ဂန္တဝင်ဆန်သည့် ရှေးဟောင်းအဆောက်အအုံတစ်ခုမှ တံခါးတစ်ချပ်သည် တစ်နေ့တာလုံးကို လူငယ်တို့ ဝင်ထွက်စေဖို့အတွက် သတ်မှတ်ပေးထားသကဲ့သို့ လူငယ်အများစု နေ့စဉ်ဝင်ရောက်လျက်ရှိသည်။ လူငယ်များ ဝင်ရောက်လာသော်လည်း ဆူညံခြင်း အလျဉ်းမရှိသည့် တိတ်ဆိတ်အေးချမ်းသည့် အဆောက်အအုံသည် သီးခြားကမ္ဘာတစ်ခုသဖွယ် တည်ရှိနေသည်မှာ ရန်ကုန်မြို့လယ်ကောင် ကမ်းနားလမ်း အမှတ် ၈ဝ တွင် ဖြစ်သည်။
ယင်းအဆောက်အအုံသည် နှစ်ပေါင်း ၁၁၈ နှစ် သက်တမ်းရှိမည်ဟု မည်သို့မျှပင် မထင်မှတ်ရသည့် အသွင်ဖြင့် သပ်ရပ်စွာ၊ ခမ်းနားစွာ၊ ကျက်သရေရှိစွာနှင့် ခိုင်ခံ့စွာ ကမ်းနားလမ်းမကြီးပေါ်တွင် တည်ရှိနေသည်။ ၄ ထပ်မျှ ပါဝင်သည့် ယင်း အဆောက်အအုံသည် အဖြူရောင် ရိုးစင်းလှသော်လည်း အတွင်းအပြင်များသည် အလွန်ပင် ပြုပြင်ထိန်းသိမ်းမှု အားကောင်းသဖြင့် ၂၁ ရာစု အဆောက်အအုံများကဲ့သို့ပင် ထင်မှတ်ရသည်။
ထိုအဆောက်အအုံသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံရုံးဖြစ်ပြီး သံရုံးနှင့်အတူ ဗြိတိသျှကောင်စီ စာကြည့်တိုက်နှင့် အခြားသော လူငယ်များအတွက် အခွင့်အလမ်းများကို ပေးအပ်နေသည့် ဌာနငယ်ကလေးများစွာကို ဖွဲ့စည်းထားသည့် နေရာတစ်ခုလည်း ဖြစ်သည်။
သို့သော် ဗြိတိသျှတို့ မြန်မာနိုင်ငံကို သိမ်းပိုက်စဉ်က ယင်းအဆောက်အအုံပေါ်တွင် ဗြိတိန်သံရုံးအနေဖြင့် ဖွင့်လှစ်ရန် ရည်ရွယ်ခဲ့ခြင်းမဟုတ်ဘဲ သာမန် နိုင်ငံခြားသားပိုင် စီးပွားရေးလုပ်ငန်းတစ်ခု၏ အဆောက်အအုံအဖြစ်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရှိရသည်။
ကုန်သွယ်မှုပြုလုပ်ရန်အတွက် ရည်ရွယ်တည်ဆောက်ခဲ့သည့် ယင်းအဆောက်အအုံသည် ၁၈၉၈ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့သည်။ မူလပိုင်ရှင်မှာ စကော့တလန်နိုင်ငံသားပိုင် J & F.Graham ဖြစ်ပြီး ရုံးခွဲများသည် ဘုံဘေမြို့နှင့် ကာလကတ္တား စသည့် မြို့များတွင်လည်း တည်ရှိခဲ့ကြောင်း သမိုင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။
အဆောက်အအုံ၏ ဗိသုကာနှင့် တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခဲ့သည့် အဖွဲ့မှာ Robinson & Mundy ဖြစ်ပြီး အဆောက်အအုံသည် အလွန်ရိုးရှင်းလှပသည့် အနောက်တိုင်း အဆောက်အအုံတစ်ခုအဖြစ် ယနေ့တိုင် ဆန်းသစ်ဆဲအသွင်အပြင်ကို မြင်တွေ့ရသည်။
ယင်းအဆောက်အုံတွင် J & F.Graham ကုမ္ပဏီမှ တင်သွင်းသော နာမည်ကျော်အမှတ်တံဆိပ် Rowntree ချောကလက်ကို ဖြန့်ဖြူးရောင်းချပေးခဲ့သည်။ ထို့အပြင် အာမခံလုပ်ငန်းများဖြစ်သည့် မီးအာမခံ၊ ရေကြောင်းအာမခံနှင့် မတော်တဆထိခိုက်မှုအာမခံ စသည့် ရန်သူမျိုးငါးပါးတို့၏ အာမခံအသီးသီးကို လက်ခံပေးသည့် နေရာတစ်ခုလည်း ဖြစ်ခဲ့သည်။
လွတ်လပ်ရေးရရှိပြီးချိန်တွင်မူ အဆိုပါအဆောက်အအုံကို ဗြိတိသျှတို့၏ မြန်မာနိုင်ငံဆိုင်ရာ သံရုံးအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ဗြိတိသျှကောင်စီနှင့် စာကြည့်တိုက်တို့ကိုလည်း နောက်ပိုင်းတွင် ယင်းနေရာနှင့်ကပ်လျက် အမှတ် ၇၈ တွင် ပြန်လည်ပြုပြင်မွမ်းမံကာ ၂ဝဝ၁ ခုနှစ်က ဖွင့်လှစ်ထားခဲ့ခြင်း ဖြစ်သည်။
ယနေ့အခါ များပြားလှသည့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ သင်တန်းများကို ဗြိတိသျှကောင်စီမှ ကြီးမှူးကာ လူငယ်များအတွက် ဖွင့်လှစ်သင်ကြားပေးခြင်း၊ ဗြိတိန်နိုင်ငံသို့ ပညာသွားရောက် သင်ကြားလိုသူများအတွက် ချိတ်ဆက် ဆောင်ရွက်ပေးခြင်းနှင့် အခြားသော အင်္ဂလိပ်ဘာသာစကား၊ ကွန်ပျူတာ၊ ပန်းချီ၊ စီမံခန့်ခွဲမှု၊ ပေါင်းသင်းဆက်ဆံမှု အစရှိသည့် ပညာရပ်ပေါင်းများစွာကို မျှဝေ ဖလှယ်ရာ လူငယ်များ၏ကမ္ဘာတစ်ခုလည်း ဖြစ်သည်။
ထို့ပြင် ပန်းချီ၊ ဂီတ၊ ရုပ်ရှင် အစရှိသည့် အနုပညာပြပွဲများ၊ ပြိုင်ပွဲများ၊ နိုင်ငံတကာပညာရှင်များ၏ တင်ဆက်မှုများနှင့် အတွေ့အကြုံများမျှဝေရာနှင့် ဖော်ထုတ်ပြသရာ နေရာတစ်ခုလည်း ဖြစ်သည်။ အနယ်နယ်အရပ်ရပ်မှ ရွက်ပုန်းသီး အရည်အချင်းရှိ လူငယ်များကိုလည်း ဖော်ထုတ်ပေးရာ နေရာတစ်ခုဖြစ်သည်။
ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် စာအုပ်ပေါင်း ၃ သောင်းကျော်၊ ဒီဗွီဒီပေါင်း ၃ဝဝဝ ကျော်နှင့် လူကြိုက်များသော ဗြိတိန်သတင်းစာများ၊ မဂ္ဂဇင်းများ၊ ဂျာနယ်များနှင့် ဘီဘီစီအသံလွှင့်ဌာနမှ တိုက်ရိုက်ထုတ်လွှင့်သော ရုပ်သံသတင်းများနှင့်အတူ အင်တာနက်ဝန်ဆောင်မှုကိုလည်း အခမဲ့ရရှိမည် ဖြစ်ပြီး ကလေးငယ်များအတွက် ကလေးစာကြည့်တိုက်ကိုလည်း ဖွင့်လှစ်ပေးထားသည်။
ဗြိတိသျှကောင်စီသည် ဗြိတိန်နိုင်ငံ၏ နိုင်ငံတကာယဉ်ကျေးမှု ကူးလူးဆက်ဆံရေး အဖွဲ့အစည်းဖြစ်ပြီး ၁၉၃၄ ခုနှစ်တွင် တည်ထောင်ထားခြင်းဖြစ်ကာ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်တွင် စတင်တည်ရှိခဲ့ခြင်း ဖြစ်သည်။
ဗြိတိသျှကောင်စီသည် ၄င်း၏ပရိုဂရမ်လုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးအနှံ့ ဖြန့်ကြက်၍ လုပ်ဆောင် ပို့ချပေးခဲ့ပြီး လူပေါင်း ၂ သန်းကျော်ခန့်ဆီသို့ မျက်နှာချင်းဆိုင် ပို့ချပေးမှုများ၊ တီဗွီ၊ ရေဒီယိုနှင့် အွန်လိုင်းသတင်းဆက်သွယ်ရေးနည်းများနှင့် ပို့ချပေးမှုများမှတစ်ဆင့် သတင်းအချက်အလက်နှင့် သင်ကြားရေးအစီအစဉ်များကို ဖြန့်ဝေနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
Credit : MOI Webportal Myanmar