ရန်ကုန်မြို့ မျြို့နယ်အနှံ့အပြားတွင် တည်ရှိသော ၀န်ထမ်းအိမ်ရာများကို အဆင့်မြင့်အိမ်ရာများအဖြစ် အဆင့်တိုးမြှင့်ဆောက်လုပ်ပေးမည့် အစီအစဉ်ကို အမြန်ဆုံး အကောင်အထည် ဖော်ဖို့ ၀န်ထမ်းအိမ်ရာတွင်နေထိုင်လျကိရှိသူ အများစုက တညီတညွတ်တည်း ပြောဆိုကြသည်။
ဝန်ထမ်းအိမ်ရာများကို ပါလီမန်ဒီမိုကရေစီခေတ် ဖဆပလ အစိုးရလက်ထက်တွင် စတင်ဆောက်လုပ် နေရာချထားပေးခဲ့ခြင်းဖြစ်ပြီး သက်တမ်းအားဖြင့်နှစ် ၆၀ အနည်းဆုံးရှိပြီဖြစ်ခြင်းကြောင့် တိုက်အိုတိုက်ဟောင်းစာရင်း ၀င်နေသော်လည်း အမြင်အားဖြင့်သာ မလှပခြင်းရှိကြောင်း၊ ဆောက်လုပ်မှုအရည်အသွေးမှာမူ ယခုခေတ်ပေါ် ကန်ထရိုက်တိုက်ခန်းများကဲ့သို့ မဟုတ်ဘဲ ခိုင်မာတောင့်တင်းမှုအပြည့်အ၀ရှိကြောင်း နေထိုင်သူများက သုံးသပ်ကြသည်။
"၀န်ထမ်းအိမ်ရာအနေနဲ့ ဆောက်ထားတာ ကြာပြီဆိုတော့ အဆောက်အအုံတွေကလည်း အိုမင်းလာကြတာပေါ့။ ဒါကို အဆင့်မြင့်အိမ်ရာအနေနဲ့ အရည်အသွေးပိုင်းတိုးမြှင့်ဆောက်ပေးမယ်ဆိုရင် လက်ရှိ နေနေတဲ့သူတွေ ဘယ်သူမှ မကျေနပ်စရာမရှိလောက်ပါဘူး။ များသောအားဖြင့် တိုက်အိုတိုက်ဟောင်းအဆင့်ကနေ တိုက်သစ်သစ်လွင်လွင်လေးနဲ့ အဆင့်အတန်းရှိရှိနေချင်ကြမှာမဲလေ" ဟု ပုဇွန်တောင်မြို့နယ်တွင်းမှ ၀န်ထမ်းအိမ်ရာတွင်နေထိုင်သူတစ်ဦးက ပြောသည်။
"တကယ်ခိုင်ခံ့မှုအတိုင်းအတာကတော့ တိုက်ဟောင်းတွေက သာတယ်။ ကျွန်တော့်အခန်းက နောက်ဘက်မြေပိုမှာ အဆောင်ပိုထုတ်တော့ နောက်ဖေးနံရံကိုဖြိုတာ အားကောင်းမောင်းသန် ယောက်ျားကြီးသုံးယောက် နေ့ဝက်လောက် အင်တိုက်အားတိုက်ဖြိုယူရတယ်။ ထွက်လာတဲ့အုတ်ခဲတွေက လုံးဝ အမာကြီးတွေ၊ ထုကြီးထည်ကြီးတွေ။ ခုခေတ်အုတ်ခဲတွေလို မွမွလေးတွေမဟုတ်ဘူး။ ကျွန်တော့်တူမတွေ မြို့ထဲမှာ တိုက်ခန်းဝယ်လို့ အလည်သွားတုန်းက ဓာတ်ပုံချိတ်ဖို့ နံရံထွင်းတာ ၀က်အူလှည့်နဲ့ အသာလေးလှည့်ရုံနဲ့ အပေါက်ဖြစ်သွားတာ တွေ့ဖူးတယ်။ အဆောက်အအုံသစ်နဲ့ နေရတာ ကောင်းပေမဲ့ အဲဒီ quality မျိုးနဲ့တော့ မနေချင်ဘူး။ နဂိုထက် အရည်အသွေးရော၊ အဆင့်အတန်းပါ မြင့်တဲ့ အဆင့်မြင့်တိုက်ခန်းမျိးဆိုရင်တော့ ကြိုဆိုပါတယ်" ဟု သုဝဏ္ဏ၀န်ထမ်းအိမ်ရာတွင် နေထိုင်သူတစ်ဦးက ပြောသည်။
ဝန်ထမ်းအိမ်ရာများမှာ နိုင်ငံ့ဝန်ထမ်းများ နေရေးထိုင်ရေးအဆင်ပြေစေရန် နိုင်ငံတော်အစိုးရစရိတ်ဖြင့် ဆောက်လုပ်ပေးထားခြင်းဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း ရာထူးအဆင့်သတ်မှတ်ချက်များအရ သင့်လျော်သလို နေရာချထားပေးခဲ့ခြင်းဖြစ်သည်။ ၀န်ထမ်းအိမ်ရာများအနက် ဒဂုံမြို့နယ်အတွင်းမှ ဦးဝိစာရအိမ်ရာနှင့် ရန်ကင်းမြို့နယ်မှ ရန်ကင်းအိမ်ရာများမှာ ထင်ရှားသည်။ ၀န်ထမ်းအိမ်ရာတိုက်ခန်းများကို တစ်ဆင့်ပြန်လည်ငှါးရမ်းခြင်း၊ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း မပြုရန် နိုင်ငံတော်အစိုးရအဆက်ဆက် ဟန့်တားထားသော်လည်း နှစ်ဦးနှစ်ဖက်နားလည်မှုဖြင့် ငှါးရမ်း၊ ရောင်းချ၊ ပေါင်နှံ၊ ပေးကမ်းခြင်းများ ပြုမူလျက်ရှိနေသည်မှာ ခေတ်အဆက်ဆက်ကပင် ဖြစ်သည်။
"စ ပေးတုန်းကတော့ အခန်းရှင် အိမ်ထောင်ဦးစီးကလည်း in service ဆိုတော့ မသိသာသေးဘူးလေ။ သူ့လုပ်ခလစာ ရှိနေတာကိုး။ အိမ်ထောင်ဦးစီး ပင်စင်သွားပြီဆိုတဲ့အခါကျတော့ ၀င်ငွေက မဖြစ်စလောက်လေး၊ သားသမီးတွေက ကြီးပြင်းလာပြီ၊ ပညာရေး၊ ကျန်းမာရေး ၀န်ထုပ်ဝန်ပိုးတွေ ပိလာပြီ၊ ၀င်ငွေအတွက် အရင်းအနှီးက လိုလာပြီ။ အဲဒီအခြေအနေမျိုးမှာ ငွေဖော်ဖို့က သူတို့နေနေတဲ့ ၀န်ထမ်းအိမ်ရာတိုက်ခန်းပဲ ရှိတော့တယ်။ တိုက်ခန်းက တရားဝင်ရောင်းလို့လည်းမရတော့ ပေါက်တဲ့အောက်ဈေးနဲ့ပဲ ရောင်းပြီး မြို့စွန်လောက်ကို မိသားစုလိုက် ပြောင်း၊ ငွေပိုငွေလျှံလေးကို အရင်းအနှီးလုပ်ပေါ့။ ၀န်ထမ်းတွေ ဒီလိုနဲ့ပဲလည်ပတ်နေကြတာ။
လစာများလို့ ပင်စင်လည်းများတဲ့ အရာရှိပိုင်းကတော့ အဲဒီလောက် ယိမ်းယိမ်းယိုင်ယိုင်မဖြစ်ဘူး။ သူတို့က ဆွေမျိုးအင်အားလည်းတောင့်၊ အပေါင်းအသင်းနယ်ပယ်ကလည်း ကျယ်၊ ကြံရည်ဖန်ရည်လည်းရှိတော့ ကိုယ်တိုင်ပင်စင်မသွားခင်မှာ စီးပွားရေးခြေလှမ်း လှမ်းထားတာမျိုး၊ သားသမီးတွေကို အလုပ်သွင်းပေးထားတာမျိုးနဲ့ မိသားစုဝင်ငွေကို အားဖြည့်ထားနိုင်တယ်။ ဒီတော့ ပင်စင်သွားပေမဲ့ ၀င်ငွေ သိသိသာသာမထိခိုက်ဘူး။ ထိခိုက်တာက ရုံးလုလင်တို့၊ အောက်တန်းစာရေးတို့လို လစာနည်းဝန်ထမ်းတွေ။ ဒါကြောင့် ၀န်ထမ်းအိမ်ရာတွေမှာ မူလရထားတဲ့ဝန်ထမ်း မရှိတော့တဲ့ အိမ်ခန်းတွေကိုကြည့်လိုက်ရင် လစာနည်းဝန်ထမ်းတွေရဲ့အိမ်ခန်းတွေ များနေတာ" ဟု အသက် ၆၅ နှစ်အရွယ် အငြိမ်းစားဝန်ထမ်းတစ်ဦးက ပြောသည်။
၂၀၁၄ ခုနှစ် နှစ်စပိုင်းတွင် စတင်အကောင်အထည်ဖော်ခဲ့သော ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်ရှိ ၅၁ လမ်း ၀န်ထမ်းအိမ်ရာစီမံကိန်းသည် ၀န်ထမ်းအိမ်ရာလောကကိုလှုပ်နှိုးလိုက်သော လှုပ်ရှားမှုတစ်ရပ်ဖြစ်သည်။ မူလ လေးထပ်မျှသာရှိသော သာမန်ဝန်ထမ်းအိမ်ရာအဆောက်အအုံများကို ၁၂ ထပ် အမြင့်ရှိ အဆင့်မြင့် ကွန်ဒိုမီနီယမ်များအဖြစ် ပြောင်းလဲဆောက်လုပ်လိုက်ခြင်းဖြင့် နေထိုင်မှုပုံရိပ်ကို မြှင့်တင်ပေးလိုက်ခြင်းဖြစ်သည်။ ထိုသို့ မြှင့်တင်ပေးလိုက်မှုက လောလောဆယ် ၀န်ထမ်းအိမ်ရာများတွင်နေထိုင်သော ပြည်သူများကို မျှော်လင့်ချက်တစ်ရပ် ဖြစ်စေခဲ့သည်။ ရေညှိများ ထူပိန်းစွာတက်လျက် အိုမင်းဟောင်းနွမ်းမှုသရုပ်ကိုပြနေသော သက်တမ်းရှည် ၀န်ထမ်းအိမ်ရာများနေရာတွင် ဖိတ်ဖိတ်လက်ကြွေသားများဖြင့် ခမ်းနားသောအခင်းအကျင်းများ အစားထိုးဖြည့်တင်းလာမှုကို တောင့်တလာခဲ့သည်။
"၀န်ထမ်းအိမ်ရာအားလုံးကို ဒီလို အဆင့်မြင့်အိမ်ရာတွေလုပ်ပေးဖို့ဆိုတာ တော်တော်တော့ကြီးတဲ့ လုပ်ငန်းစဉ်ပဲ။ လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ နေတဲ့သူတွေအတွက်လည်း အဆင်ပြေသွားမယ်၊ ဆောက်လုပ်တဲ့သူတွေအတွက်လည်း ပိုထွက်လာတဲ့အခန်းတွေကို ရောင်းချနိုင်တဲ့အတွက် အဆင်ပြေမယ်၊ သက်ဆိုင်ရာ ဌာနတွေအနေနဲ့ကလည်း ပြည်သူတွေနေထိုင်မှု အဆင်ပြေမြင့်မားအောင် ဆောင်ရွက်ပေးနိုင်တဲ့အတွက် ပုံရိပ်ကောင်းပိုင်ဆိုင်မယ်။ သုံးဦးသုံးဖလှယ် အကျိုးရှိနိုင်တဲ့ကိစ္စဖြစ်တာမို့ သားရွှေအိုးထမ်းလာတဲ့အဖြစ်မျိုးပါပဲ။ ဆောက်လုပ်ရေးကိုတာဝန်ယူမယ့် လုပ်ငန်းရှင်အနေနဲ့ကတော့ အရင်းအနှီးကြီးတာပေါ့။
တိုက်ခန်းတည်ဆောက်မှုစရိတ်နဲ့ ကုန်ကြမ်းဝယ်ယုမှုစရိတ်တွေသာမက နေတဲ့သူတွေအတွက် ပြောင်းရွှေ့စရိတ်ကအစ စီစဉ်ပေးဖို့ တာဝန်ရှိတယ်။ ပြီးတော့ အဆင့်မြင့်အိမ်ရာဆိုတဲ့ စကားရပ်နဲ့အညီ ဆောက်လုပ်ရေးပါဝင်ပစ္စည်းတွေရဲ့အရည်အသွေး၊ ဆောက်လုပ်တဲ့နည်းစနစ်တွေရဲ့ အရည်အသွေးကလည်း မြင့်မားဖို့ လိုအပ်တယ်။ ဒါမှလည်း နေထိုင်သူတွေရဲ့ လုံခြုံရေးကို အာမခံချက်ပေးနိုင်မှာပါ။ ဒီလို အာမခံချက်ပေးနိုင်အောင် ခိုင်မာတဲ့လုပ်ငန်း ဖြစ်ဖို့လည်း လိုတာပေါ့။ ၅၁ လမ်း အိမ်ရာရဲ့ အောင်မြင်ချောမောမှု ခိုင်မာလာတာနဲ့အမျှ တခြားဝန်ထမ်းအိမ်ရာတွေကို အဆင့်မြင့်အိမ်ရာအဖြစ် အသွင်ပြောင်းဖို့လည်း လုပ်ငန်းရှင်တွေဘက်က စိတ်ဝင်စားမှုမြင့်တက်လာမှာပါ" ဟု မြန်မာ့အိမ်ခြံမြေအရေး စိတ်ဝင်စားစွာလေ့လာသူတစ်ဦးက သုံးသပ်သည်။
လက်ရှိအနေအထားအရ အဆင့်မြင့်ကွန်ဒိုမီနီယမ်အဆောက်အအုံဟူသည်မှာ သာမန်လူတန်းစားတို့လက်လှမ်းမမီနိုင်သောအနေအထားတွင် ရှိနေသည်။ ၀န်ထမ်းအိမ်ရာတွင်နေထိုင်ရသော နိုင်ငံ့ဝန်ထမ်းများနှင့် အပ်စပ်မှုမရှိသလိုဖြစ်နေသည်။ သို့သော် ၅၁ လမ်း ၀န်ထမ်းအိမ်ရာ၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်က ထိုအစဉ်အလာမှဖောက်ထွက်ကာ ၀န်ထမ်းအိမ်ရာနေ ပြည်သူတို့် အား အိပ်မက်အသစ်၊ မျှော်လင့်ချက်အသစ်များ ဖြစ်တည်လာစေခဲ့သည်။
"၅၁ လမ်း အိမ်ရာစီမံကိန်း စလုပ်တော့ တခြားဝန်ထမ်းအိမ်ရာတွေလည်း နည်းနည်းတော့ လိုက်လှုပ်လာတယ်။ နဂိုအိမ်ရာတွေကိုအထင်သေးလို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အရည်အသွေးပိုကောင်းမွန်တဲ့ အဆငိ့မြင့်တိုက်ခန်းမျိုးနဲ့သာ လဲနေရမယ်ဆိုရင် ဘယ်သူမနေချင်ရှိပါ့မလဲ။ ခု ၅၁ လမ်း အိမ်ရာက သက်သေပဲလေ။ အခုအခြေအနေက အစိုးရအဖွဲ့အပြောင်းအလဲကလည်းဖြစ်နေတယ်၊ နိုင်ငံ့စီးပွားရေးအခင်းအကျင်းကလည်း ဘယ်လိုအချိုးအကွေ့ဖြစ်လာမလဲဆိုတာ မခန့်မှန်းနိုင်သေးလို့ စောင့်ကြည့်နေတဲ့အနေအထားကြောင့် တခြားဝန်ထမ်းအိမ်ရာတွေ ဆက်အကောင်အထည်မဖော်နိုင်သေးတာလို့ ထင်တယ်။
အနေအထားတွေတည်ငြိမ်ပြီး လုပ်ကွက်တွေပေါ်လာမယ်ဆိုရင်တော့ ဒီလိုစီမံကိန်းမျိုးတွေ ဖြစ်လာလိမ့်မယ်လို့ထင်တယ်။ အမြင့်ဆုံးမှ လေးထပ်ပဲရှိတဲ့ ၀န်ထမ်းအိမ်ရာတွေမှာ ကွန်ဒိုတွေဆောက်ရင် ထွက်လာမယ့်အခန်းပိုတွေက မနည်းဘူးလေ။ အဲဒီအနေအထားရောက်လာရင်တော့ ၀န်ထမ်းအိမ်ရာနေပြည်သူတွေရဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်လာနိုင်မယ်လို့ မျှော်လင့်ရတာပါပဲ" ဟု အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးက ကောက်ချက်ချသည်။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com