ကိုလိုနီခေတ်တိုက်အိမ်များကား ရှင်း၏။ မြေညီထပ်ကြမ်းပြင် သည် လမ်းထက် နှစ်ပေခန့်အနည်းဆုံးမြင့်သည်။ လမ်းက ကတ္တကာလမ်း။ လမ်းတစ်ဖက်တစ်ချက် တွင် ရေဆိုးမြောင်းနှစ်ခု ပတ်ရံတည်ရှိသည် ။ရေဆိုးမြောင်းလွန်သော် တိုက်ခန်းဥပစာတံစက်မြိတ်နယ်နိမိတ်အစ။ ထိုနယ်နိမိတ်အစမှ အိမ့်ကြမ်းပြင်သို့ တစ်ထွာခန့်မြင့်သောအဆင့် အနည်းဆုံး နှစ်ဆင့်မှ သုံးဆင့် ကျော်ဖြတ်ပြီးပါမှ မြေညီထပ်၏အိမ့်ကြမ်းခင်းကို ခြေချနိုင်ချိမ့်မည်။ ဤသည်က ရှေးမြန်မာသစ်သားအိမ်များ၏ ကြမ်းခင်းအနေအထားအပေါ် အခြေခံတည်ဆောက် ထားခြင်း။ အချို့တိုက်များက မြောင်းဖုံးကျောက်ပြားပေါ် မှတက်တက်ချင်းအဆင့်ကို လှေကားထစ်နှစ်ထစ်ဖြင့်စတင်ဖွဲ့စည်းပြီး အိမ့်ကြမ်းပြင်နှင့်တစ်ပြေးတည်း ဖိနပ်ချွတ်အဆင့်ကို ခပ်ကျယ်ကျယ်ယူထား၏။ အချို့တိုက်များကျတော့ ပလက်ဖောင်းကျောက်ပြားမှစတက်တက်ချင်းအဆင့်တစ်ထပ်ကို ဖိနပ်ချွတ်အဖြစ် ခပ်ကျယ်ကယ်ယူထားကာ ဖိနပ်ချွတ်မှအိမ့်ကြမ်းပြင်အထိကို နောက်အဆင့်တစ်ထစ် မြှင့်ထား၏။
ပုံစံဆွဲသူဗိသုကာ၏အမြင်နှင့် ဆောက်လုပ်သူပန်းရန်ဆရာတို့ညအမြင် ကွဲပြားမှုအရ ပုံသဏ္ဌာန်ချင်းကွာခြားသွားသော်လည်း လမ်းနှင့်အိမ့်ကြမ်းပြင် တစ်ပြေးညီမဟုတ်ဘဲ အနည်းဆုံး တစ်ပေခွဲ၊ နှစ်ပေခန့် ကြမ်းပြင်ကိုမြှင့်ထားခြင်း ဟူသော အနှစ်သာရကတော့ အတူတူပင်ဖြစ်သည်။ သည်တော့ မြောင်းများ ရေစီးရေလာမကောင်းသဖြင့် ရေများလျှံသည်ထားဦး ကတ္တရာလမ်းကိုသာ ဖုံးလွှမ်းချင်ဖုံးလွှမ်းသွားမည် အိမ်ထဲသို့ရေ၀င်သည်ဆိုတာက ရှိဖူးခဲ့သည်မဟုတ်။ လမ်းမကြီးမျက်နှာပြု လမ်းမတန်းတိုက်များဆိုလျှင်လည်း သည်အတိုင်း။ သူတို့ကျတော့ လမ်းမပလက်ဖောင်းပေါ်အခြေပြုကာ တည်ဆောက်ထားသည့်တိုင် ပလက်ဖောင်းနှင့် မြေညီထပ်အိမ့်ကြမ်းပြင် တစ်ပြေးတည်း၊ တစ်ညီတည်းမဟုတ်သဖြင့် ရေကြီးရေလျှံသည့်တိုင် အိမ့်ကြမ်းပြင် ရေမခ။
မိုးကလေး ညိုလာရင် လွမ်မျက်ရည်လေးလည် ဆိုသောသီချင်းကို ရင်ထဲအသည်းထဲမှ လှိုက်လှိုက်လှဲလှဲ ဆိုညည်းနေသူများကတော့ ရန်ကုန်မြို့ပြတိုက်ခန်း များ၏ မြေညီထပ်နေလူတန်းစားများ ဖြစ်ကြမည်ထင်သည်။ သူတို့ မိုးပေါ်မျှော်ကြည့်နေကြသည်မှာ မိုးကိုရွာစေချင်လွန်းလှ၍မဟုတ်။ မရွာစေချင်သောစေတသိက်ဖြင့် မိုးကောင်းကင်သို့မျှော်ကြည့်နေခြင်းသာ။ အထူးသဖြင့် ပင်လယ်ပြင်မှာမုန်တိုင်းများတွေဖြစ်ဖို့ ရေဒီယိုမှာလာရင် ရင်တုန်တယ်ဟု ရင်တွင်းစကားအသီးသီးကို အသံတိတ်ဆိုညည်းနေမိကြမြဲ။ အကြောင်းမဲ့ ဤသို့ဖြစ်ရခြင်းတော့မဟုတ်။ သူတို့မှာက မိုးကိုစိုးရွံ့ ရခြင်းအတွက် အကြောင်းပြချက် ခိုင်ခိုင်လုံလုံရှိသည်။ ထိုအကြောင်းပြချက်ကား အခြားတော့မဟုတ်၊ ရေများများပါအောင်ရွာချသောမိုး နာရီဝက်ခန့်သာမတိတ်ဘဲရှိလို့ကတော့ သူတို့နေရာ မြေညီထပ်အိမ်ဂေဟာသည် ရေလွှာပြင်ဖွေးဖွေးလှုပ်သွားသော ရေပေါ်ဂေဟာအဖြစ် အသွင်ပြောင်းသွားနိုင်ခြင်းကြောင့်ပေတည်း။
ခုခေတ်မှာတော့ သည်လိုမဟုတ်ပြီ။ မြေညီထပ်ကို စခင်းကတည်းက မြောင်းဖုံးကျောက်ပြားနှင့်တစ်ညီတည်း ခင်းထားသည်။ မြောင်းထဲမှရေတွေက သူ့အရှိန်နှင့်သူ သေသေ၀ပ်ဝပ်စီးဆင်းနေသည်ဆိုက အကြောင်းမဟုတ်။ မြောင်းနှုတ်ခမ်းစပ်ကိုကျော်လွန်ပြီးလျှံတက်လာပါမူ လျှံဦးစရေမျက်နှာပြင်က အိမ့်ကြမ်းပြင်ကို ကလူ၏သို့မြှူ၏သို့။ အဲ . . . တက်လာသောရေက တစ်စထက်တစ်စ ပိုမြင့်လာပြီဆိုလျှင်တော့ အိမ်ကြမ်းပြင်တစ်ခုလုံး ရေအပြင်ဖုံးလွှမ်းပြီသာမှတ်။ သည်ကြားထဲ လမ်းမှ မောင်းသွားသော မော်တော် ကားများ၏အရှိန်ဖြင့် ဖြစ်တည်လာသော ရေလှိုင်းများက အိမ်ကြမ်းပြင်ရှိ အိမ်သုံးပစ္စည်းများကို အတွန်းတွန်း အတိုက်တိုက်။ ကလေးများကတော့ ရေပြင် ပါးပါးဖုံးလွှမ်းထားသော အိမ့်ကြမ်းပြင် ကိုကြည့်၍ ပျော်ကြသည်။ သူတို့စိတ်ထဲမှာ လေယာဉ်ပျံမစီး၊ ကားမစီးရဘဲ ငပလီ၊ ချောင်းသာ၊ ငွေဆောင် တို့သို့ ရောက်နေသည့်အလား အောက်မေ့ကြသည်ထင့်။ လူကြီးတွေကတော့ စိတ်ညစ်ရသည်။ ၀င်လာသောရေတွေက ရေကြည်ရေသန့်မဟုတ် မြောင်းထဲတွင် တစ်နှစ်ပတ်လုံးနီးပါး အောင်းနေ၊ ၀ပ်နေသော ရေပုပ်ရေသိုး ရေဆိုးများကို မိုးက ဖျော်ချလိုက်သဖြင့် လျှံတက်လာသော ရေများ။ ကားပေါင်းစုံ ဥဒဟိုသွားနေသော လမ်းမကြီးပေါ်မှ အညစ်အကြေးအမှိုက်သရိုက်ပေါင်းစုံ စရနယ်ကာ ရေဖျော်ချလိုက်သည့် ရေများ က တောင်ကြီးက နောင်အင်းလေးကို ရောက်နေသလို ။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com