အိမ်ခြံမြေအငှါး အရမ်းလုပ်ငန်းဆိုတာ အစပိုင်းတုန်းကတော့ နေဖို့သက်သက်ငှါးရမ်းကြတာပဲ။
နောက်ပိုင်းကျတော့ အရောင်းအ၀ယ် လုပ်ငန်းဆောင်တာတွေ လုပ်ကိုင်လည်ပတ်နိုင်ဖို့ ငှါးရမ်းလာကြတယ်။
ဝယ်လိုအားကို ရောင်းလိုအားက အမီမလိုက်နိုင်ရင် ပစ္စည်းတန်ဖိုးမြင့်တက်တတ်တဲ့ ဈေးကွက်သဘောသဘာဝအရ အငှါးလိုက်လာတဲ့ အိမ်ခြံမြေတွေ ဈေးနှုန်းမြင့်တက်လာတဲ့အခါ တစ်အိမ်လုံး၊ တစ်ခြံလုံး၊ မြေတစ်ကွက်လုံး မငှါးနိုင်ကြတော့ဘဲ အိမ်၊ ခြံ၊ မြေ တို့ရဲ့ တစ်စိတ်တစ်ပိုင်းသာ ငှါးရမ်းလုပ်ဆောင်ရာက ခုဆို ကျောတစ်ခင်းစာတောင်မကျယ်တဲ့ နေရာကျဉ်းကျဉ်းလေးကို သိန်းဂဏန်းချီပြီး အငှါးဖြစ်နေကြတာ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်ရွှေမြို့တော်ကြီးမှာ မထူးဆန်းတဲ့အခင်းအကျင်း
တစ်ရပ် ဖြစ်နေပါပြီ။
အဲဒီလို ကုန်စည်တွေသိုလှောင်ဖို့ ငှါးတဲ့စနစ်ဟာ ပွဲရုံတွေက စတယ်လို့ စာဟောင်းပေဟောင်းတွေထဲမှာ ဖတ်ဖူးပါတယ်။ ဒေသထွက်ကုန်စည်တွေကို ပွဲစားတွေက ဈေးဖြတ်ပြီး တောင်သူတွေက ပွဲရုံကိုပို့၊ ၀ယ်သူက
ပွဲရုံကမှာနဲ့ ရောင်းသူနဲ့ဝယ်သူကြား အကျိုးဆောင်ခ ခံစားရသူကို ပွဲစားလို့ခေါ်တယ်ဆိုပြီးတော့လည်း မှတ်သားဖူးပါတယ်။ ဒါပေမဲ့ ကုန်စည်တစ်နိုင်တစ်ပိုင်လောက်ပဲ သိုလှောင်ခယူပြီး အငှါးချတာကိုတော့
ပွဲရုံလို့ ဘယ်ခေါ်နိုင်လိမ့်မလဲနော်။ ရောင်းရေးဝယ်တာ အချက်အချာကျတဲ့နေရာမျိုးမှာ ကုန်စည်တွေသိမ်းဆည်းဖို့ နေရာတစ်ခုပေးပြီး ငှါးရမ်းခယူတာမျိုး ရန်ကုန်အိမ်ခြံမြေသမိုင်းမှာ ပုံစံအမျိုးမျိုးနဲ့ ရှိခဲ့ဖူးပါတယ်။
ကျွန်တော့်ဦးလေးတွေ ခပ်ငယ်ငယ် ၁၉၇၃-၇၄ လောက်တုန်းက မြန်မာပြည်မှာ ထိုင်းကုန်စည်တွေ တော်တော်ခေတ်စားခဲ့ပါသတဲ့။ ယိုးဒယားပစ္စည်းလို့ပဲ အားလုံးက ခေါ်ကြတာပါတဲ့။ အဲဒီခေတ် မှောင်ခိုဈေးကွက်ဆိုတာ တော်တော်ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့ပြီး များသေအားဖြင့် မော်လမြိုင်၊ တာချီလိတ်၊ ကော့သောင်း၊ မြ၀တီ ဘက်တွေကိုသွား၊ အဲဒီကနေ ယိုးဒယားပစ္စည်းတွေ ရန်ကုန်၊ မန္တလေး ကို ပြန်တင်ရောင်းချတဲ့ဈေးကွက် တော်တော်တွင်ကျယ်ခဲ့တယ်လို့ လူကြီးတွေပြောကြပါတယ်။ ယိုးဒယားဖိနပ်၊ ယိုးဒယားစွပ်ကျယ်၊ ယိုးဒယားထီး၊ ယိုးဒယားအသုံးအဆောင်တွေနဲ့အတူ ယိုးဒယားသကြားလုံးဆိုတာကလည်း အလွန်ခေတ်စားပါသတဲ့။ အဲဒီတုန်းက ရန်ကုန်မှာ အကောင်းထားစားရတာ ရှာမီမုန့်တိုက်က ထုတ်တဲ့ ရှာမီသကြားလုံးပါ။ တစ်လုံးကို တစ်မတ် (၂၅ ပြား) ပေးရတယ်။ မုန့်ဖိုး ၁၀ ပြား လောက်ပဲ ရတဲ့ ကလေးတွေ အမြဲဘယ်ဝယ်စားနိုင်မလဲ။ ပြည်တွင်းဖြစ် အသေးစားစားသောက်ကုန်လုပ်ငန်းလေးတွေက ထုတ်လုပ်တဲ့ သကြားလုံး ငါးပြားတန်လေးတွေပဲ အာသာပြေ စားကြတာပေါ့။
ယိုးဒယားသကြားလုံးဆိုတာ မြန်မာပြည်ထဲဝင်လာတော့ လူကြီးတွေတောင် အထူးအဆန်းဖြစ်ပြီး ၀ယ်စားကြည့်ကြ၊ သဘောတွေကျကြ ဖြစ်ကုန်တယ်။ ပြည်တွင်းဖြစ်သကြားလုံးက သကြားခဲ ချိုရဲရဲပဲ။
ရောင်စုံထုတ်တယ်ဆိုပေမဲ့ အရောင်တွေက စူးစူးရဲရဲ၊ သကြားလုံးပတ်ကလည်း စက္ကူပတ် မသားနားဘူး။ ယိုးဒယားသကြားလုံးက ပလတ်စတစ်အခွံလှလှလေးနဲ့၊ သကြားလုံးအရောင်ကလည်း ပြေပြေဖျော့ဖျော့လေးတွေ၊ အနံ့ကလည်း သင်းသင်းပျံ့ ပျံ့ ကလေး၊ အရသာက ချိုသလိုလိုချဉ်သလိုလို ညင်းညင်းညံ့ညံ့ကလေး၊
ပါးစပ်ထဲမှာမြုံ့နေရင်း သကြားလုံးတစ်ဝက်လောက် ပါးသွားတဲ့အခါ အထဲက အရည်တွေထွက်လာတယ်။ သူတို့သကြားလုံးက တစ်ခုလုံအခဲပုံစံမဟုတ်ဘဲ အလယ်မှာ အရည်ပုံစံ ဌာပနာပြီးမှ အပြင်က အခဲပုံစံနဲ့ ပြန်ကွပ်ထားတာကိုး။
ဒီလို နည်းပညာမြင့်မြင့်နဲ့ထုတ်ထားတဲ့သကြားလုံးဆိုတော့ ကလေးတွေမပြောနဲ့ လူကြီတွေတောင်အကြိုက်တွေ့သပေါ့။ယိုးဒယားသကြားလုံးတစ်လုံးကို အဲဒီခေတ်က ၁၀ ပြား ရောင်းတယ်။ ပြောချင်တာက သကြားလုံးအကြောင်းမဟုတ်ပါဘူး၊ သကြားလုံးရောင်းသူတွေ ဦးလေးမိဘတွေအိမ်မှာ အခပေးပြီး ပစ္စည်းထားတဲ့အကြောင်း ပြောချင်တာပါ။ သူတို့က မိန်းမလျာတွေဖြစ်ပါသတဲ့။ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်မှာ ညနေဆို သစ်သားဗန်းနဲ့ ဗန်းထောက် ချခင်းပြီး အဲဒီဗန်းပေါ် သကြားလုံးတွေ ပုံရောင်းတာဆိုပဲ။ သူတို့ရောင်းချန်က ညနေ ၆ နာရီလောက်ကနေ ည ၉ နာရီအထိပဲ။ အနောက်ဘက်မှာ လေဟာပြင်ဈေးနဲ့ အရှေ့ဘက်မှာ
ရုပ်ရှင်ရုံတန်းရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းက အကွက်အကွင်းကျတယ်လေ။ အဲဒီသကြားလုံးသည်တွေက ဦးလေးတို့အိမ်မှာ ပစ္စည်းတွေသိမ်းပေးဖို့
အကူအညီတောင်းပြီး ပစ္စည်းသိမ်းခ တစ်လ ၁၅ ကျပ် ပေးမယ်ပြောပေမဲ့ ဦးလေးရဲ့အဘွားက ပိုက်ဆံမယူဘဲ သိမ်းခွင့်ပေးလိုက်တယ်။ သူတို့လိုပဲ မြို့ထဲမှာ ဈေးလာရောင်းတဲ့ ဆင်ခြေဖုံးဘက်က ဈေးသည်တော်တော်များများ သူတို့ပစ္စည်းတွေထားဖို့ မြို့ထဲအိမ်တွေကို အခကြေးငွေပေးပြီးငှါးရမ်းကြတယ်။
အဲဒီတုန်းကတိုက်တွေက ကိုလိုနီခေတ်မှာဆောက်ခဲ့တဲ့တိုက်တွေဆိုတော့ လှေကားက အချိုးအကွေ့တွေမရှိဘူး၊ တောက်လျှောက်အဖြောင့်ပဲ။ ဒီတော့ အောက်ဆုံးထပ် လှေကားတစ်ဝက်လောက်ကို မြေရှင်က ငှါးစားတယ်။
လှေကားခြေရင်း မြောင်းဖုံးကျောက်ပြားပေါ်မှာ
ကိုယ်တည်ခင်းမယ့်ကုန်စည်ကို ရတန်သလောက်ချခင်းပြီး လူက လှေကားအောက်ပိုင်း သုံးလေးငါးထစ်လောက်အထိ တက်ထိုင် ရောင်းချကြတာပေါ့။ သစ်သီးဆိုင်၊ မုန့်ဆိုင်၊ ကွန်ဒုံးဆိုင်၊ ဖိနပ်ဆိုင်၊ သော့ပြင်သူ၊ နာရီပြင်သူ စသဖြင့် လမ်းမကြီးတွေပေါ်မှာ အဲဒီလုပ်ငန်းတွေ
ခုထိတွေ့နိုင်ပါတယ်။
အပေါ်ထပ်တိုက်ခန်းနေသူတွေ အတက်အဆင်းလုပ်ရင်
ကိုယ်လေးယို့ပေးလိုက်၊ သယ်လာတဲ့ပစ္စည်းတွေ မနိုင်မနင်းဖြစ်နေရင် ကူသယ်ပေးလိုက်၊ ပစ္စည်းကြီးကြီးမားမားအတင်အချလုပ်ရင်
သူ့လုပ်ငန်းဆိုင်ရာပစ္စည်းတွေကို ပျာပျာသလဲ ဖယ်ရှားရှင်းလင်းပေးပြီး လွတ်လွတ်ကင်းကင်းရှိမှ ပြန်ခင်းကျင်းလိုက်နဲ့ နေထိုင်သူတွေမငြိုငြင်ရအောင် လုပ်ရပါသေးတယ်။
အခန်းပိုင်ရှင်တွေကလည်း ကိုယ့်အခန်းတစ်ခန်းတည်းကို ပုံစံမျိုးစုံနဲ့ အငှါးချထားတာ လေ့လာကြည့်ရင် အတော်စိတ်ဝင်စားဖို့ကောင်းပါတယ်။
အထူးသဖြင့် လမ်းမတန်းမြေညီထပ်အခန်းတွေပေါ့။ တချို့က ပိုင်ရှင်ကိုယ်တိုင်လည်း ဒီမှာပဲနေချင်တဲ့အခါ အခန်းကို တစ်ဝက်ပိုင်းပြီးငှါးတယ်။
တချို့က အောက်ထပ်တစ်ပြင်လုံးငှါးပြီး အိမ်ရှင်က အထပ်ခိုးပေါ်မှာနေတယ်။ တချို့ကျတော့ အောက်ထပ်တစ်ပြင်လုံးမငှါးနိုင်တဲ့အခါ အောက်ထပ်ကိုပဲ
တစ်ခြမ်းစီကန့်ထားပြီး နှစ်ဦးတစ်ပြိုင်တည်းငှါးတယ်။
ကျွန်တော်တွေ့ဖူးတဲ့အခန်းပိုင်ရှင်တွေဆို ညီအစ်ကိုနှစ်ယောက်။
အောက်ထပ်ကို ထက်ခြမ်းခြမ်းပြီး လုပ်ငန်းနှစ်ခု ငှါးတယ်။
ဖိနပ်ချွတ်နေရာကို ရော်ဘာတံဆိပ်တုံးအလုပ်လက်ခံတဲ့သူ ငှါးတယ်၊ ဖိနပ်ချွတ်ထောင့်စွန်းမှာ ခွေးခြေပုလေးချထိုင်ပြီး ပစ္စည်းကိရိယာပုံးကို မြောင်းဖုံးကျောက်ပြားပေါ်ချခင်းထားတဲ့ သော့ပြင်သမား ငှါးတယ်။
အထပ်ခိုးခြေရင်းဘက်မှာ ဘေထုပ်သမားတွေ အထုပ်အပိုးကို ငှါးခယူပြီး လက်ခံတယ်။ ဒါတင်မကသေးဘူး နယ်ကလာတဲ့လူငယ်နှစ်ယောက်ကိုလည်း
ဘော်ဒါသဘောမျိုး လက်ခံထားသေးတယ်။
ခုခေတ်ကျတော့ ကန်ထရိုက်တိုက်တွေက လှေကားကို အချိုးအကွေ့တွေနဲ့တည်ဆောက်လာကြတဲ့အခါ
လှေကားတွေရဲ့ခြေရင်းမှာ လှေကားအိမ်လို့အမည်တွင်တဲ့ အခန်းငယ်လေးတစ်ခု ပေါ်ထွန်းလာတယ်။ အဲဒီလှေကားအိမ်လေးဟာ တိုက်တစ်ခုလုံးရဲ့မြေပိုင်ရှင်အတွက်တော့ "ရွှေ" ပါပဲ။ အစပိုင်းတုန်းကတော့
အဲဒီလှေကားအိမ်လေးမှာ လှေကားထစ်တွေရဲ့ကျောဘက် သမံတလင်းကြမ်းခင်းပေါ်
တစ်တိုက်လုံးကတိုက်ခန်းတွေရဲ့ ရေစက်မော်တာတွေ စီခင်းထားကြတယ်။ ကိုယ့်အခန်း ရေအတက်
တစ်ခုခုချွတ်ယွင်းရင် အခန်းရှင်တွေဆင်းလာပြီး မော်တာစစ်၊ ရေချူ စသဖြင့် လုပကြတယ်။ နောက်ပိုင်းတော့ အဲဒီအခန်းကျဉ်းကလေးကိုပဲ
တိုက်ရဲ့မြေရှင်က အငှါးချတယ်။
ဒီလိုအငှါးချတာ ကာလများစွာတွင်ကျယ်လာခဲ့ပြီးတဲ့နောက်မှာတော့ လှေကားအိမ်အခြေပြုလုပ်ငန်းပေါင်းများစွာဟာ ရန်ကုန်မြို့ပြစီးပွားရေးမျက်နှာစာမှာ
တစ်ခွင်တစ်ပြင်နေရာယူနိုင်စွမ်းရှိလာခဲ့တယ်။ စာအုပ်အငှါးဆိုင်၊ ဒီဗီဒီခွေအငှါးဆိုင်၊ အပ်ချုပ်ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ ဖန်စီပစ္စည်းအရောင်းဆိုင်၊ နာရီပြင်ဆိုင်၊ မော်တာပြင်ဆိုင်၊ သော့ပြင်ဆိုင်၊ ဟန်းဆက်အရောင်းဆိုင်၊
လျှပ်စစ်ပစ္စည်းပြင်ဆိုင်စသဖြင့် စာရင်းသေချာပြုစုရရင် တော်တော်ရှည်လျားသွားနိုင်ပါတယ်။
ရန်ကုန်မှာ လူဦးရေတစ်စတစ်စထူထပ်သိပ်သည်းလာတာနဲ့အမျှ ကျောချစရာနေရာကလည်း
တဖြည်းဖြည်းရှားပါးလာပါတယ်။ အဲဒီလိုပဲ စားဝတ်နေရေးအတွက် ရောင်းရေးဝယ်တာလုပ်ငန်းဆောင်ရွက်ဖို့လည်း အထိုင်နေရာတစ်ခုရရှိဖို့က ခက်ခဲသထက်ခက်ခဲလာပါပြီ။
ဆူးလေဗဟိုပြုစီးပွားရေးဇုန်လို့ ပြောရလောက်အောင်
မြို့လယ်မှာလာစုနေတဲ့ စီးပွားရေးလုပ်ငန်းအကွက်အကွင်းကောင်းတွေ အရှိန်ရသထက်ရ လာတဲ့အနေအထား
အားကောင်းမောင်းသန်တည်မြဲနေသမျှ ကာလပတ်လုံး
ရန်ကုန်မြို့လယ်တိုက်ခန်းတွေဟာ ပုံစံအမျိုးမျိုးနဲ့အငှါးသွက်နေဦးမှာပါပဲ။ အခန်းရှင်တောင်းတဲ့ဈေးကို မငြင်းမဆန်ပေးနိုင်တဲ့သူတွေကတော့
ဣနြေ္ဒရရနဲ့ လုပ်ငန်းလုပ်နိုင်မှာဖြစ်ပေမဲ့ တစ်ခန်းလုံးစာမပေးနိုင်သူတွေက အခန်းတစ်ဝက်လောက်ကို စပ်ငှါး၊
အခန်းတစ်ဝက်စာ မတတ်နိုင်သူက ၁၂ ပေခွဲ× ၄ ပေ အကျယ်အ၀န်းရှိတဲ့ ဖိနပ်ချွတ်နေရာငှါး၊ အဲဒီနေရာငှါးဖို့တောင်မတတ်နိုင်သူက အိမ်ရှေ့မြောင်းဖုံးကျောက်ပြားပေါ် မေးတင်လို့ စီးပွားရေးမြို့တော်
ရန်ကုန်ရဲ့ ကတ်သီးကတ်သတ်အငှါးဈေးကွက်ပြဇာတ်မှာ ဇာတ်ကွက်အဖုံဖုံ
သရုပ်ဆောင်နေကြဦးမှာ အသေအချာပါ။
ကျော်ဇောလေး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com