အမေရိကန်ပြည်ထောင်စု၊ နယူးယောက်အခြေစိုက် wealthX ၏ စစ်တမ်းအရအာရှသည် ကမ္ဘာပေါ်ရှိမည်သည့်ဒေသထက်မဆိုဘီလျံနာဦးရေတိုးပွားမှု အလျင်မြန်ဆုံးဖြစ်ကြောင်းဖော်ပြသည်။
ယင်းစစ်တမ်းအရအမျိုးသမီးနှင့် အမျိုးသားဘီလျံနာအချိုးကွာဟမှုမှာလည်းပိုမိုကြီးမားလာသည်ဟုဆိုသည်။
wealthX ကထုတ်ပြန်လိုက်သောဘီလျံနာစာရင်းBillionaire Censusတွင် ဖော်ပြထားချက်အရကမ္ဘာပေါ်တွင် ဘီလျံနာပေါင်း ၂၄၇၃ ဦးရှိပြီဖြစ်ရာလူပေါင်း ၂ ဒသမ ၉၅ သန်းတွင် ဘီလျံနာတစ်ဦးနှုန်းဖြစ်သည်။
ဘီလျံနာအများစုမှာဥရောပမှဖြစ်သော်လည်းအာရှမှာဘီလျံနာသစ်များအလျင်မြန်ဆုံးတိုးပွားလာလျက်ရှိသည့် တစ်ခုတည်းသောဒေသ ဖြစ်သည်။
အာရှသည် ဘီလျံနာဦးရေတိုးပွားမှုတွင် ၁၅ ဒသမ ၂ ရာခိုင်နှုန်းနှင့် ချမ်းသာဓနတိုးပွားလာမှုတွင် ၁၉ ဒသမ ၆ ရာခိုင်နှုန်းတို့ဖြင့် အခြားကမ္ဘာ့နေရာများကိုဦးဆောင်လျက်ရှိသည်။
အာရှတွင် ဘီလျံနာဦးရေသည် ၆၄၅ ဦးအထိတိုးပွားလာပြီးစုစုပေါင်းဓနမှာကန်ဒေါ်လာ ၁ ဒသမ ၆၈၆ ထရီလီယံခန့် ရှိသည်။
တစ်ကမ္ဘာလုံးရှိဘီလျံနာတို့၏ စုစုပေါင်းကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၇ ဒသမ ၇ ထရီလီယံအထိစံချိန်တင်မြင့်တက်လာခဲ့သည်။
အမျိုးသမီးနှင့် အမျိုးသားဘီလျံနာတို့ အချိုးကွာဟမှုမှာ ကြီးမားလာခဲ့ရာအမျိုးသားဘီလျံနာ ၂၁၇၉ ရှိပြီးအမျိုးသမီးဘီလျံနာမှာမူ ၂၉၄ ဦးသာရှိနေသည်ကိုတွေ့ရသည်။
ယခုစာရင်းတွင် ဘီလျံနာသစ်ပေါင်း ၁၄၈ ဦးတိုးလာရာ၌ အမျိုးသမီးဘီလျံနာ ၈ ဦးသာ ပါဝင်သည်။
ငွေဖြစ်လွယ်မှုမှာ ၂၀၁၂ ခုနှစ်နောက်ပိုင်းကတည်းက မြင့်တက်လာလျက်ရှိပြီးလက်ရှိဘီလျံနာများ ကြွယ်ဝမှု၏ ၂၂ ဒသမ ၂ ရာခိုင်နှုန်းမှာငွေသားဖြင့် ဖြစ်သည်။
ထူးခြားသည့်အချက်မှာကမ္ဘာ့ဘီလျံနာတို့၏ ထက်ဝက်ကျော် (၅၆ ရာခိုင်နှုန်း) မှာကိုယ့်ဒူးကိုယ်ချွန် ချမ်းသာလာသူများဖြစ်ပြီး ၃၁ ရာခိုင်နှုန်းမှာကိုယ်တိုင်ကြိုးပမ်းမှုနှင့် အမွေရမှုတို့ ပေါင်းစပ်ထားခြင်းဖြစ်သည်။
ကိုယ့်ဒူးကိုယ်ချွန် ချမ်းသာလာသည့် ဘီလျံနာပေါင်း ၁၃၇၂ ဦးရှိပြီး ၎င်းတို့၏စုစုပေါင်းကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၄၃၄၀ ဘီလီယံရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)