တစ်နေ့မှာ သင်ဖြစ်ချင်တဲ့ ဘ၀မျိုးဖြစ်အောင် ဘယ်လိုလုပ်မလဲ

တစ်နေ့မှာ သင်ဖြစ်ချင်တဲ့ ဘ၀မျိုးဖြစ်အောင် ဘယ်လိုလုပ်မလဲ - Property Knowledge in Myanmar from iMyanmarHouse.com
30 Jun 2016 12:09 pm တွင် တင်ခဲ့သည်
2554 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

တစ်နေ့မှာ သင်ဖြစ်ချင်တဲ့ ဘ၀ကို ရောက်ရှိဖို့၊ ရောက်ရှိအောင် လုပ်နိုင်ဖို့အတွက် ဘာတွေကိုပြင်ဆင်ထားဖို့ လိုမလဲဆိုတာကို သိထားဖို့အရေးကြီးပါတယ်။ ကျွန်တော်တို့အားလုံးမှာ အတုယူ အားကျရတဲ့သူတွေ ရှိပါတယ်။ တစ်နေ့ သူ့လိုဖြစ်အောင်လုပ်မယ် (သို့) တစ်နေ့ဘာဖြစ်ရမယ်ကွ ဆိုပြီး စိတ်ထဲမှာ မှတ်ထားတာပဲဖြစ်ဖြစ်၊ မိတ်ဆွေ သူငယ်ချင်းများ ရှေ့မှာပြော ထားတာပဲဖြစ်ဖြစ် ရှိပါတယ်။ ဒါပေမယ့် တကယ့်ကိုဖြစ်အောင်လုပ်နိုင်သွားတဲ့ သူက အရမ်းနည်းပါတယ်။
ဘာဖြစ်လို့လဲဆိုရင် တစ်ချို့က လမ်းတစ်ဝက်မှာတင် စိတ်ပျက်အားလျော့သွားကြတယ်၊ တစ်ချို့ ကတော့ သွားရမယ့် လမ်းကို သေချာမသိလို့ မျှော်လင့်ထားသလိုဖြစ်မလာခဲ့ပါဘူး။ အဲဒီတော့ အောက်မှာပြောထားတဲ့ အချက် (၁၀) ချက်ကို လိုက်နာကျင့်သုံးလိုက်မယ်ဆိုရင် တစ်နေ့မှာ သင်ဖြစ်ချင်တဲ့ အရာကိုဖြစ်အောင်လုပ်နိုင်လာမှာဖြစ်ပါတယ်။

၁။ Know yourself (မိမိအခြေအနေကို မိမိသိခြင်း)
ကျွန်တော်တို့တွေ ငါကဘယ်သူ၊ဘာရာထူး၊ ဘာလုပ်ငန်း လုပ်နေတာ စသည်ဖြင့် အမျိုးမျိုးသော တွေးထင်မှုတွေနဲ့ ကိုယ့်ကိုယ်ကိုယ် သိတယ်လို့ထင်နေကြပါတယ်။ ကိုယ့်ကိုယ်ကိုယ်တကယ် သင်သိတာသေချာလားဆိုတာ သင်အခုဘယ် အနေအထားမှာရှိလည်း၊ အခုဘာတွေလုပ်နေလည်းဆိုတာကို ကြည့်ပြီးခန့်မှန်းလို့ရပါတယ်။ သင်ကဘယ်သူလည်း ဆိုတာသိဖို့အတွက် ဆိတ်ငြိမ်တဲ့နေရာမှာ ခဏလောက် သင့်ကိုယ်သင်မေးခွန်းတစ်ချို့ပြန်မေးကြည့်ပါ။ သင်ဖြတ်သန်းခဲ့တဲ့ အတိတ်မှာ ဘာတွေဖြစ်ပျက်ခဲ့လဲ၊ ဘယ်လိုနေရာတွေမှာ သင်ကောင်းမွန်စွာ လုပ်ဆောင်ခဲ့နိုင်ပြီး၊ ဘယ်လိုနေရာတွေမှာ အလွဲအချော်လေးတွေနဲ့ အားနည်းနေလည်း။ ပြီးတော့ အဲဒီအတိတ်မှာ ဘာတွေလေ့လာဖြစ်သလဲ သင်ဖြစ်ချင်တာကို ဖြစ်ဖို့ တဖြည်းဖြည်း နီးလာပြီလား၊ လမ်းကြောင်းတွေလွဲနေသလား စသည်ဖြင့် အချိန်ခဏပေးပြီး ပြန်မြင်ယောင်ကြည့်ပါ။ ဒါကသင် အတိတ်မှာ ဘာတွေဖြစ်ခဲ့လဲ၊ အခုဘာတွေဖြစ်နေလဲ၊ တစ်နေ့မှာ ဘာဖြစ်ချင်တာလဲ ဆိုတာကို သိဖို့အတွက် အများကြီး ထောက်ပံ့ပေးပါတယ်။
၂။ Have a big dream but start with small dreams (ကြီးမားတဲ့အိမ်မက် ရှိပါ - ဒါပေမယ့် သေးငယ်တဲ့ အိမ်မက်များနဲ့စတင်ပါ)
သင့်ကိုယ်သင် ပြန်လည်မြင်ယောင်ကြည့်ပြီးတဲ့အခါမှာ ငါ့မှာတော့ ဒီလိုအတွေ့အကြုံတွေရှိတယ်၊ ငါဖြစ်ချင်တာကတော့ ဘာဆိုတဲ့ ကြီးမားတဲ့အိမ်မက်ရှိလားလို့ ပြန်မေးကြည့်ပါ။ မရှိသေးဘူးဆိုရင် သင့်ကိုယ်သင်မေးခွန်းထုတ်ပါ။ တစ်နေ့ ကျရင် သင်ဘာဖြစ်ချင်တာလဲ၊ သမိုင်းပညာရှင်လား၊ ဥပဒေအကြံပေးလား၊ စီးပွားရေး အကြံပေးလား၊ သမ္မတလား၊ အောင်မြင်တဲ့ စီးပွားရေးသမားလား ရဲရဲမေးပါ။ ဒါပေမယ့် ဖြစ်နိုင်တဲ့အရာ ဖြစ်ဖို့တော့လိုပါတယ်။ မဖြစ်နိုင်တဲ့အရာကို ဖြစ်ချင်တယ်လို့ ရည်မှန်းချက်ထားပြီး ဖြစ်အောင်လုပ်ဖို့ အဆင်မပြေတော့မှ သင့်ကိုယ်သင် စိတ်ပျက်သွားနိုင်လို့ပါ။ အောင်မြင်ချင်တဲ့ စီးပွားရေးသမား ဖြစ်ချင်တယ် ဆိုပါစို့! ပထမဆုံး နောက်

(၂) နှစ်နေရင် အရင်းအနှီး ကျပ်သိန်း (၅၀)နဲ့ လည်ပတ်နေတဲ့ ကိုယ်ပိုင်အသေးစား စီးပွားရေး လုပ်ငန်းတစ်ခုပိုင်ဆိုင်ရမယ် ဆိုပြီးအိမ်မက်သေးသေးကို အရင်ချပြီး ဖြစ်အောင် လုပ်ဖို့လိုပါတယ်။ နောင်ဆယ်နှစ် ကြာရင်ဘာဖြစ်ရမယ်ဆိုတာကို (၂) နှစ် သို့ (၃) နှစ် စာ အိမ်မက်သေးသေးလေးများကို အရင်ချပြီး လုပ်ဆောင်ခြင်းဖြင့် နောင်ဆယ်နှစ်မှာ သင်ဖြစ်ချင်တာကို ဖြစ်အောင်ဖန်တီးယူနိုင်ပါတယ်။ နောင်ဆယ်နှစ်မှာ ဘာဖြစ်ရမယ်လို့မက်ထားတဲ့ အိပ်မက်တွေက အချိန်တွေကြာလာခဲ့လို့ ပြန်လည်ဆန်းစစ်ခြင်းမပြုလုပ်ခဲ့ရင် တဖြည်းဖြည်းနဲ့ ဝေး၀ါးလာတက်ပါတယ်။ ဒါ့ကြောင့် နှစ်အများကြီးအတွက် အိပ်မက်ကို နှစ်နည်းနည်းစီခွဲပြီး အိမ်မက်သေးသေးလေးတွေနဲ့ စတင်လိုက်ပါ။

၃။ Confidence in yourself (သင့်ကိုယ်သင် ယုံကြည်ပါ)
သင့်ကိုယ်သင်စိတ်ချယုံကြည်မှု ရှိဖို့ဆိုရင် သင့်မှာလုပ်နိုင်စွမ်းအရည်အချင်း နှင့် လက်တွေ့အတွေ့အကြုံ တွေရှိဖို့လိုအပ်ပါတယ်။ လုပ်နိုင်စွမ်းအရည်အချင်း (သို့) လက်တွေ့အတွေ့အကြုံ တစ်ခုခုမရှိဘူးဆိုရင် သင့်ကိုယ်သင် စိတ်ချယုံကြည်ခြင်း ဆိုတာဖြစ်မလာနိုင်ပါဘူး။ ဒါ့ကြောင့် သင့်မှာထိုက်သင့်တဲ့ လုပ်နိုင်စွမ်းအရည်အချင်းတွေ မရှိခဲ့ဘူးဆိုရင်လည်း မိမိအိပ်မက် ကိုအထောက်အကူဖြစ်စေမယ့် လုပ်နိုင်စွမ်းမျိုးရှိအောင် ဖြည့်ဆည်းထားဖို့ လိုပါတယ်။ ထိုသို့လုပ်နိုင်စွမ်းအရည်အချင်း ကိုဖြည့်ဆည်းနေရင်း တစ်ဖက်ကနေ ပြီးတော့ လက်တွေ့လေ့ကျင့် တာတွေလုပ်ကိုင်ခြင်းဖြင့် သင့်ကိုယ်သင်ယုံကြည်မှု တိုးတက်အောင် တည်ဆောက်ယူရပါမယ်။ မဖြစ်မနေသင့်ခေါင်းထဲ ရိုက်ထည့်ထားရမှာကတော့ “ သင့်ကိုယ်သင် မှ မယုံကြည်လျှင် ဘယ်သူမှ သင့်ကိုယ်ယုံကြည်မှာ မဟုတ်ပါဘူး” ။ ဒါပေမယ့် ယုံကြည်မှု လွန်ကဲခြင်းတော့မဖြစ်အောင် ဂရုစိုက်ဖို့လိုပါတယ်။

၎။ Have a plan (အစီအစဉ် ရှိရပါမယ်)
ကဲ အခုဆိုရင် သင့်ရဲ့ အိပ်မက်သေးသေးလေးတွေ ဖြစ်မြောက်လာဖို့အတွက် ဘာတွေလုပ်ဖို့လိုသေးလဲဆိုတာတွေကို ချရေးပါ။ ထိုထဲကမှ ဦးစားပေးအလိုက် ဘာကိုတော့ အရင်ပြုလုပ်သင့်တယ် ဆိုတာကို ရွေးချယ်ပြီး ဘယ်လိုသွင်းအားစုတွေ လိုနိုင်မလဲ ဆိုတာစဉ်းစားဖော်ထုတ်ပါ။ သွင်းအားစုနည်းနည်းနဲ့ အကျိုးဖြစ်ထွန်းမှုများ နိုင်တာကို စတင်ပြီးလုပ်ဆောင်ရ ပါမယ်။ သွင်းအားစုတွေကတော့ လူအင်အား၊ ငွေအင်အား၊ နည်းပညာအင်အား၊ အသုံးပြုရမည့် ပစ္စည်းအင်အား၊ စိတ်ဓာတ်အင်အား၊ ချိတ်ဆက်မှု အင်အား နှင့် အချိန်အင်အား တို့ဖြစ်ပါတယ်။ အစီအစဉ်လုပ်မနေပါဘူးကွာ ဖြစ်သလို လုပ်တာပေါ့ဆိုရင်တော့ ဖြစ်ချင်တဲ့ အိပ်မက် မဖြစ်ပဲ ဖြစ်သလိုအိပ်မက်ပဲဖြစ်လာပါလိမ့်မယ်။ အစည်းအဝေးတစ်ခုတောင်မှ သေချာမစီစဉ်ထားလျှင် ကမောက်ကမ ဖြစ်နိုင်ပြီး သင့်ရဲ့ဘ၀ဆိုရင်တော့ ပိုဆိုးသွားမှာပါ။ ဒါ့ကြောင့်မိတ်ဆွေ အသေးစိတ် မဟုတ်ရင်တောင်မှ သင်လျှောက်မယ့်လမ်းမှာ ဘယ်အဆင့်ပြီးရင် ဘယ်အဆင့်လုပ်မယ်ဆိုတဲ့ အဆင့်လိုက်အစီအစဉ် လေးတော့ ရေးဆွဲထားပါ။

၅။ Inspire and motivate yourself (သင့်ကိုယ်သင် တိုက်တွန်း နှိုးဆော်ပါ)
သင်ရဲ့ အိပ်မက်တွေဖြစ်လာဖို့အတွက် ပြုလုပ်ရမယ့် အရာတွေထဲကမှ လွယ်ကူမယ့်အရာတွေနဲ့စတင်ပါ။ ဒါဟာ သင့်ကိုယ်သင့် အိပ်မက်တွေဖြစ်အောင် လုပ်ဆောင်ဖို့အတွက် တိုက်တွန်း နှိုးဆော်ခြင်းဖြစ်ပါတယ်။ ပြီးတော့ သင်နှစ်သက်စွာ လုပ်ချင်တဲ့ အလုပ်တွေကနေစလုပ်ပါ။ တဖြည်းဖြည်း နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာပြီး ကိုယ်မလုပ် ချင်တာတွေ (သင့်ဘ၀အတွက်လုပ်ဖို့လိုသောအရာတွေ) ပါ စမ်းသပ်လုပ်ကြည့်လာနိုင်အောင် တိုက်တွန်းနှိုးဆော်လာ နိုင်ပါလိမ့်မယ်။ သင့်ရဲ့အိပ်မက် ကိုပြန်သတိရပေးပါ၊ ပြန်စဉ်းစားပေးပါ။ ဒါ့အပြင် သင်အားကျရတဲ့ သူတွေရဲ့ဘ၀တွေကို သတိရ ကြည့်ပါ။ ဒါဟာသင်ဖြစ်ချင်တာတွေဖြစ်အောင်လုပ်နိုင်ဖို့ အားဆေးတစ်ခွက်ပဲဖြစ်ပါတယ်။

၆။ Network (မိတ်ဖွဲ့ပါ)
တစ်နေ့မှာ သင်ဖြစ်ချင်တာ ဖြစ်လာဖို့ဆိုရင် သင့်မှာမိတ်ဆွေကောင်းတွေရှိဖို့လိုပါတယ်။ ဥပမာ သင်ဟာ တစ်နေ့မှာ အောင်မြင်တဲ့ စီးပွားရေးသမား ဖြစ်ချင်တဲ့သူတစ်ယောက်ဆိုပါတော့ သင့်မှာ သင်အိပ်မက်အတွက် တိုင်ပင်ဆွေးနွေးနိုင်မဲ့ မိတ်ဆွေတွေ အကြံညဏ်ယူလို့ရနိုင်မယ့်သူတွေ များများရှိခြင်းအားဖြင့် သင့်စိတ်ကူးတွေတစ်ကယ်ဖြစ်လာ ဖို့အတွက် အထောက်အပံ့ဖြစ်စေမှာပါ။ ဒါ့ကြောင့် မိတ်ဆွေကောင်းတွေကို ရှာဖွေမိတ်ဖွဲ့ထားဖို့လိုအပ်ပါတယ်။

၇။ Build Personal Development (သင့်ကိုယ်သင် ဖွံ့ဖြိုးအောင် တည်ဆောက်ပါ)
သင့်ကိုယ်သင် ဖွံ့ဖြိုးအောင် တည်ဆောက်ပါဆိုလို့ ခန္ဓာကိုယ်ဖွံ့ဖြိုးစေတဲ့ လေ့ကျင့်ခန်းတွေ လေ့ကျင့်ဖို့ပြောတာ မဟုတ်ပါဘူး။ သင့်အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ လိုအပ်နေတဲ့ အရည်အချင်းတွေ၊ တိုးတက်ဖို့လိုနေတဲ့ စွမ်းရည်တွေကိုတည်ဆောက်ဖို့ပြောတာပါ။ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်တော့ ဖြစ်ချင်တယ် အသေးစားစီးပွားရေး တစ်ခုစတင်ဖို့ဘာတွေလိုအပ်လည်းဆိုတာတောင်မသိရင် အဆင်မပြေပါဘူး။ ထို့အတူ လုပ်ငန်းတစ်ခု တိုးချဲ့ဖို့ ဘယ်လိုအချက်တွေ လိုအပ်လည်း မသိဘူးဆိုရင်လည်း မဖြစ်ပါဘူး။ ဒါ့ကြောင့် သင့်မှာ လိုအပ်နေတာတွေကို ဖွံ့ဖြိုးအောင် တည်ဆောက်ထားဖို့ လိုပါတယ်။

၈။ Read (စာဖတ်ပါ)
သင်တစ်နေ့မှာ ဘာပဲဖြစ်ချင်ဖြစ်ချင် သင်ဖြစ်ချင်တာဖြစ်နိုင်ဖို့ မဖြစ်မနေလုပ်ရမှာကတော့ စာဖတ်ရမှာပါ။ စာဖတ်တဲ့နေရာ မှာမှ သင့်အတွက် အကျိုးပြုမဲ့စာပေမျိုးကို ရွေးချယ်ပြီးဖတ်တာက ပိုပြီးတော့ သင့်အိမ်မက်အတွက် ပံ့ပိုးပေးနိုင်ပါတယ်။ အထွေထွေ ဗဟုသုတအတွက်၊ သင့်ဘ၀ရပ်တည်ရေး လုပ်ငန်းအတွက်၊ ကျန်းမာရေး၊ နိုင်ငံရေး ဒီအရာတွေအားလုံးကို စာဖတ်ခြင်းဖြင့် သင်သိနိုင်ပါတယ်။ ပြီးတော့ သင်ဟာ စာဖတ်ခြင်းကြောင့် အခြားစာမဖတ်သူတွေထက် ခေါင်းတစ်လုံး ပိုမြင့်နေသလို ခံစားရပါ လိမ့်မယ်။

၉။ Stay healthy (ကျန်းမာရေး)
“အာရောဂျံ ပရမံလာဘံ” ကျန်းမာခြင်းဟာ ကျွန်တော်တို့အားလုံးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဆုလဒ်တစ်ခုပါ။ ယနေ့ အောင်မြင်နေတဲ့လူတွေကို ကြည့်လိုက်ပါ။ သင့်တင့်တဲ့ကျန်းမာရေးလိုက်စားမှုတွေရှိတာကို သင်တွေ့ရပါလိမ့်မယ်။ သင်ဘယ်လောက် ပဲအောင်မြင်ပါစေ ကျန်းမာရေးမကောင်းရင် အောင်မြင်မှုရဲ့ အသီးအပွင့်တွေကို ကောင်းကောင်းခံစားနိုင် မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်ကျန်းမာရေးကို ထိခိုက်နိုင်မယ့် အရာတွေကို သတိထားဖို့လိုပါတယ်။ ပြီးတော့ သင်နှစ်သက်ရာလေ့ကျင့်ခန်းကို ပုံမှန် လေ့ကျင့်ပေးခြင်းဖြင့် သင့်ကျန်းမာရေးကို ထိန်းသိမ်းနိုင်ပါတယ်။ အောင်မြင်ချင်တဲ့ လူတစ်ယောက်အတွက် ကျန်းမာခြင်း ဆိုတာ မဖြစ်မနေ လိုအပ်တဲ့ အရေးကြီးတဲ့ အရာတစ်ခုပါ။

၁၀။ The earlier you start, the farther you can go (သင်စောစော စတင်နိုင်လေ ဝေးဝေးကို ပိုရောက်အောင်သွားနိုင်လေပါပဲ)
သင်တစ်နေ့မှာ ဖြစ်ချင်တဲ့အရာ ဖြစ်ဖို့ဆိုရင်တော့ ဟိုတစ်ခု မပြည့်စုံသေးလို့၊ အချိန်မရှိသေးလို့၊ နောက်လမှလုပ်မယ် စသည်ဖြင့် အချိန်ဆွဲ နေတာတွေကိုရပ်ပြီးတော့ အခုပဲစတင်ဖို့လိုအပ်ပါတယ်။ သင်တစ်ရက်စောပြီး စတင်နိုင်ရင် သင့်တစ်နေ့မှာ ဖြစ်ရမယ် လို့မျှော်လင့်ထားတဲ့အရာကို တစ်ရက်စောပြီးမြန်မြန်ဆွတ်ခူးနိုင်မှာပါ။ ဒါ့ကြောင့် သင်ဒီနေ့ပဲ သင့်မှာရှိတဲ့ အရာတွေနဲ့ လုပ်လို့ရတာတွေကို အရင်လုပ်ထားဖို့လိုပါတယ်။ အားလုံးပြည့်စုံမှ စတင်လုပ်ဆောင်မယ် ဆိုရင်တော့ ရပ်တန့်မနေတဲ့ အချိန်နာရီတွေက သင့်ရဲ့နုပျိုမှုနဲ့ အခွင့်အရေးတွေကို ၀ါးမြိုသွားပါလိမ့်မယ်။ စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ စတင်ဖို့ အကောင်းဆုံး အချိန်က အခုအချိန်ပါပဲမိတ်ဆွေ။ အခုပဲ တစ်ချက်လောက် အသက်ခပ်ပြင်းပြင်းရူပြီး စတင်လိုက် ပါတော့..။
ဒီအချက် (၁၀) ချက်ကတော့ သင့်အိပ်မက်တွေ တကယ်ဖြစ်လာမယ် လို့ပြောလို့ရပါတယ်။ တကယ်လုပ် အဟုတ်ဖြစ်ပါတယ်၊ သင့်အနေနဲ့ တစ်ချိန်မှာ သင်ဖြစ်ချင်တာဖြစ်ဖို့ အခုအချိန်မှာ အနစ်နာခံပြီး စတင်အကောင်အထည်ဖော်ဖို့လိုပါတယ်။ သင်ဖြစ်ချင်တဲ့အိမ်မက်က ကြီးမားတယ် ဆိုရင် ပိုပြီးစနစ်တကျလုပ်ဖို့လိုပါတယ်။ ကျွန်တော်တို့အများစုကတော့ ဖြစ်ချင်တာတော့ရှိပါတယ် နောက်ဆက်တွဲအလုပ်ကမပါတော့ ဖြစ်ချင်လိုက်တာ ဆိုတာနဲ့ တင်ရပ်တန့်သွားကြတယ်။ မေးပါရစေ သင်ကော သင့်ရည်မှန်းချက်၊အိမ်မက်တွေကို ဖြစ်အောင်လုပ်မလား ဒါမှမဟုတ် ဖြစ်ချင်လိုက်တာ ဆိုတာနဲ့တင် ရပ်တန့်သွားမှာလား……?

Credit : Myanmar-network.net

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
Magical World
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service