ပင်လယ်နီကို ဖြတ်သန်းကာဆော်ဒီအာရေးဗီးယားနှင့် အီဂျစ်နိုင်ငံတို့ကိုဆက်သွယ်ပေးမည့် မိုင် ၃၀ ရှည်လျားသည့် တံတားဖောက်လုပ်ရန် စီစဉ်ထားရာကုန်ကျစရိတ်ကို ၁၀ နှစ်မပြည့်မီ ပြန်လည်ရရှိဖွယ်ရာရှိကြောင်း အီဂျစ်ဝန်ကြီးတစ်ဦးကပြောကြားသည်ဟုအရှေ့ အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
ယင်းတံတားဖောက်လုပ်ရန်အတွက် ယခုနှစ်ဧပြီလအစောပိုင်းတွင် ဆော်ဒီဘုရင်နှင့် အီဂျစ်သမ္မတို့ တွေ့ဆုံခဲ့ရာ၌ သဘောတူခဲ့ခြင်းဖြစ်ပြီး ကုန်ကျစရိတ် ကန်ဒေါ်လာ ၃ ဘီလီယံမှ ၄ ဘီလီယံအကြားကုန်ကျဖွယ်ရှိသည်။
တံတားဆောက်လုပ်ပြီးစီးရန် ၃ နှစ်ခန့် အချိန်ယူရဖွယ်ရှိပြီးဆော်ဒီနှင့် အီဂျစ်အကြားခရီးသွား လာရသည့်ကြာချိန်ကိုလျှော့ချပေးနိုင်မည် ဖြစ်သည်။
ဒေသတွင်းကုန်သွယ်ရေးကဏ္ဍ မြှင့်တင်နိုင်ရန်အတွက်လည်းအဆိုပါတံတားမှာအရေးပါသောအခန်းကဏ္ဍတွင် ပါဝင်လာမည် ဖြစ်သည်။
အဆိုပါစီမံကိန်းအတွက် ဖွဲ့စည်းထားသော နည်းပညာ ပိုင်းဆိုင်ရာကော်မတီကစီမံကိန်းအကောင်အထည်ဖော်နိုင်ရန် စတင်ပြင်ဆင်လျက်ရှိနေပြီး ယင်းစီမံကိန်း ကို နှစ်နိုင်ငံအစိုးရများမှ ကုန်ကျစရိတ်ကျခံမည်လော (သို့မဟုတ်) BoT (build-operate-transfer)စနစ်ဖြင့် ဆောက်လုပ်မည်လောဟူသည်ကိုကော်မတီကဆုံးဖြတ်သွားမည်ဖြစ်သည်။
၂၀၁၃ ခုနှစ်အတွင်းအီဂျစ်သမ္မတမို ဟာမက်မော်စီကို ပြည်သူများကအုံကြွဆန္ဒပြကြသောကြောင့် စစ်ဘက်အကြီးအကဲအဗ္ဗဒယ်လ် ဖာတာအယ်လ်စီစီက ဖြုတ်ချခဲ့ပြီးနောက်ပိုင်းဆော်ဒီအာရေးဘီးယား၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ကူဝိတ်နိုင်ငံတို့ကဒေါ်လာဘီလံယံပေါင်းများစွာထောက်ပံ့ကူညီခဲ့ကြသည်။
သို့ရာတွင် ရေနံဈေးနှုန်းများအလွန်အမင်းကျဆင်းနေ မှု၊ ဒေသတွင်းအကြောင်းရပ်များအပေါ် သဘောထားကွဲပြားမှုများကြောင့် ယင်းကဲ့သို့ ကူညီပံ့ပိုးမှုများဆက်လက်တွေ့မြင်ရဖွယ် ရှိ၊ မရှိဟူသည်မှာမရေရာသောအခြေအနေမျိုးတွင် ဤတံတားဖောက်ရန် ဆုံးဖြတ်ခဲ့ကြခြင်းလည်း ဖြစ်သည်။
အီဂျစ်သည် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် စီးပွားရေးပြန်လည်နာလံထူစေရန် ခက်ခဲစွာရုန်းကန်ရလျက်ရှိသော နိုင်ငံဖြစ်သည်။ ယခုတံတားဖောက်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ဆော်ဒီအာရေးဗီးယားက အီဂျစ်စီးပွားရေးကျဆင်းနေမှု ကိုအကူအညီပေးရန် ရည်ရွယ်ချက် ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)