အမေရိကန်သမ္မတ ရော်နယ်ရေဂင်နှင့် ဇနီးဖြစ်သူ နန်စီရေဂင်တို့ အိမ်ဖြူတော်သို့ မရောက်မီက နေထိုင်ခဲ့သော ကယ်လီဖိုးနီးယား
ပြည်နယ်၊ Pacific Palisades နေအိမ်ကို
ကန်ဒေါ်လာ ၂၂သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်
တစ်ခုတွင် ဖော်ပြသည်။
၂၀၁၆ မေလအတွင်းက အဆိုပါနေအိမ်ကို ကန်ဒေါ်လာ ၃၃ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ခြင်းဖြစ်ရာ ယခုရောင်းလိုက်သော ဈေးမှာ ကန်ဒေါ်လာ ၁၁ သန်းခန့် နည်းပါးသွားသည်။
အိမ်ခြံမြေ Developer ဖြစ်သော Jaman Properties က ၂၀၁၃ ခုနှစ်
အတွင်း ကန်ဒေါ်လာ ၅ ဒသမ ၁၂ သန်းဖြင့် ဝယ်ယူခဲ့သည်။
အရောင်းဈေးကွက်တွင် ကန်ဒေါ်လာ ၃၃ သန်းဖြင့် အရောင်းတင်ခဲ့ပြီး ရောင်းမထွက်ခဲ့ဘဲရှိခဲ့ရာ ကြိမ်ဖန်များစွာ ဈေးနှုန်းလျော့ချပြီး နောက်မှ လွန်ခဲ့သော ဖေဖော်ဝါရီ ၁၇ ရက်တွင် ဝယ်လက်ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁၂၀၀၀ ကျယ်ဝန်းပြီး တစ်မြို့လုံးနှင့် တောင်တန်းများ၊ ပစိဖိတ်သမုဒ္ဒရာတို့ကို ကျယ်ပြန့်စွာ ရှုမြင်နိုင်သည့်မြင်ကွင်းရှိသည်။
အိပ်ခန်းတစ်ခန်းပါ ဧည့်ဂေဟာ၊ ဝိုင်ပုလင်း ၂၀၀၀ ဆန့် ဝိုင်သိုလှောင်ခန်း၊ ဟောလိဝုဒ်အကျော်အမော်များနှင့် ကမ္ဘာ့ခေါင်းဆောင်များကို ဧည့်ခံခဲ့သည့် မူရင်းမပျက်အရက်ဘားတို့ပါဝင်သည်။
ရေချိုးခန်းတစ်ခန်း၏ တံခါးမှာလည်း ရော်နယ်ရေဂင်အသုံးပြုခဲ့စဉ်ကရှိခဲ့သည့် မူရင်းတံခါးဖြစ်သည်။
ရော်နယ်ရေဂင်သည် မူရင်းနေအိမ်ကို ၁၉၅၀ ပြည့်လွန်ကာလများတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယင်းကာလက သရုပ်ဆောင်နှင့် ရုပ်မြင်သံကြားအစီအစဉ်များတွင် စီစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်နေသည့်ကာလဖြစ်သည်။
အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီး တစ်နှစ်အကြာတွင် ရော်နယ်ရေဂင်က အဆိုပါနေအိမ်ကို ရောင်းထုတ်ခဲ့သည်။
အရောင်းဈေးကွက်တင်သည့် ကုမ္ပဏီမှာ Westside Estate Agency ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)