အာမခံချက် အမျိုးမျိုးနဲ့ လယ်မြေတွေကို ပုံစံ ၁၀၅၊ ပုံစံ ၇ ကျပြီးသားဆိုပြီး ရောင်းချနေတာတွေက တရားဝင် ဖြစ်ရဲ့လားဆိုတာ စိစစ်သင့်ပြီလို့ ဥပဒေ ပညာရှင်အချို့က ပြောပါတယ်။
ပေ ၂၀ × ၆၀၊ ပေ ၄၀ × ၆၀ စတဲ့ အကွက်တွေကို အာမခံချက်အမျိုးမျိုးနဲ့ ကျပ် ၁၂ သိန်း၊ ၁၅ သိန်းက စပြီး ကျပ်သိန်း ၃၀ ကျော် နှုန်းထားတွေနဲ့ ရောင်းချနေကြတာပါ။ တချို့က ကြော်ငြာမှာတင် ဘိုးဘွားပိုင်မြေ၊ တန်ဖိုးနည်းမြေ၊ ပုံစံ ၇၊ ပုံစံ ၁၀၅ ကျပြီးသား ကျေးရွာတိုးချဲ့မြေ၊ ပိုင်ရှင်ကိုယ်တိုင် လက်ဗွေ နှိပ်ရောင်းချပေးတယ်။ တချို့က ပိုင်ရှင်ကိုယ်တိုင် လက်မှတ်ထိုးပေးမယ်။ ကျေးရွာလူကြီး အသိသက်သေလက်မှတ် ထိုးပေးမယ် ဆိုပြီး ဝယ်သူတွေ စိတ်ချယုံကြည်အောင် ရောင်းချနေကြတာပါ။
အများဆုံးရောင်းချနေတဲ့ နေရာတွေက ထန်းတပင်မြို့နယ် အနောက်ပိုင်းတက္ကသိုလ်အနီး၊ ရွှေပြည်သာ၊ လှည်းကူး၊ မှော်ဘီ၊ တွံတေး၊ မြို့စွန် ရပ်ကွက်တွေမှာ ဖြစ်ပါတယ်။ လယ်ယာမြေတွေကို ကျေးရွာတိုးချဲ့ခွင့် လျှောက်ထားပြီး မြေကွက်တွေ ကွက်ရိုက် ရောင်းစားနေကြတာလို့ အကျိုးဆောင်တချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။
စီးပွားရေးနှင့် ဥပဒေလမ်းညွှန် ဦးတင်သန်းဦးက ‘မြေယာနဲ့ပတ်သက်ပြီး ဆောင်းပါးတွေ၊ ဥပဒေသစ်တွေ ပြဋ္ဌာန်းပြီး အမျိုးမျိုးကြိုးစားပေမယ့် မပြေလည်ဘူးလို့ ပြောရမှာပေါ့၊ မြေယာအသုံးချမှုဆိုင်ရာဥပဒေ ဆိုတာ ရှိတယ်၊ ဘာပြဿနာရှိလဲဆိုတော့ ဘာမြေအမျိုးအစားပဲဖြစ်ဖြစ် မြေယာကို ပြန်ပြီး မစိစစ်ခဲ့ဘူး၊ ဒါပေမယ့် အခြားနည်း ဆိုပြီး လယ်မြေတွေ လိုက်ဝယ်တယ်၊ ဒါက ဥပဒေကို ချိုးဖောက်တာလို့’ ရှင်းပြပါတယ်။
အခြားနည်းဆိုတာ
လယ်ယာမြေကို အခြားနည်း ဆိုပြီး အသုံးပြုခွင့်ဥပဒေသစ်မှာ ခွင့်ပြုထားတယ်။ ဥပဒေမှာ အခြားနည်းထည့်သွင်းတာက လိုသလို ကောက်ဖို့ ထည့်တာ မဟုတ်ပါဘူး။ လယ်မြေကို အခြားနည်းသုံးနိုင်တယ်ဆိုတာ လယ်မစိုက်ချင်လို့ တခြားသီးနှံပြောင်းစိုက်ခွင့် ပြုတဲ့ သဘောမျိုးပါ။ ဒါပေမယ့် အခြားနည်း ဆိုပြီး လယ်မြေတွေ လိုက်ဝယ်နေတာ ကွက်ရိုက်ရောင်းချတာတွေ ရှိနေပါတယ်။
အများဆုံးရောင်းချနေတဲ့နေရာက အနောက်ပိုင်းတက္ကသိုလ်နားက မြေကွက်တွေပါ။ ကျေးရွာတိုးချဲ့မြေတွေအဖြစ် ပုံစံ ၇၊ ပုံစံ ၁၀၅ ကျပြီးသား မြေနေရာတွေဆိုပြီး ကွက်ရိုက် ရောင်းနေကြပါတယ်။ ရွှေပြည်သာတံတားအနီးရှိ မြေတွေကိုလည်း ကားဝင်ထွက်လို့ ရ၊ လမ်းကောင်း၊ လျှပ်စစ်မီးရ၊ လမ်းမကြီးမေးတင် အကွက်တွေဆိုပြီး ရောင်းနေကြတယ်လို့ သိရပါတယ်။
အကျိုးဆောင်ရှေ့နေ ဦးကျော်စွာက ‘လယ်ယာမြေတွေကို အခြားနည်းနဲ့ ကျေးရွာတိုးချဲ့ လျှောက်ခွင့်ပြုပြီးနောက်ပိုင်းမှာ ပိုများလာတာပါ၊ အရင် ၂၀၁၅ တုန်းကလည်း လယ်ယာမြေပြဿနာတွေကို ဖြေရှင်းဖို့ လုပ်ခဲ့ကြတယ်၊ တကယ်တော့ လယ်ယာမြေကို မြို့နယ်မြေစာရင်း မပြောနဲ့ တိုင်းဒေသကြီးအစိုးရတောင် လူနေထိုင်မှုပြောင်းခွင့် မရှိတာကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ်မြေစာရင်းဦးစီးမှူးထောက်ခံချက်တွေနဲ့ ခိုင်မာမှုရှိတယ် ဆိုပြီး ရောင်းနေကြတာ၊ ဝယ်သူတွေရော၊ ရောင်းသူတွေ သိရမှာက ဒါတွေက တရားဝင်မှု မရှိဘူးဆိုတာပဲ’ လို့ ရှင်းပြပါတယ်။
သတိတော့ထားပါ
လယ်ယာမြေတွေကို မြေကွက်ရိုက် ရောင်းချမှုမှာ မေးခွန်းထုတ်စရာတွေ ရှိနေပေမယ့်လည်း ဝယ်ယူသူတွေရော၊ ရောင်းချမှုတွေပါ အခုထိ လျော့နည်းမသွားသေးပါဘူး။
ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က ‘တချို့ဆို မြေကွက်ပိုင်ဆိုင်မှုနဲ့ အသိမ်းခံရတာမျိုးရှိရင် ၂ ဆ ပြန်ပေးတယ်၊ အာမခံချက်တွေ ရဲပြီး ပေါ်ပေါ်တင်တင်ကို ရောင်းနေကြတာ၊ ဘာပဲဖြစ်ဖြစ် ဝယ်သူကတော့ သတိထားရမှာပဲ၊ ဒီလို မြေတွေကို ဝယ်တာတော့ အားမပေးဘူး’လို့ ပြောပါတယ်။
တချို့တွေမှာ အကွက်ရိုက် ရောင်းတာတွေကို ဝယ်မိလို့ ပိုက်ဆံဆုံးရှုံးမိခဲ့တဲ့သူတွေလည်း ရှိခဲ့ဖူးပါတယ်။
ကိုယ်တိုင်ဝယ်မိခဲ့တဲ့ ဒေါ်ခင်ခင်က ‘အရာရှိဟောင်းကနေ ရောင်းတာ၊ ကိုယ်ကလည်း ကျန်းမာရေးကြောင့် ကိုယ်တိုင်သွားမကြည့်နိုင်ဘဲ ဝယ်မိတာ၊ လောဘလည်း ပါတာပေါ့၊ ၁၀ ကွက်လောက် ဝယ်မိတာ၊ တော်သေးတယ်၊ ပိုက်ဆံ ပြန်ရလို့၊ လျော်ကြေးကို တရားစွဲမယ်ဆိုပြီး တောင်းမှ ပြန်ရတာ’လို့ ပြောပါတယ်။
Credit: The Kumudra