ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် တည်ဆောက်နေသည့် တစ်လလျှင် ကျပ်သုံးသောင်းဖြင့် ငှားရမ်းမည့် အငှားအိမ်ရာ စီမံကိန်းအား ဖေဖော်ဝါရီ ၁၅ ရက်တွင် နောက်ဆုံးထား လျှောက်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
အငှားအိမ်ရာ စီမံကိန်း ငှားရမ်းခွင့်များကို ဖေဖော်ဝါရီ ၁ ရက်မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် လျှောက်ထားခွင့် ပြုခဲ့ရာ လျှောက်ထားသူများခြင်းကြောင့် ဖေဖော်ဝါရီ ၄ ရက်မှ စတင်၍ သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးများတွင် ပြောင်းလဲလျှောက်ထားခွင့် ပြုခဲ့ကြောင်း သိရသည်။
လတ်တလော လျှောက်ထားခွင့်ပြုဆဲကာ ဖြစ်သောကြောင့် လျှောက်ထားသူ ဦးရေကို မသိရှိနိုင်သေးဘဲ ဖေဖော်ဝါရီ ၁၅ ရက် လျှောက်လွှာပိတ်ချိန်မှသာ သိနိုင်မည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
အဆိုပါ အိမ်ရာတွင် အခန်းပေါင်း ၁၂၀၀ ခန့်ကိုသာ ငှားရမ်းပေးနိုင်မည် ဖြစ်သောကြောင့် လျှောက်ထားသူ ၁၂၀၀ ထက် ကျော်လွန်ပါက မဲနှိုက်သည့် စနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ယခုလျှောက်ထားသူ ဦးရေမှာ ၁၂၀၀ ထက် များစွာ ကျော်လွန်သွားပြီ ဖြစ်သောကြောင့် မဲနှိုက်သည့် စနစ်ဖြင့်သာ ရွေးချယ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ သိရသည်။
ယင်းအိမ်ရာသည် အိမ်ရာ မပိုင်ဆိုင်သေးသူများအတွက် ရည်ရွယ်သည့်အတွက် မြေကွက်၊ နေအိမ်ခန်း ပိုင်ဆိုင်မှု မရှိကြောင်း ကိုယ်တိုင်ခံဝန်ချက်၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၏ မြေကွက်၊ နေအိမ်ခန်း ပိုင်ဆိုင်မှု မရှိကြောင်း ထောက်ခံချက်၊ နိုင်ငံ့ဝန်ထမ်း ဖြစ်ပါက ဌာနအကြီးအကဲ၏ မြေကွက်၊ နေအိမ်ခန်း ပိုင်ဆိုင်မှု မရှိကြောင်း ထောက်ခံချက်များဖြင့်သာ လျှောက်ထားခွင့်ပြုကြောင်း ထုတ်ပြန်ထားသည်။ ယင်းအိမ်ရာ လျှောက်လွှာများကို ရောင်းချခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ မြို့နယ် ထွေ/အုပ် ရုံးများတွင် ပုံစံကို ကူးယူ လျှောက်ထားနိုင်သည်ဟု ဆိုသော်လည်း စာစီပြီးသား လျှောက်လွှာ ပုံစံများကို တစ်စောင် တစ်ရာကျပ်ဖြင့် နီးစပ်ရာ ဆိုင်များတွင် ရောင်းချနေသည်ဟု သိရသည်။
လက်ရှိ အငှားအိမ်ရာ စီမံကိန်း လျှောက်ထားသူများတွင် အိမ်ရာ မပိုင်ဆိုင်သေးသည့် ပင်စင်စား သက်ကြီးရွယ်အိုများ အများဆုံး ပါဝင်နေကြောင်း သိရသည်။
ယခု အငှားအိမ်ရာကို ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် အမှတ် ၂ လမ်းမကြီးနှင့် မဟာဗန္ဓုလ လမ်းထောင့်ရှိ မြေ ၁၂ ဒသမ ၅၃၄ ဧကပေါ်တွင် အကောင်အထည် ဖော်နေခြင်းဖြစ်ပြီး အဆိုပါ အိမ်ရာရှိ အခန်းတစ်ခန်းလျှင် အိပ်ခန်းတစ်ခု၊ အိမ်သာ၊ ရေချိုးခန်းများ ပါဝင်မည်ဖြစ်ကြောင်း၊ အကျယ်အ၀န်းအားဖြင့် ၅၆၉ ဒသမ ၅ စတုရန်းပေ ရှိမည်ဖြစ်ကြောင်း သိရသည်။
ယင်းအိမ်ရာကို ပြည်ထောင်စု အစိုးရအဖွဲ့၏ ထောက်ပံ့ငွေကျပ် ဘီလျံ ၂၀ ဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကုမ္ပဏီ ၂၆ ခုကို လုပ်ကိုင်ခွင့်ပြုကာ အကောင်အထည် ဖော်နေခြင်းဖြစ်ပြီး ယခုအစိုးရ သက်တမ်း ကုန်ဆုံးချိန်ဖြစ်သည့် မတ်လကုန်တွင် အပြီး တည်ဆောက်ရန် မျှော်မှန်းထားသည်ဟု သိရသည်။
Credit: eleven media group