လူပန်းအိမ် အာရပ်စော်ဘွားများပြည်ထောင်စု၊ အဘူဒါဘီတွင် နေစွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တို့ကိုသာသုံးမည့် မက်စ်ဒါဟုအမည်ပေးထားသည့် မြို့ သစ်ကြီးတစ်ခုတည်ဆောက်လျက်ရှိသည်။
မက်စ်ဒါမြို့ သစ်ကြီးတည်ထောင်ရန် ၂၀၀၆ ခုနှစ်တွင် စတင်ပြင်ဆင်ခဲ့ပြီး အကျယ်အ၀န်း ၆ စတုရန်းကီလိုမီတာ ( ၂ ဒသမ ၃ စတုရန်းမိုင်) မြေနေရာပေါ်တွင် တည်ဆောက်လျက်ရှိကာစုစုပေါင်းကုန်ကျစရိတ် ကန်ဒေါ်လာ ၁၈ ဘီလီယံမှ ၂၂ ဘီလီယံအကြားကုန်ကျဖွယ်ရာရှိကြောင်းခန့်မှန်းထားသည်။
စတင်တည်ဆောက်စဉ်ကယင်းစီမံကိန်းကြီးမှာ ၈ နှစ်ကြာအချိန်ယူဆောက်လုပ်ရဖွယ်ရှိကြောင်းခန့်မှန်း
ထားပြီးပထမအဆင့်ကို ၂၀၀၉ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်နိုင်မည်ဟုခန့်မှန်းခဲ့ကြသည်။
မက်စ်ဒါမြို့ တော်ဆောက်လုပ်ရေးလုပ်ငန်းများစတင်သည်မှာ ၂၀၀၈ ခုနှစ်တွင်ဖြစ်သည်။
၂၀၀၉ တွင်ပထမဆင့်ပြီးစီးမည်ဟုမျှော်မှန်းခဲ့သော်လည်း ၂၀၁၀ အောက်တိုဘာတွင်မက်စ်ဒါမြို့ သစ်ကြီးအတွက် အဆောက်အအုံခြောက်လုံးသာဆောက်လုပ်ပြီးစီးခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးအကျပ်အတည်းကြောင့် ပထမဆင့် စတုရန်းမီတာတစ်သန်း (စတုရန်းမိုင် ၀ ဒသမ ၃၉ )ကို ၂၀၁၅ တွင် အပြီးသတ်နိုင်ရန် ပြောင်းလဲသတ်မှတ်ခဲ့ပြီးစီမံကိန်းတစ်ခုလုံးအပြီးသတ်ကာလကို ၂၀၂၀ မှ ၂၀၂၅ ခုနှစ်အထိနောက်ဆုတ်လိုက်ရသည်။
သို့တိုင်အောင် ၂၀၁၆ ခုနှစ်ရောက်သည့်တိုင်အောင် ဆောက်လုပ်ပြီးစီးမှုမှာစတုရန်းမီတာ ၃ သိန်းမျှ ( ၀ ဒသမ ၁၂ စတုရန်းမိုင်) ပင်မရှိသေးခြင်းကြောင့် စီမံကိန်းတစ်ခုလုံးအပြီးသတ်ကာလကို ၂၀၃၀ ခုနှစ်အထိထပ်မံနောက်ဆုတ်လိုက်ရပြန်သည်။
အဆိုပါမြို့ သစ်ကြီးတွင် ကာဗွန်ထုတ်လွှတ်မှုကိုသုညအဆင့်အထိလျှော့ချနိုင်ရန် ရည်ရွယ်ကာနေစွမ်းအင်နှင့် အခြားပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တို့ကိုသာအသုံးပြုရန်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာ (ကျောက်မီးသွေး၊ ရေနံထွက်ကုန်)တို့ကိုအသုံးမပြုရန် ရည်ရွယ်ထားသည်။
ယင်းမြို့ ကြီးပြီးစီးပါကလူပေါင်း ၄၅၀၀၀ မှ ၅၀၀၀၀ အကြားနေထိုင်နိုင်မည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိမည့် ထုတ်ကုန်များကိုအဆိုပါမြို့ ကြီးတွင် ထုတ်လုပ်သွားမည်ဟုဆိုသည်။
မြို့ ကြီးအတွင်းသွားလာလှုပ်ရှားနေမည့် အလုပ်သမားပေါင်း ၆၀၀၀၀ ကျော်ရှိဖွယ်ရာရှိကြောင်းခန့်မှန်းထားသည်။
၂၀၁၆ ယခုအချိန်အထိမူမက်စ်ဒါမြို့ သစ်ကြီးတွင် လုပ်ကိုင်နေသည့် အလုပ်သမားပေါင်း ၂၀၀၀ အောက်သာရှိသေးသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)