(တစ်)
‘‘ပြီးခဲ့တဲ့ ၉ နှစ်လောက်က ဒီအိမ်ဝင်းလေးကို ကျွန်မ ဝယ်လိုက်တာ။ ၁၅ သိန်းနဲ့။ ပေ ၆၀ × ၈၀ ကျယ်တယ်။ အခု အဲဒီဝင်းကို တစ်ဝက်ခွဲပြီး ပေ ၄၀ × ၆၀ တစ်ခြမ်း ရောင်းမယ်။ သိန်း ၃၀၀၊ တစ်ပြားမှ မလျှော့နိုင်ဘူး’’ မုံရွာမှာရှိတဲ့ အသိတစ်ယောက်က ပြောပြနေတာပါ။
ကျပ်ငွေ ၁၅ သိန်းတန် မြေကွက်တစ်ကွက်ဟာ ၉ နှစ်အတွင်းမှာ အဆောက်အအုံဆောက်လုပ်ခြင်း၊ လူနေထိုင်ခြင်း အလျှင်းမရှိပါဘဲ ကျပ်သိန်း ၆၀၀ ပေါက်ဈေးအထိ အဆ ၄၀ မြင့်တက်သွားတဲ့ သဘောပါပဲ။ ဒီလိုအနေအထားကို မြန်မာပြည် ဒေသအသီးသီးရှိ မြို့ပြကျေးလက်တွေအထိ တွေ့ကြရနိုင်ပါတယ်။
အိမ်ခြံမြေဝင်းတစ်ဝင်းဟာ ပင်ကိုမြေကွက်လပ်အရိုင်း အဆင့်မှာပဲ လက်ပြောင်းလက်လွှဲပိုင်ဆိုင် ရောင်းချမှုစာချုပ်စာတမ်း အဆင့်ဆင့်နဲ့ အကြိမ်ပေါင်းများစွာ ရောင်းကြ၊ ဝယ်ကြတာကိုလည်း တွေ့နိုင်ပါတယ်။ မြေလှောင်မြေစု၊ မြေရောင်းမြေဝယ်၊ မြေပွဲစား၊ မြေနဲ့လုပ်စား၊ မြေနဲ့ကြီးပွားနေကြသူတွေကလည်း အလွှာမရွေး၊ နေရာမရွေး ရှိနေပါတယ်။
(၂)
‘‘လမ်းလေးကို ဖြူးဖြူးဖြောင့်ဖြောင့် ဖြစ်အောင် မြေတင်မြေဖို့ပြီး ခင်းချင်နေတာ ကြာပြီဗျာ။ တချို့အိမ်က ကျသင့်ငွေကို ရှောရှောရှူရှူထည့်ချင်တယ်။ လမ်းထဲမှာ အိမ်ရာလုံးဝဆောက်မထားတဲ့ ခြံဝင်းတွေလည်း ရှိနေတယ်။ တချို့ဝင်းပိုင်ရှင်တွေကို ဘယ်လိုမှ ဆက်သွယ်လို့ မရဘူး။ တချို့ကလည်း လူမနေလို့ ဆိုပြီး ငွေမထည့်ချင်ကြဘူး။ သူတို့က မထည့်တော့ လက်ရှိလမ်းထဲမှာ နေနေတဲ့သူတွေကလည်း မထည့်ချင်ကြတော့ဘူး။ ဒါနဲ့ပဲ လမ်းက အခုအထိ ရုပ်လုံးပေါ်မလာဘူး’’
တက္ကသိုလ်များနဲ့ မြို့လယ်ဧရိယာအကြား လူစည်ကားနေပြီဖြစ်တဲ့ ရပ်ကွက်အတွင်း အနေအထားတစ်ခုပါ။ လူနေရန် အိမ်ခြံမြေများကို လူမနေ၊ အိမ်မဆောက်ဘဲ ကုန်စည်တစ်ခုလို အရင်းအနှီးပြုကာ ဒီအတိုင်းပစ်ထားကြတဲ့စနစ်က တွင်ကျယ်အလုပ်ဖြစ်နေဆဲ။ ဒီအတွက် မြေကွက်အလွတ် ပိုင်ရှင်တွေက အကျိုးအမြတ်ရကြတယ်။ မြေကွက်အလွတ်တွေအကြား အမှန်တကယ်နေထိုင်သူများကဖြင့် အခက်အခဲတွေပေါင်းစုံ။
လမ်းမပေါက်၊ လမ်းမသာ၊ ရေမစီး၊ မြောင်းမပွင့်၊ ဓာတ်တိုင်ကိစ္စ၊ ဗွက်အိုင်ကိစ္စ၊ အမှိုက်ပုံကိစ္စ၊ ချုံနွယ်ပိတ်ပေါင်းကိစ္စများကြောင့် ကျန်းမာရေးဆိုင်ရာ၊ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်ကြရပါတယ်။ အိမ်ဝင်းမြေကွက်လပ်များ၊ လူနေအိမ်များအကြားမှာ နှစ်ရှည်လျားစွာ တည်ရှိနေနိုင်ခြင်းဟာ မြို့ပြစီမံခန့်ခွဲမှုကို စိန်ခေါ်လျက် ရှိပါတယ်။
(၃)
‘‘ဒီရပ်ကွက်က အိမ်ဝိုင်းတွေကို ၁၉၉၃ ခုနှစ်မှာ မြေဂရန်စပြီး ချထားပေးခဲ့တာပါ။ နှစ် ၃၀ ဂရန်ပါ။ ဂရန်သာ နှစ်အစိတ် ပြည့်တော့မယ်။ အိမ်မြေကွက်တွေက ဒီအတိုင်းအလွတ်ကြီး ရှိနေသေးတယ်။ ဒီနောက်ပိုင်းနှစ်တွေမှာလည်း မြို့ဧရိယာ၊ မြို့နယ်နိမိတ်ကို တရားဝင်ချဲ့ထွင်တိုးမြှင့်ပေးတာရှိတယ်။ တချို့ရပ်ကွက်အစိတ်အပိုင်းတွေမှာက အိမ်ဝင်းတွေသာ ပြည့်သွားတယ်။ အိမ်တွေ ပြည့်မလာဘူး။ လူတွေက အိမ်ဝင်းအလွတ်ကို အလုအယက်ဝယ်ဖို့ပဲ စိတ်ဝင်စားကြတာ။ အိမ်ဆောက်ဖို့၊ လူနေဖို့ မဟုတ်ဘူး။ တကယ်နေချင်တဲ့သူ၊ တကယ်လိုအပ်တဲ့သူအတွက် ဈေးတွေက အဆမတန်တက်လာတော့တာပဲ’’
မိတ်ဆွေတစ်ဦးက ပြောပြပါတယ်။ အိမ်ဝင်းခြံမြေအလွတ်ဈေးက ၃ လ၊ ၆ လ၊ ၁ နှစ်အတွင်းမှာ ကျပ် ၅ သိန်း၊ ၁၀ သိန်း၊ သိန်း ၅၀ ဆိုသလို ကြိုက်ရောင်းကြိုက်ဝယ် တက်ဈေးပဲ ရှိနေနေပါတယ်။ ‘‘ဘယ်မြို့၊ ဘယ်ရွာရောက်ရောက် မြေဝယ်ထား မမှားဘူး’’ လို့ ပြောတတ်ကြပါတယ်။ လက်တွေ့ ငွေကြေးအမြတ် သေချာတာကြောင့် ပြောသလိုလည်း ဟုတ်နေပါတယ်။
မြေဝယ်မြေစုကြတဲ့ကိစ္စက ဆယ်စုနှစ်များစွာ ကြာပြီလို့ ဆိုရမှာပါ။ အခုအထိ ဆက်လက်ခိုင် မြဲကြီးထွားနေဆဲလည်း ဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ မနစ်နာရအောင်၊ စည်းလွတ်ဝါးလွတ် ပရမ်းပတာလည်း ဖြစ်မနေရအောင် စနစ်တကျထိထိမိမိ ဖြေရှင်းဖို့ အရေးကြီးပါတယ်။
(၄)
ကုန်စည်ထုတ်လုပ်မှု၊ နည်းပညာဝန်ဆောင်မှု စတဲ့ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးစေမှုကို အထောက်အကူပြုနိုင်မယ့် လုပ်ငန်းတွေ အားကောင်းဖို့ လိုအပ်ပါတယ်။ ဒါမှ နိုင်ငံတကာအလယ်မှာ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုနဲ့ ယှဉ်နိုင်မှာပါ။
လယ်ယာဥယျာဉ်ခြံမြေ၊ အိမ်ဝင်းနေရာတွေဟာ ဘယ်လိုမှ ပိုကျယ်၊ ပိုများလာမှာ မဟုတ်ပါဘူး။ လူဦးရေနဲ့ အခြားအခြားသော လိုအပ်ချက်များကသာ အရှိန်အဟုန်နဲ့ များပြားနေမှာ ဖြစ်ပါတယ်။ အနာဂတ်လူဦးရေနဲ့ အနာဂတ်လိုအပ်ချက်များ၊ အနာဂတ်မှာ ရပ်တည် နေထိုင်ရှင်သန်နိုင်ခွင့်များဟာ တိုင်းပြည်ရဲ့ ကိုယ်ခံအားကို စစ်ဆေးမယ့်အရာများ ဖြစ်ပါတယ်။ ဒီအတွက် မှန်ကန်တဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများနဲ့ ပြင်ဆင်ထားကြဖို့လိုပါတယ်။
လယ်တွေ၊ ယာတွေက အကွက်ရိုက်မြေအဖြစ် လည်းကောင်း၊ ရပ်ကွက် မြို့ပြအိမ်ခြံဝင်း အလွတ်များက ခဏခဏဝယ်ရောင်း လှောင်ကုန်အဖြစ်လည်းကောင်း အရှိန်ကောင်းနေသမျှ လူတွေက မြေဝယ်မြေစု၊ မြေပိုင်ဆိုင်မှု လုကြဖို့ပဲ အရေးစိုက်နေကြမှာပါ။ သိန်း ၁၀၀၊ သိန်း ၂၀၀ စုမိလာကြတဲ့အခါ၊ အလုပ်အကိုင်ရာထူးနေရာ ပြောင်းရွှေ့ရောက်ရှိလာကြတဲ့အခါ၊ လက်လှမ်းမီသမျှ မြေဈေး စနည်းနာပြီး ပွဲတည့်ကြတဲ့အခါ အလွှာအသီးသီးက ပုဂ္ဂိုလ်ကြီးကြီးငယ်ငယ်ဟူသမျှတို့သည် မြေကို ချစ်လျက် မြေကိုစုဆောင်း ဝယ်ရောင်း လုပ်ကိုင်လျက် ရှိကြပါကြောင်း။
Credit : 7Day News