ခြံကျယ်ဝင်းကျယ် မပိုင်ဆိုင်သော မြို့တွင်းတိုက်ခန်းများတွင်လည်း ပညာကျယ်ပြန့်စေခြင်းအလို့ငှါ သင်တန်းခန်းမများဖွင့်လှစ်လျက် ကာယဗလသတင်းခန်းမများ ၊ သိုင်းသင်တန်းကျောင်းငယ်များ ဖြန့်ဝေခြင်းအမှုပြုခဲ့သည်။
တိုင်းတစ်ပါးကိုယ်ခံပညာတို့ အပြိုင်းအရိုင်းထိုးဖောက်လာသော လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခုကျော် လေးခုလောက် ကာလက ရန်ကုန်မြို့လယ်ပိုင်းတွင် ကိုယ်ခံပညာသင်ကြားရာခန်းမများ အလျှိုအလျှိုပေါ်ပေါက်ခဲ့ဖူးသည်။
ဂျပန်၊ တရုတ် ရိုးရာကိုယ်ခံပညာများနှင့်အတူ မြန်မာ့သိုင်းကိုယ်ခံပညာသင်တန်းများကလည်း နောက်ချန်မနေခဲ့။ တရုတ်တန်းဟု အမည်သညာတွင်သည့် လသာမြို့နယ်တွင် ဘုံကျောင်းငယ်ကလေးများ၌ ကွန်ဖူးသင်တန်းများပေးလေ့ရှိသည်။ နံနက်စောစောနှင့် ညနေဘက်များတွင် ထိုသင်တန်းခန်းမများရှေ့ ဖြတ်သွားသည်နှင့် အတွင်းမှ မာန်သွင်းကြွေးကြော်သံများ၊ လှုပ်ရှားတွန်းတိုက်သံများကို စိတ်အားတက်ကြွဖွယ် ကြားရမြဲ။ ဆယ်စုနှစ် သုံးခုတာ ကာလ အကြားက အတိတ်ပုံရိပ်များလို့သာ ယနေ့ ခေတ် လူငယ်တွေ ပြောစမှတ်ပြုကြမှာ သေချာပါပြီ။
ဘားမား၊ ဒိုင်းနမစ်၊ ယူနိုက်တက် စသော ကရာတေးသင်တန်းကျောင်းများကလည်း ရန်ကုန်မြို့ လမ်းမကျယ်ကြီးများအတွင်း အသီးသီးသော သင်တန်းသားများနှင့်။
စုစုဝေးဝေး စုံစုံညီညီ နဲ့ သိုင်းကားကြည့်နေရသလို စိတ်အားတက်ကြွခဲ့ရတဲ့ မြင်ကွင်းများ နဂါးနက်၊ နဂါးနီ၊ နဂါးမောက်၊ နဂါးပတ် စသည့် သိုင်းသင်တန်းများ ထိုအချိန်က နာမည်ကြီးသလို ဦးချစ်သန်းနှင့် ဦးပြည်သိမ်းတို့၏ မြန်မာ့သိုင်းသင်တန်းကလည်း ရန်ကုန်မြို့လယ်မှာ အထင်အရှား။ ထိုစဉ်က ယခု ဆူးလေရှန်ဂရီလာဟိုတယ် နေရာတွင်
ဂုဏ် ရုပ်ရှင်ရုံနှင့် ပပ၀င်း ရုပ်ရှင်ရုံတို့ ရှိသည်။ ထိုရုပ်ရှင်ရုံတို့အလွန် တိုက်ကြီး၏ အပေါ်ထပ်အခန်းကျယ်အတွင်း ဖွင့်လှစ်ထားသည့် သိုင်းဦးချစ်သန်း၏ သင်တန်းသည်
အထင်ကရတစ်ခုဖြစ်သည်။
ထိုခေတ်က သင်္ချာကျူရှင်ဆရာ ဦးဦးသာကလည်း မြေနီကုန်းဗိုလ်မိုးလမ်းတွင် ကျူရှင်ခန်းနှင့်အတူ မြန်မာ့သိုင်းသင်တန်းပါ
တွဲဖက်ဖွင့်လှစ် သင်ကြားပေး၏။ မြို့လယ်မှ လမ်းကျဉ်းလေးများထဲတွင်လည်း ကိုယ့်ခံပညာသင်တန်းများ ကိုယ့်အဆက်အသွယ်နှင့်ကိုယ် ဖွင့်ထားကြသည်။
သင်တန်းကြေးက တစ်လလျှင် ကျပ် ၁၀၊ ၁၅ ကျပ်မျှ။ ၁၀ တန်း ကျူရှင် တစ်ဘာသာကြေးမျှဖြစ်၍ များသည်ဟုမဆိုသာ။ လမ်းမတော်ဘက်တွင် မြန်မာ့သိုင်းနှင့် အနွယ်တူ တိုင်းရင်းသားရိုးရာအတိုက်အခိုက်ပညာဖြစ်သော ရှမ်းကြီးသိုင်း သင်ကြားသည့် စိုင်းခင်သောင်းနိုင်ဆိုသူ ဆရာတစ်ဦး ရှိသေးသည်။
သူက နောင်တွင် အေ၀မ်းမျိုးဆက် သမန်းကျားအဖွဲ့၏ ပင်တိုင်သိုင်းနည်းပြအဖြစ် ကျော်ကြားသည်။ ရုပ်ရှင်ပိတ်ကားထက်မှတစ်ဆင့် သိုင်းပညာ၏အနှစ်သာရများကို လှစ်ဟပြခွင့် ကြုံလာသည်။
တကယ်တော့ အတိုက်အခိုက်ပညာဟူသည် ရန်လိုသောပညာ၊ အနိုင်ကျင့်နှိပ်စက်လိုသောပညာ၊ စိတ်ကြမ်းလူကြမ်းဖြစ်စေသောပညာ မဟုတ်။
မည်သည့်အတိုက်အခိုက်ပညာကမှလည်း ထိုသို့ပြုမူရန် ပြဋ္ဌာန်းမထား။ အထူးသဖြင့် မြန်မာ့ရိုးရာအတိုက်အခိုက်ပညာများဖြစ်သော သိုင်း၊ ဗန်တို၊ ဗန်ရှည်၊ သိုင်းပြောင်းပြန်၊ ရှမ်းကြီး စသည့် မူကွဲသိုင်းပညာအဖွဲ့အစည်းများဆိုလျှင် မိမိတတ်မြောက်ထားသော သိုင်းပညာရပ်ဖြင့် အားနည်းသူကို အနိုင်အထက်မပြုပါဟုပင် သစ္စာဆိုရသေး၏။ မိမိတတ်မြောက်သော သိုင်းပညာရပ်ကို အမျိုးဘာဘာသာသနာ ကာကွယ်ရေးနှင့်
အားနည်းသူတို့ကိုစောင့်ရှောက်ရေးအတွက်သာ အသုံးပြုပါမည်ဟု ပဋိညာဉ်ပြုထားရ၏။ ထို့ကြောင့် သိုင်းပညာကိုအလွဲအသုံးချခြင်းမျိုး မရှိသလောက်
နည်းပါး၏။ ပြီးတော့ သိုင်းပညာဟူသည်မှာ လှုပ်ရှားဆုတ်တက်ကစားရသော ပညာဖြစ်၍ အားကစားလေ့ကျင့်ခန်းတစ်ခုသဖွယ် ခန္ဓာကိုယ်ကို ပေါ့ပါးသွက်လက်စေသည်၊ ကြံ့ခိုင်ကျစ်လျစ်စေသည်၊ ကျန်းမာရေးအတွက် လွန်စွာကောင်းမွန်သော အလေ့အထဖြစ်၏။
အချိန်ကာလ ယန္တရားစက်က တရွေ့ရွေ့ပြောင်းလဲလာသည်။ ကာလယန္တရား၏ တိုက်စားမှုအလျဉ်တွင် လိုက်ပါပြောင်းလဲလာသည်က မြို့ပြလူနေထူထပ်မှု။
သိပ်သည်းများပြားလာသော လူဦးရေကို နေစရာဖြည့်ဆည်းပေးရခြင်းက မလှမ်းမကမ်းမှ မီအောင်လိုက်ရသောအခါ မြေလွတ်မြေကွက်များ
ပျောက်ဆုံးလာ၏။ လူအရေအတွက် တိုးလာသော်လည်း မြေသားပမာဏက လိုက်မတိုးနိုင်သောအခါ နေစရာကို ဘေးတိုက်မရွှေ့နိုင်ဘဲ ဒေါင်လိုက်ရွှေ့ရသဖြင့်
အထပ်မြင့်တိုက်တွေ ပေါ်ထွန်းလာ၏။ ထိုအခါ လှုပ်ရှားမှုအတွက် နေရာကျယ်ကျယ်ပြန့်ပြန့်လိုအပ်သော ကိုယ်ခံပညာသင်ကျောင်းများမှာ
နေရောင်ကိုအန်တုဖက်ပြိုင်ခြင်းမပြုနိုင်သော နှင်းပေါက်များကဲ့သို့ အငွေ့ပြန်ပျောက်ပြယ်ကုန်ကြရ၏။
တစ်ချိန်က နာမည်ထင်ရှားခဲ့သော သိုင်းသင်တန်းများ ယခုခေတ်လူငယ်တွေ မကြားဖူးကြတော့။ နဂါးနက်၊ နဂါးနီ၊ နဂါးမောက်၊ နဂါးပတ် သိုင်းအဖွဲ့များ မရှိတော့ပြီ။ ဆင်မလိုက်ကုန်းဆင်းမှ လိုင်ချင့်သိုင်းအဖွဲ့နေရာတွင် ပြည်ရိပ်မွန်အိမ်ရာကြီး ဟည်းနေ၏။ သိုင်းဦးချစ်သန်း၏သင်တန်းနေရာက ဆူးလေရှန်ဂရီလာဟိုတယ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေ၏။
သိုင်းပြောင်းပြန်ဦးအောင်သိန်းတစ်ယောက်သာ သူ့မိဝိုးဘွားပိုင် ခြံမြေမှာ သင်တန်းတွေဆက်လက်ပို့ချနေသည်ဟု သိရသည်။ ဒါကလည်း သန်လျင်မှာမို့လို့။
လွန်ခဲ့သောရက်များအတွင်းက သန်လျင်ဘုန်းတော်ကြီးကျောင်းတစ်ခုတွင် လူငယ်များကို သိုင်းသင်တန်းပေးနေပုံ လူမှုကွန်ရက်၌ တွေ့လိုက်သည်။
ထွက်ပေါက်တစ်ခု ရလိုက်သလို ခံစားလိုက်ရ၏။ မြန်မာ့ရိုးရာကို ပပျောက်မှေးမှိန်ခြင်းမရှိစေရန် ထိန်းသိမ်းလက်ဆင့်ကမ်းမှု လုပ်ငန်းစဉ်အတွက်
ဘုန်းတော်ကြီးကျောင်းများက နေရာပေးဆောင်ရွက်မှုပြုလျှင် အိမ်ခြံမြေပိုင်ဆိုင်မှုအခက်အခဲနှင့် ထိပ်တိုက်ရင်ဆိုင်နေရသော မြန်မာ့အတိုက်အခိုက်ပညာရပ်အတွက် အတော်အတန်စိတ်အေးရနိုင်ပြီတည်း။
အုတ်အရောရော ကျောက်အရောရောဖြင့် သာသနသာရုပ္ပကိုမထိခိုက်စေဖို့၊ ဒကာဒကာမတို့အမြင် မျက်စိမနောက်ဖို့တော့ စိစစ်ထိန်းကျောင်းရန် လိုမည်သာ။
သို့သော်လည်း ဤသည်က သိပ်ခက်လှသောကိစ္စတော့မဟုတ်။ ပုံထဲမှာတွေ့ရသည့် လူငယ်မောင်မယ်လေးများ၏ စည်းကမ်းသေ၀ပ်
ညီညာသပ်ရပ်သော လှုပ်ရှားမှုတို့က စည်းစနစ်၏ ကောင်းသောပညတ်မှုကို ခံယူထားသူများဖြစ်ကြောင်း သေချာနေသည်။ တီထွင်ခြင်းထက် ထိန်းသိမ်းခြင်းက ပိုအရေးပါသော သဘောသဘာဝအတိုင်း နှစ်ပေါင်းထောင်ချီကြာအောင် တည်တံ့ခိုင်မာလာခဲ့သည့် မြန်မာ့သိုင်းပညာကို
နောင်အရှည်တည်တံ့အောင် လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းစဉ်တွင် ဘုန်းတော်ကြီးကျောင်းများကလည်း မဏ္ဍိုင်တစ်ရပ်အဖြစ် အရေးပါလာပြီဖြစ်သည်။
စာသင်ခြင်း၊ စာချခြင်း၊ တရားအားထုတ်ခြင်းတိုကို မထိခိုက်စေသော အခင်းအကျင်းဖြင့် မြန်မာ့ရိုးရာကိုမြှင့်တင်ထိန်းသိမ်း မြေတောင်မြှောက်ပေးနိုင်သည့် ရေခံမြေခံကောင်း ဘူမိနက်သန်တို့ များများပေါ်ထွန်းနိုင်ပါစေကြောင်း မျှော်လင့်ချက်ဆုမွန်တောင်းလိုက်ရပါတော့သည်။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com