အပျော်စီးသင်္ဘောကြီးများနှင့် အခြားလှေများမှာ ပင်လယ်ရေလက်ကြားများကြားတွင် ဖြတ်လမ်းမှသွားရောက်နိုင်ရန်
အတွက်နော်ဝေးကကမ္ဘာ့ပထမဆုံးသင်္ဘောဖြတ်ဥမင်လိုဏ်ခေါင်း
တည်ဆောက် ရန် ခွင့်ပြုပေးလိုက်ပြီဖြစ်သည်ဟု သိရသည်။ ၎င်းပရောဂျက်သည် ဒေါ်လာ ၃၁၉ သန်းကျသင့်မည်ဖြစ်သော်လည်း
မြောက်ပင်လယ်ရေနံနှင့် သဘာဝဓာတ်ငွေ့ချမ်းသာကြွယ်ဝမှုများကြောင့် နော်ဝေးက အလွယ်တကူအကုန်အကျခံနိုင်သည့် ငွေပမာဏဖြစ်သည်။
နော်ဝေးအနောက်ပိုင်းတွင် Stad ကျွန်းဆွယ်ကိုဖြတ်ဖောက်မည့် ဥမင်သည် Bergen မြို့နှင့် Kirkenes မြို့ကြားခေါက်တုံ့ခေါက်ပြန်ပြေးဆွဲနေရ
သောဧရာမHurtigrutenအပျော်စီးသင်္ဘောကြီးများဝင်ထွက်သွား
လာနိုင်လောက်အောင်ကြီးမားမည်ဖြစ်သည်။ ပေပေါင်း ၁၆၀၀
အမြင့်ရှိသည့် ကျွန်းဆွယ်တွင် Tarvaldsegga တောင်ကြီးကို ထင်ထင်ရှားရှားမြင်တွေ့နိုင်သည်။
လေကြောင်းကျကာ အန္တရာယ်များသည့်နေရာဖြစ်သောကြောင့် ဥမင်သည် သင်္ဘောများကို လေဒဏ်မှ အကာအကွယ်ပေးနိုင်မည်ဖြစ်သည်။ ၁၉၄၅ ခုနှစ်မှစတင်ကာ Stad ကျွန်းဆွယ်အနီးတစ်ဝိုက်ရေပိုင်နက်တွင်
သင်္ဘောပျက် ၄၆ ခုနှင့် သေဆုံးမှု ၃၃ ခု ရှိခဲ့သည်။ သင်္ဘောဖြတ်ဥမင်လိုဏ်ခေါင်းကို ၂၀၂၉ ခုနှစ်တွင်ဖွင့်လှစ်ပြီး
သည်နှင့် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်သည့်နေရာ ဖြစ်လာလိမ့်မည်ဖြစ်သည်။
လာမည့်နှစ်တွင် ဥမင်ဆောက်လုပ်ရေးလုပ်ငန်းများ
စတင်သွားမည်ဖြစ်ပြီး ဥမင်သည် အမြင့် ၁၄၈ ပေ၊ အကျယ်၁၁၈ ပေနှင့် အရှည်တစ်မိုင်ခန့် ရှိမည်ဖြစ်သည်။ တူးမြောင်းဆောက်လုပ်မည်ဆိုပါက ကျွန်းဆွယ်တွင်သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်ပျက်စီးမှုများ
ရှိနိုင်သောကြောင့် ဥမင်လိုဏ်ခေါင်းပရောဂျက်ကို
ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
ဥမင်လိုဏ်ခေါင်းမှ ကုန်တင်သင်္ဘောကြီးများ၊ အပျော်စီးသင်္ဘောကြီးများအပါအဝင် ၁၆၀၀၀ မက်ထရစ်တန်ကျော် သင်္ဘောကြီးများဝင်ရောက်နိုင်မည်ဖြစ်သည်။
ဗိသုကာပညာရှင် Snohetta ကဒီဇိုင်းရေးဆွဲထားသည့် ဥမင်ကို နော်ဝေးအစိုးရက ခွင့်ပြုလိုက်ပြီဖြစ်သော်လည်း လွှတ်တော်က အတည်ပြုရဦးမည်ဖြစ်သည်။ ဥမင်ကို သမားရိုးကျ ဖောက်ခွဲခြင်း၊လွန်ပူထိုးခြင်းနည်းလမ်းများဖြင့်သာ ဆောက်လုပ်သွားမည်ဖြစ်သည်ဟု သိရသည်။
Credit: PYI Myanmar