက်ဇိုစ်တို့ ရှိသည်။ဖေ့စ်ဘွတ်ခ်တည်ထောင်သူ မာ့ခ်ဇက်ကာဘာ့ဂ်က ပဉ္စမနေရာသို့ မြင့်တက်ခဲ့ကာ
ဇာရာအ၀တ်အထည်လုပ်ငန်းဖြင့် ကျော်ကြားသည့် စပိန်စီးပွားရေးလုပ်ငန်းရှင်ကြီး
အမန်စီယို အော်တဂါက စတုတ္ထနေရာတွင် ရှိနေသည်။
အလီဘာဘာတည်ထောင်သူ ဂျက်မာကလည်း ပိုင်ဆိုင်မှု တရုတ်ယွမ် ဘီလျံ ၂၀၀ ဖြင့်တရုတ်၏ ဒုတိယအချမ်းသာဆုံးသူ ဖြစ်နေဆဲပင်ဖြစ်သည်။ တရုတ်၏ တတိယအချမ်းသာဆုံးသူမှာ SF Express နေရာရောက်ပို့ဆောင်ရေးဝန်ဆောင်မှုကုမ္ပဏီ၏ ဥက္ကဋ္ဌ ၀မ်ဝေဖြစ်သည်။ သူ၏ ပိုင်ဆိုင်မှုသည် အမေရိကန်ဒေါ်လာ ၂၇ ဘီလျံသို့ မြင့်တက်လာခဲ့သည်။
၎င်းစာရင်းသည် နိုင်ငံပေါင်း ၆၈ နိုင်ငံနှင့် ကုမ္ပဏီ ၁၈၁၁ ခုကို ကိုယ်စားပြုသည့် ဘီလျံနာ၂၂၅၇ ဦးကို စိစစ်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်းကမ္ဘာ့ဘီလျံနာများ၏ စုစုပေါင်းပိုင်ဆိုင်မှု
သည် ၂၀၁၆ ခုနှစ် ဇန်န၀ါရီကထက် ၁၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး စုစုပေါင်းအမေရိကန်ဒေါ်လာ ၈ ထရီလျံ ရှိလာခဲ့သည်။
ယင်းသည် ကမ္ဘာ့ဂျီဒီပီ၏ ၁၀ ဒသမ ၇
ရာခိုင်နှုန်းနှင့် ညီမျှသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com