Eleven Media Group မှ မယမင်းသူ အင်တာဗျူး ၍ဖော်ပြပေးပါသည်။
ကိုယ့်ဘ၀မှာ ဘာလိုချင်တယ်၊ ဘာဖြစ်ချင်တယ်ဆိုတာသိမှသာ အဲဒီနေရာတွေကို ကိုယ်က အရောက်သွားနိုင်မှာ ဖြစ်ပါတယ်
မြန်မာနိုင်ငံရဲ့ အိမ်၊ ခြံ၊ မြေ ၀က်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ iMyanmarHouse.com ရဲ့ မန်နေဂျင်းဒါရိုက်တာတစ်ဦးဖြစ်ပြီး မကြာသေးမီက ‘ အသက် ၃၀ အရွယ်မှာ မီလျံနာဖြစ်ခဲ့သူ’ ဆိုပြီး ဟောပြောပွဲတစ်ခုပြုလုပ်ခဲ့တဲ့ ကိုနေမင်းသူနဲ့ တွေ့ဆုံပြီး ဒီအခြေအနေအထိရောက်အောင် ဖြတ်သန်းလာခဲ့တဲ့ သူ့ရဲ့ငယ်ဘ၀အကြောင်းတွေ၊ သူတွေ့ကြုံဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေနဲ့ တွေ့ကြုံလာချိန်တိုင်း ဘယ်လိုစိတ်ဓာတ်မျိုးတွေနဲ့ ဖြတ်ကျော်တယ်ဆိုတာကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး။ အခုချိန်မှာ အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ခဲ့တဲ့ အစ်ကို့ရဲ့ ငယ်ဘ၀ကို ဘယ်လိုဖြတ်သန်းခဲ့လဲ။
ဖြေ။ ကျွန်တော်က ပြည်ဇာတိပါ။ ကျွန်တော့် အဖေကတော့ နာရီပြင်တယ်။ နာရီရောင်းတယ်။ ကျွန်တော်တို့မှာ မောင်နှမငါးယောက်ရှိတယ်။ ကျွန်တော်တို့မောင်နှမငါးယောက်လုံးကို အဖေက ဒီနာရီရောင်းတဲ့၊ ပြင်တဲ့လုပ်ငန်းနဲ့ပဲ ကျွေးမွေးပြုစုခဲ့တယ်။ ကျွန်တော်ခြောက်တန်း၊ ခုနစ်တန်းလောက်ကတည်းက ကျွန်တော့်အဖေရဲ့ဆိုင်မှာ ၀ိုင်းကူလုပ်ပေးရတယ်။ အဲဒီတော့ ငယ်ငယ်ကတည်းက စီးပွားရေးလုပ်တာနဲ့ ပတ်သက်လို့ အကျွမ်းတ၀င်ရှိခဲ့တယ်။
မေး။ ကိုယ်ပိုင် အသက်မွေးဝမ်းကျောင်းတစ်ခုကို ဘယ်အချိန်မှာ စလုပ်ခဲ့လဲ။
ဖြေ။ ကျောင်းပြီးတော့ တခြားကုမ္ပဏီမှာ မလုပ်ဘူး။ ကိုယ့်ကိုယ်ပိုင်အလုပ်ပဲ လုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်။ အဲဒီအချိန်မှာ စုထားတာ ဒေါ်လာ ၁၀၀၀ လောက်ရှိတယ်။ အဲဒီတော့ ရုံးခန်းသေးသေးလေးတစ်ခု ငှားလိုက်တယ်။ အဲဒီအခန်းက တစ်လကို ဒေါ်လာ ၃၅၀ ပေးရတယ်။ အဲဒီမှာ စားပွဲတစ်လုံး၊ ခုံတစ်လုံးနဲ့ ကျွန်တော့်လုပ်ငန်းကို စခဲ့တယ်။ တခြားကုမ္ပဏီတွေကို ၀က်ဘ်ဆိုက်ရေးပေးတဲ့လုပ်ငန်းကို လုပ်ခဲ့တယ်။ အဲဒါက ၂၀၀၈ ခုနှစ် လာက်တုန်းကပါ။ အဲဒါနဲ့ ဆိုင်ဖွင့်ပြီး သုံးလေးလလောက်ကြာတော့ ကျွန်တော်စုထားတဲ့ပိုက်ဆံက ပြတ်သွားပါတယ်။ ရုံးခန်း လခလည်း မပေးနိုင်တော့ဘူးဆိုတော့ ရုံးခန်းပိုင်ရှင်ကို အပူကပ်ရတယ်။ ရုံးခန်းသန့်ရှင်းရေးလုပ်ပေးတယ်။ တခြားရုံးခန်းတွေမှာ သူ့ကိုယ်စား ရုံးခန်းခတွေ သွားတောင်းပေးတာတွေ လုပ်ပေးတော့ သူလည်းကျွန်တော့်ကို အလကားပေးနေလိုက်တယ်။ အဲဒီတုန်းက ကျွန်တော့်မှာ အိပ်ရာလည်း သီးသန့်မရှိတော့ ကြမ်းခင်းမှာပဲ တာလပတ်လို အခင်းမျိုးနဲ့ အိပ်ခဲ့ရတယ်။ အိမ်သာထဲမှာပဲ ရေချိုးခဲ့ရတယ်။ အဲဒီအချိန်အထိ လုပ်ငန်းက ငွေဝင်တစ်လှည့် မ၀င်တစ်လှည့် ဖြစ်နေတုန်းပဲ။ တချို့လတွေဆို တစ်လလုံးလုံး ခေါက်ဆွဲခြောက်တွေပဲ စားခဲ့ရတယ်။ ၂၀၀၉ လောက်အထိ လုပ်ငန်းက ဒီလိုပဲသွားနေရင်းနဲ့ ကျွန်တော် စင်ကာပူနိုင်ငံမှာ တော်တော်လေး ကြိုးစားရုန်းကန်ခဲ့ရပါတယ်။ ၂၀၁၀ ရောက်တဲ့ အခါမှာတော့ ကျွန်တော့်လုပ်ငန်းက တော်တော်လေး အခြေအနေကောင်းခဲ့တယ်။ တစ်လကို ဒေါ်လာသုံးသောင်းကျော်၊ မြန်မာငွေ သိန်းသုံးရာလောက် အမြတ်ငွေ ၀င်ခဲ့တယ်။နောက်နှစ်နှစ်လောက်ကြာတော့ စင်ကာပူနိုင်ငံမှာ ဒေါ်လာတစ်သန်းကျော်တန်တဲ့ ကွန်ဒိုမီနီယံတစ်ခန်းကို ကျွန်တော်ဝယ်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ စင်ကာပူနိုင်ငံမှာ လုပ်ငန်းတွေ အများအပြား ချဲ့ထွင်လုပ်ကိုင်ခဲ့ပါတယ်။
မေး။ စင်ကာပူနိုင်ငံမှာ လုပ်ငန်းတွေ အောင်မြင်နေရက်နဲ့ မြန်မာနိုင်ငံကို ဘာကြောင့်ပြန်လာပြီး လုပ်ငန်းလုပ်ကိုင်ခဲ့တာလဲ။
ဖြေ။ ၂၀၁၂ မှာမြန်မာပြည်ကို ခဏအလည် ပြန်လာတယ်။ ကျွန်တော် မန္တလေး၊ ပြင်ဦးလွင်ဘက်ကို သွားလည်တဲ့အခါ ဘာတွေတွေ့လဲဆိုတော့ မြန်မာပြည်မှာ လူ့စွမ်းအားအရင်း အမြစ်တွေ အများကြီးရှိပါလားဆိုတာကို သွားပြီးတွေ့လာရတယ်။ ပြီးတော့ မြန်မာပြည်ရဲ့အနာဂတ်ကလည်း ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်လာစရာရှိတဲ့အတွက် ချက်ချင်းပဲ နှစ်လအတွင်းမှာ စင်ကာပူနိုင်ငံမှာ လုပ်စရာရှိတာ တွေအားလုံးလုပ်ပြီး ဒီဇင်ဘာထဲမှာ မြန်မာပြည်ကို အပြီးပြန်လာပါတယ်။ ၂၀၁၃ နှစ်စမှာ ဒီကုမ္ပဏီကို လုပ်ငန်းအသစ်တစ်ခုအနေနဲ့ စတင်ချဲ့ထွင်လုပ်ကိုင်ခဲ့ပါတယ်။
မေး။ ဒီအချိန်အထိ ဖြတ်သန်းလာပြီးတဲ့အခါမှာ ဘယ်လောက်အထိ ခက်ခဲတဲ့အခက်အခဲတွေ တွေ့ကြုံခဲ့ရလဲ။
ဖြေ။ ကျွန်တော် အလုပ်မျိုးစုံ လုပ်ဖူးပါတယ်။ စားသောက်ဆိုင်တွေမှာ၊ မင်္ဂလာဆောင်တွေမှာ၊ ညစာစားပွဲတွေမှာ စားပွဲထိုး လုပ်ဖူးတယ်။ ပြီးတော့ ကလေးကစားကွင်းမှာ ကလေးတွေစီးတဲ့ ရထားတို့၊ ကားတို့မောင်းတဲ့ စက်မောင်း အနေနဲ့လည်း လုပ်ဖူးတယ်။ ကျွန်တော် မှတ်မှတ်ရရအဖြစ် တစ်ခုကဘာလဲဆိုတော့ တစ်ရက်မှာ ပိုက်ဆံ လုံးဝသုံးစရာမရှိဘဲ ပြတ်သွားတယ်။ စင်ကာပူနိုင်ငံမှာ ဆေးဝါးသုတေသနလုပ်တဲ့ ကုမ္ပဏီတွေရှိပါတယ်။ အဲဒီကုမ္ပဏီတွေက သူတို့ဆီမှာလာပြီးတော့ သွေးလှူ တာတို့၊ ဆေးဝါးသုတေသနလုပ်တာခံတာတို့ဆိုရင် သူနဲ့ထိုက်တန်တဲ့ ငွေပမာဏတစ်ခုကို ပြန်ပြီးတော့ပေးလေ့ရှိတယ်။ အဲဒီကြော်ငြာကို ကျွန်တော်တွေ့ထားဖူးတယ်။ အဲဒီတော့ ကျွန်တော်ငွေပြတ်သွားတော့ အဲဒီကုမ္ပဏီတစ်ခုဆီကိုသွားပြီး သူတို့ဘက်ကကြည့်ရင်တော့လှူတာပေါ့။ သူတို့က သွေးလှူတဲ့သူတွေကို လမ်းစရိတ်အဖြစ် ဒေါ်လာ ၃၀ ပြန်ပေးတယ်။ ကျွန်တော်ကတော့ ဒေါ်လာ ၃၀ လိုချင်တဲ့အတွက်ကြောင့် ကိုယ့်သွေးကို ကိုယ် ပြန်ရောင်းတဲ့ပုံစံမျိုး ဖြစ်ခဲ့တာပေါ့။ အခက်အခဲတွေကတော့ အများကြီးပါ။ အဲဒါကြောင့် လူငယ်တွေအနေနဲ့လည်း အခက်အခဲဆိုတာ လူတိုင်းမှာရှိတယ်ဆိုတာ သိထားရမယ်။ အဲဒီအခက်အခဲကို ဘယ်လိုကျော်လွှားရမယ်ဆိုတဲ့ ဖြေရှင်းနည်းကို စဉ်းစားနိုင်ရမယ်။ အောင်မြင်တဲ့သူနဲ့ မအောင်မြင်တဲ့သူ ကွာခြားချက်က ဘာလဲဆိုတော့ မအောင်မြင်တဲ့သူက အခက်အခဲတစ်ခုကို ကြုံတွေ့ပြီဆို အဲဒီအခက်အခဲမှာ ရပ်တန့်သွားတာများတယ်။ လက်လျှော့အရှုံးပေးလိုက်တာ များတယ်။ အောင်မြင်တဲ့သူကျတော့ အခက်အခဲတစ်ခုကို ကြုံတွေ့ပြီဆို အဲဒီအခက်အခဲကို ဘယ်လိုနည်းနဲ့ ဖြေရှင်းရမလဲဆိုတာ စဉ်းစားတယ်။ အခက်အခဲကို ဘယ်လိုကျော်လွှားမလဲ။ ကျော်လွှားလို့မရဘူးဆိုရင် ဘယ်လိုကွေ့ဝိုက်သွားမလဲ။ ကွေ့ဝိုက်သွားလို့မရဘူးဆိုရင် ဘယ်လိုငုပ်လျှိုးသွားမလဲ။ ငုပ်လျှိုးသွားလို့ မရဘူးဆိုရင် အခက်အခဲကို အလယ်ကနေ ဘယ်လို ဖောက်ထွက်သွားမလဲ။ အဲဒီလိုနည်းမျိုးစုံနဲ့ ကြိုးစားစဉ်းစားလေ့ရှိတယ်။ အောင်မြင်တဲ့သူရဲ့ အဓိကသော့ချက်ကတော့ အဲဒါပါပဲ။
မေး။ မကြာသေးမီတုန်းက အသက် ၃၀ အရွယ်မှာ မီလျံနာဖြစ်ခဲ့သူဆိုပြီး ဟောပြောပွဲပြုလုပ်ခဲ့တယ်။ အဲဒီ လိုပြုလုပ်ခဲ့ရတာရဲ့ ရည်ရွယ်ချက်ကို သိချင်ပါတယ်။
ဖြေ။ အဓိကအချက်က ဘာလဲဆိုတော့ မြန်မာနိုင်ငံမှာ လူငယ်လူရွယ်တွေက အတွေးအခေါ်တွေ မှားနေကြတာကို တွေ့ရပါတယ်။ ဘာလဲဆိုတော့ လူတစ်ယောက်ဟာ ဘ၀မှာ ကြီးပွားချမ်းသာချင်တယ်။ အောင်မြင်ချင်တယ်ဆိုရင် အရင်းအနှီး၊ အဆက်အသွယ်၊ အသိုင်းအ၀ိုင်းတွေ ရှိရမယ်ဆိုပြီး အတွေးအခေါ်တွေ မှားယွင်းနေကြပါတယ်။ အမှန်တော့ လူငယ်တွေ တွေးသင့်တာက လူတစ်ယောက်ဟာ ဘ၀မှာအောင်မြင်ချင်တယ်ဆိုရင် အရင်းအနှီး အများကြီးမလိုပါဘူး။ အဆက်အသွယ်၊ အသိုင်းအ၀ိုင်းတွေရှိဖို့ မလိုပါဘူး။ ဘ၀ကို သုညကနေ စခဲ့တဲ့သူတွေ အများကြီးရှိပါတယ်။ သုညကနေ ကြီးပွားတိုးတက်သွားတဲ့ သူတွေ အများကြီးရှိပါတယ်။ အဲဒီလိုလူတွေ ကို အတုယူနိုင်မယ်ဆိုရင် လူငယ်တွေလည်း ကြိုးစားချင်စိတ်တွေပေါ်လာပြီး သူတို့ဘ၀ကို အောင်မြင်အောင် ကြိုးစားကြမှာဖြစ်ပါတယ်။ အဲဒီလိုဦးတည်ချက်နဲ့ အခုလိုဟောပြောပွဲတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
မေး။ အခုအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ရမယ်ဆိုရင်ရော ဘယ်လိုသုံးသပ်ချင်လဲ။
ဖြေ။ သုံးသပ်ရရင် အမှားတွေလုပ်ခဲ့တာတွေ အများကြီးပါ။ စီးပွားရေးလုပ်ငန်းတွေမှာလည်း အမှားတွေ အများကြီးပါ။ လုပ်ခဲ့တဲ့လုပ်ငန်းတိုင်းလည်း မအောင်မြင်ခဲ့ပါဘူး။ အဲဒီတော့ လူငယ်တွေဘ၀မှာ အဓိကအချက်က ဘာလဲဆိုတော့ ကျရှုံးမှုနဲ့တွေ့တဲ့အခါမှာ လက်မြှောက်အရှုံးမပေးဖို့က အဓိကအချက်ပါ။ ကိုယ်လုပ်ငန်းတစ်ခု လုပ်လိုက်တယ်။ မအောင်မြင်ဘူးဆိုလည်း အားငယ်စရာ မလိုပါဘူး။ ဒီလုပ်ငန်းကို ဘယ်လိုနည်းနဲ့ ပြန်စမလဲ။ ဒါမှမဟုတ် ဘယ်လိုပိုကောင်းအောင် လုပ်မလဲ။ ဒါမှမဟုတ် တခြားလုပ်ငန်းတစ်ခု ပြောင်းလုပ်မလား။ အဲဒီလိုစဉ်းစားတတ်မှသာ လူငယ်တွေ သူတို့ဘ၀မှာ အောင်မြင်မှုတွေကို ခံစားနိုင်မှာဖြစ်ပါတယ်။
မေး။ မအောင်မြင်တဲ့အချိန်မှာ စိတ်ဓာတ်ကျတတ်သလို အောင်မြင်လာတဲ့အခါမှာလည်း အောင်မြင်မှုအပေါ် သာယာမှုဖြစ်တတ်တယ်။ ကိုယ့်အောင်မြင်မှုအပေါ်မှာ သာယာမှုမဖြစ်ဖို့အတွက် ဘယ်လိုနေထိုင်လဲ။
ဖြေ။ အဓိကကတော့ စာအုပ်တွေများများဖတ်ပါတယ်။ ဘ၀မှာ အောင်မြင်ရတဲ့ နောက်ထပ်အချက်တစ်ချက်က ဘာလဲဆိုတော့ ကျွန်တော်စာဖတ်ဝါသနာပါတာပါ။ ကျွန်တော့် ဘ၀အောင်မြင်လာတဲ့အခါမှာ ဘ၀ကိုတည် တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းနိုင်အောင်လို့ ဘာသာရေးစာပေတွေက အထောက်အကူပေးပါတယ်။ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတဲ့ အဆုံးအမတွေအတိုင်း လိုက်ပြီးတော့ နေထိုင်တဲ့အခါမှာ ဘ၀မှာစိတ်ငြိမ်းချမ်းမှုတွေ ရရှိပါတယ်။
မေး။ အကြံပေးစကား ပြောပြပေးပါ။
ဖြေ။ အခက်အခဲတစ်ခု တွေ့လာတဲ့အခါမှာ လက်လျှော့အရှုံးမပေးဖို့ အကြံပေးချင်ပါတယ်။ နောက်တစ်ခုက ဘ၀ရဲ့ ရည်မှန်းချက် ခိုင်ခိုင်မာမာထားရှိရမယ်။ ဥပမာဆိုရင် နောက်တစ်နှစ်အတွင်းမှာ ငါဘာဖြစ်ရမယ်။ နောက်သုံးနှစ်အတွင်းမှာ ငါဘာဖြစ်ရမယ်ဆိုတာမျိုး ဘ၀ရည်မှန်းချက် ခိုင်ခိုင်မာမာ ထားရှိမှသာ အဲဒီရည်မှန်းချက် ပန်းတိုင်ကို အရောက်သွားနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ဘ၀မှာ ဘာလိုချင်တယ်။ ဘာဖြစ်ချင်တယ်ဆိုတာ သိမှသာ အဲဒီနေရာတွေကို ကိုယ်က အရောက်သွားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဘ၀ရဲ့ ဦးတည်ချက်ပန်းတိုင်ကို ခိုင်ခိုင်မာမာ တိတိကျကျချမှတ်ထားဖို့ လိုပါတယ်။
Credit: Eleven Media Group