ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းဘေးဝဲယာတွင် ကျူးကျော်ဆောက်လုပ်ထားသည့် ဓာတ်ဆီအရောင်းဆိုင်များ စားသောက်ဆိုင်များနှင့် ကုမ္ပဏီများ၏ စာရင်းကို ကောက်ယူနေပြီး လုပ်ငန်းရှင်များအား စည်ပင်သာယာဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
“အဓိကလမ်းမကြီးဘေး ပတ်ဝန်းကျင်ဝဲယာတွေမှာ အဆောက်အဦတွေ ဆောက်လုပ်နေတာတွေကို ရန်ကုန်မြို့တော်စည်ပင်က တရားဝင်ခွင့်ပြုထားတာ မရှိပါဘူး။ ဒါပေမဲ့ ကျူးကျော် ဆောက်လုပ်နေတာတွေကတော့ အများကြီးရှိပါတယ်။ ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးဥပဒေပုဒ်မ ၄၄၊ ၄၅၊ ၆၃(င)၊ ၆၃(စ)၊ ၆၇ အရ မည်သူမျှ ကော်မတီပိုင်မြေပေါ် ကော်မတီရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ ပစ္စည်းများပုံခြင်း၊ နေအိမ်ဆောက်လုပ်ခြင်း၊ တဲထိုးခြင်း စတဲ့ကျူးကျော်မှုတွေ ပြုလုပ်ပါက ရန်ကုန်စည်ပင်သာယာဥပဒေ ပုဒ်မ ၆၈၊ ၆၉ အရ တရားစွဲဆို အရေးယူဆောင်ရွက်သွားမယ်” ဟု ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင်နိုဝင်ဘာ ၁၆ ရက်က ကျင်းပပြုလုပ်သည့် တတိယအကြိမ်မြောက် အစည်းအဝေး၌ ဒဂုံမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ရန်ကုန်တိုင်း ဒေသကြီးအတွင်း အဓိကလမ်းမကြီးများ၏ ဘေးပတ်ဝန်းကျင်ဝဲယာရှိ လမ်းမြေများပေါ်တွင် ကုမ္ပဏီအသီးသီးတို့က ကျူးကျော် ဆောက်လုပ်မှုများကို သက်ဆိုင်ရာ ဌာနမှတရားဝင်ခွင့်ပြုထားပါက မည်ကဲ့သို့ အခွန်နှုန်းထားများဖြင့် သတ်မှတ်ခွင့်ပြုခဲ့သည်ကို သိရှိလိုကြောင်းနှင့် တရားဝင် ခွင့်ပြုထားခြင်းမရှိပါက မည်ကဲ့သို့ အရေးယူမည်ကို သိရှိလိုကြောင်း မေးမြန်းမှုအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက အထက်ပါအတိုင်းဖြေကြားသွားခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စက်တင်ဘာလအထိ ရန်ကုန်စည် ပင်သာယာလမ်းဧရိယာများတွင် ကျူးကျော်ဆောက်လုပ်ထားသောကြောင့် အရေးယူထားသောအမှုပေါင်း ၄၁၀ ရှိပြီး ဒဏ်ငွေကျပ် ၁၈ သိန်းကျော် ရရှိထားကြောင်း သိရသည်။
Credit:Tomorrow