ငါက နိုင်ငံတကာလှည့်လာတာကွ အင်္ဂလန်၊ အမေရိကန်၊ ဂျပန်၊ ဂျာမနီ၊ အိန္ဒိယ အကုန်ပဲ။
ဟ . . . တယ်စုံပါလား အားကျသကွာ။
အင်း . . . ခုလကုန်တောင် ဘုံဘိုင် တစ်ခေါက်ပြန်သွားရဦးမယ်။
ဟုတ်လား . . ဘာဖြစ်လို့လဲ။
ဆပ်ပြာခွက် ကျန်ခဲ့လို့။ ။
အဲဒီပြက်လုံးမျိုးဟာ လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်ကဆို ပရိသတ် ၀ုန်းခနဲ ပွဲကျတဲ့ ပြက်လုံးမျိုး ဖြစ်ခဲ့တာပေါ့။ လွန်ခဲ့တဲ့နှစ် ၃၀ လောက် အထိလည်း ရယ်မောကြတုန်းပါ။ အခု IT ခေတ်မှာ သွားပြက်ရင်တော့ ရယ်သံတွေအရင်လောက်ရမယ် မထင်ဘူး။ ခေတ်တွေက ပြောင်းသွားပြီကိုး။
ကျွန်တော်တို့ငယ်ငယ် ၁၉၉၀ တစ်ဝိုက်လောက်အထိ မြို့ထဲက လမ်းထိပ်တွေမှာ စည်ပင်သာယာပိုင် (အဲဒီခေတ်အခေါ် မြူနီစီပယ်ပိုင်ပေါ့) ရေဘုံပိုင်တွေ ရှိတယ်။ ရပ်ကွက်နေ အိမ်ထောင်စုတွေက အဲဒီဘုံပိုင်ကိုလာပြီး ရေချိုး၊ အ၀တ်လျှော်၊ ပန်းကန်ဆေး လုပ်ကြတယ်။ သောက်ရေကိုလည်း အဲဒီ ဘုံပိုင်ကပဲ ယူကြတာပဲ။ ငွေကြေးတတ်နိုင်တဲ့အိမ်တွေကတော့ ဘုံပိုင်ကရေကို လူငှါးနဲ့ ပိုက်ဆံပေးပြီးသယ်ခိုင်းတယ်။ ဒါကြောင့် ရေထမ်းသမာဆိုတဲ့ ဝေါဟာရ ပေါ်လာတာပေါ့။
ကျွန်တော် ငါးနှစ်သားအထိနေခဲ့ဖူးတဲ့ ၂၈ လမ်းမှာ ကျွန်တော်တို့ငှါးနေတဲ့ လေးထပ်တိုက်လှေကားက ဆင်းလိုက်တာနဲ့ အမြင့် သုံးပေလောက် ကွန်ကရစ်တိုင်ကြီး တွေ့ရမယ်။ ကွန်ကရစ်တိုင်က ကိုးလက်မပတ်လည်လောက်ရှိမယ်။ တောင်-မြောက် မျက်နှာစာနှစ်ဖက်မှာ ဘုံပိုင်ခေါင်းနှစ်ခု တပ်ပေးထားတယ်။ ရေသုံးချင်တဲ့သူတွေက ဘုံပိုင်ခေါင်းဖွင့်ပြီး သုံးရုံပဲ။ ကျွန်တော် ကလေးအမြင်နဲ့တွေ့ခဲ့သလောက်ကတော့ ရေချိုးတဲ့သူတွေကလွဲရင် ဘုံပိုင်မှာအထိုင်ချပြီး ကိုယ်လုပ်ချင်တဲ့အလုပ်ကို မပြီးမချင်းထိုင်လုပ်နေတတ်တဲ့ ဘုံပိုင်အပိုင်စီးသူတွေ မတွေ့ခဲ့ဖူးပါဘူး။ လမ်းကလည်း ရှင်းနေတယ်၊ ကားအသွားအလာကလည်း တော်တော်နည်းပါးတဲ့ခေတ် ဖြစ်နေတော့ လမ်းဘေးကျောက်ပြားတွေပေါ်မှာ အ၀တ်လျှော်ကြ၊ ပန်းကန်ဆေးကြ၊ သားငါးကိုင်ကြလို့ ရတယ်။
တစ်နေ့တစ်နေ့ ရေဘုံပိုင်ကိုဗဟိုပြုလို့ အနီးအနားမြောင်းဖုံးကျောက်ပြားတွေပေါ်မှာ အ၀တ်လျှော်နေတဲ့၊ ပန်းကန်ခွက်ယောက်အိုးခွက် ဆေးကြောတိုက်ချွတ်နေကြတဲ့၊ သားငါးခုတ်ထစ်ကိုင်တွယ်နေကြတဲ့ အိမ်ရှင်မတွေဟာ ရန်ကုန်မြို့ပြ မြို့လယ်ကောင်ရှုခင်းတစ်ရပ်ဖြစ်ခဲ့တယ်ဆိုလည်း မမှားပါဘူး။ အောက်ထပ်မြေညီမှာနေတဲ့အိမ်ရှင်မတွေက အကြောင်းမဟုတ်ဘူး။ ဘုံပိုင်ကရေကို ပုံးနဲ့သယ်၊ မီးဖိုချောင်ထဲယူသွား၊ ကိုယ်လုပ်စရာရှိတာ လုပ်၊ ရေကုန်သွားရင် ပုံးယူပြီး ဘုံပိုင်မှာ သွားသယ်၊ အဆင်ပြေနိုင်ပေမယ့် အပေါ်ထပ်တွေမှာနေတဲ့ အိမ်ရှင်မတွေကျတော့ ကူသယ်ခေါက်သယ် မလုပ်နိုင်ဘူးလေ။ ဒီတော့ အိမ်ပေါ်က ပုံးလေးသယ်လာ၊ ဘုံပိုင်ကရေ ခပ်၊ အနီးအနားက မြောင်းဖုံးကျောက်ပြားပေါ်မှာတင်ပဲ ကိုယ်လုပ်စရာရှိတာ လုပ်၊ ရေကုန်ရင် သွားသယ်ဖို့ကလည်း နီးတော့ အဆင်ပြေတာပေါ့။
ညနေပိုင်းဆိုရင်တော့ ဘုံပိုင်မှာ ရေချိုးတဲ့သူတွေ စည်ပြီ။ အလုပ်ကပြန်လာသူတွေက အားလပ်ချိန် ညဦးပိုင်းမှာ လည်မယ်ပတ်မယ်၊ ရုပ်ရှင်ကြည့်မယ် ဒီလိုစိတ်ကူးနဲ့ ရေမိုးသန့်စင်ပြီး အပြတ်ရွှိုင်းကြတယ်။ ယောက်ျားတွေရေချိုးပြီးချိန်လောက်ကျ အိမ်ထောင်သည်နဲ့ သက်ကြီးပိုင်းမိန်းမသားတွေ ချိုးကြ။ မိန်းမသားတွေရေချိုးတုန်း ရေချိုးဖို့ဆင်းလာတဲ့ယောက်ျားသားနောက်တစ်သုတ်က ဘုံပိုင်မအားသေးရင် မလှမ်းမကမ်းမှာပဲ ခြင်းခတ်ရင်း၊ ဆေးလိပ်သောက်ရင်း၊ စကားပြောရင်း စောင့်ကြ။ အဲဒီခေတ်က အလုပ်ပြန်ချိန်ကလည်း သိပ်နောက်မကျလှဘူး။ နေလုံးမပျောက်ခင် အိမ်ပြန်ရောက်ကြတာ များတယ်။ မိုးစုပ်စုပ်ချုပ်ပြီးမှ ပြန်လာတဲ့သူ ရှားတယ်။ တစ်ယောက်စနှစ်ယောက်စ အဲဒီလိုပုဂ္ဂိုလ်မျိုးကျတော့ ရေဘုံပိုင်မှာ လူရှင်းသွားပြီမို့ စိမ်ပြေနပြေချိုးလို့ရတယ်။ ရေချိုးပုံချိုးနည်းကတော့ ရေခံထည့်ဖို့ ပုံးရယ်၊ ရေခပ်ချိုးဖို့ ခွက်ရယ်၊ ဆပ်ပြာတုံးရယ် အိမ်ကယူလာရတာပေါ့။ ရေလဲပုဆိုးကတော့ အိမ်ကထွက်လာကတည်းက ၀တ်လယပြီးသား၊ ရေချိုးပြီး လဲဝတ်ဖို့ပုဆိုးနဲ့ ရေသုတ်တဘက်ကိုတော့ အိမ်ကတည်းက ယူလာချင်လည်း ယူလာ၊ ယူမလာချင်လည်း ရေချိုးအပြီး ရေစက်လက်နဲ့ပဲ အိမ်ပေါ်ပြန်တက်သွားပြီး ကိုယ့်အိမ်ကိုယ်ကျမှ လဲပေါ့။
မိန်းမပျိုလေးတွေရှိတဲ့အိမ်ကတော့ သမီးပျိုတွေကို ဘုံပိုင်လွှတ်ပြီး ရေမချိုးခိုင်းပါဘူး။ အထမ်းသမားနဲ့ ရေ၀ယ်ပြီး အိမ်မှာပဲချိုးခိုင်းလေ့ရှိတယ်။ အဲဒီလို ဘုံပိုင်မှာရေချိုးရင်း ကြုံရလေ့ရှိတာကတော့ များသောအားဖြင့် ယူသွားတဲ့ ကိုယ့်ဆပ်ပြာခွက် မေ့ကျန်ခဲ့တာပဲ။ အလာတုန်းကတော့ ရှင်းတယ်လေ၊ ပုံးအလွတ်ထဲ ခွက်ထည့်၊ ခွက်ထဲ ဆပ်ပြာခွက် ထည့်၊ ဘုံပိုင်ရောက်မှ ချိုးလိုက်ရုံ။ ချိုးပြီးပြန်တော့ ရေတစ်ပုံးလောက် အိပြန်သယ်သွားကြစမြဲ။ ဘာလို့လဲဆိုတော့ အိမ်သာသုံးဖို့ပဲဖြစ်ဖြစ် ခြေဆေးဖို့ပဲဖြစ်ဖြစ် ရေတစ်ပုံးလောက်တော့ သယ်သွားမှဖြစ်မယ်လေ။ ပုံးအလွတ်ကြီးအတိုင်းပြန်တက်သွားတာနဲ့စာရင် ရေလေး တစ်ပုံးလောက် ပြန်သယ်သွားတာက ဘာမှ အပန်းမကြီးဘူး။ အဲဒီမှာတင် ပုံးထဲ ရေဖြည့်၊ ရေခွက် ထည့်၊ ပုဆိုးပြင်ဝတ်၊ လှည့်ထွက်လာတော့ ဘေးမှာချထားတဲ့ဆပ်ပြာခွက် မေ့ကျန်ခဲ့ရော။ ဒီကြားထဲ ကိုယ်ကာယအလှ ကစားထားတဲ့သူများဆို ကိုယ့်ကာယဗလအလှကို ဘယ်အပျိုချောကများ တိတ်တခိုးချောင်းကြည့်ရင်း ရင်ခုန်သံမြန်နေပါလိမ့်မလဲလို့ အာရုံတွေ ထွေပြားပြီး အမေ့မေ့အလျော့လျော့ဖြစ်ကျန်ခဲ့တဲ့ ဇာတ်လိုက်ကျော်ကလည်း အဲဒီ ဆပ်ပြာခွက်ပဲဗျ။ ဟုတ်တယ်။ အဲဒီခေတ်တွေတုန်းကတော့ ယောက်ျားဆိုတာ အားခွန်ဗလပြည့်စုံပြီး ကြွက်သားအဖုအဖု ထုထုပြီး ခရာချင်စရာ ဟာကြူလီဂိုက် ဖမ်းနေမှ မိန်းမတွေက သဘောကျကြတာ။ ဒါကြောင့်လည်း လူပျိုကာလသားတွေခမျာ ၀ိတ်အလေးကြီးတွေ အပင်ပန်းခံပြီး မ၊ ကြွက်သားလေး အထစ်ထစ်ဖြစ်လာရင် ရေဘုံပိုင်မှာ ရေကိုအချိန်ဆွဲချိုးရင်း ဗလတွေထုတ်ပြဖို့က သူတို့အခွင့်အရေးဖြစ်နေတော့တာကလား။
အဲဒီသဘောတွေက အဲဒီခေတ်လူနေမှုဘ၀ကို ကိုယ်စားပြုနေတာ အထင်အရှားဆိုတော့ ဒီဖြစ်ရပ်ကိုအခြေတည်ပြီး ရေချိုးတဲ့ ဘုံပိုင်နဲ့ အိန္ဒိယနိုင်ငံကမြို့ ဘုံဘိုင် သံတူကြောင်းကွဲနှစ်ခု စပ်ဟပ်လိုက်တဲ့အခါ ရသမြောက်တဲ့ပြက်လုံးတစ်ခု ဖြစ်လာတာပါပဲ။
အမှန်မှာတော့ အဲဒီမြို့နာမည်က ဘုံဘေ ပါ။ ဒါပေမဲ့ တချို့ မြန်မာလူကြီးပိုင်းတွေက ဘုံဘေကို ဘုံဘေလို့အသံမထွက်ဘဲ ဘုံဘိုင်လို့ အရပ်ဒေသတော်တော်များများမှာ ခေါ်နေကြတာကလည်း ရှိတာကိုး။ ခုတော့ ရေဘုံပိုင်မှာ ရေချိုးတဲ့ အလေ့အထကလည်း မရှိတော့၊ ဘုံဘိုင်လို့ အာလုပ်ပြုကြတဲ့ ဘုံဘေကလည်း မွမ်ဘိုင်းဖြစ် ဆိုတော့ ဒီပြက်လုံးကို ဒီခေတ်လူငယ်တွေ ဘယ်ပွဲကျတော့မလဲ။
အဲဒီခေတ်တုန်းက အိမ်တွေမှာ ရေချိုးခန်းရယ်လို့ သီးသီးခြားခြားမရှိသေးဘူး။ အိမ်သာတစ်ခန်းပဲ ထည့်ဆောက်ထားတာ။ မီးဖိုခန်းတစ်ခွင်တစ်ပြင်လုံးက ကွန်ကရစ်ခင်းထားတဲ့ အင်္ဂတေပြင်ကြီး။ တိုင်ကီတစ်လုံးတော့ အနည်းဆုံး ထားကြတယ်။ တိုင်ကီထဲကိုတော့ ရေဘုံပိုင်ကရေကိုပဲ အားကောင်းမောင်းသန်အိမ်သားတွေ သယ်ယူလို့ဖြစ်ဖြစ်၊ ရေထမ်းဝယ်ပြီးတော့ပဲဖြစ်ဖြစ် ဖြည့်ထားရတယ်။ ရေဖြည့်ပြီးပြီးချင်း သောက်ရေအိုးဖြည့်၊ ပြီးမှ တခြား အလိုရှိရာသုံးပေါ့။ ၁၉၇၀ မကျော်ခင် ရှိခဲ့တဲ့တိုက်ခန်းတွေမှာ အဲဒီသဘော များပါတယ်။ အဲဒီနောက်ပိုင်းကျမှ ခေတ်အမြင်ခေတ်အတွေး ပြည့်ဝလာပြီး အိမ်သာဘေးမှာ ရေချိုးခန်းကပ်ဆောက်လာကြရင်း
ရေချိုးခန်းဓလေ့ ဖြစ်ထွန်းလာတာပါ။ အိမ်ခန်းတွေထဲအထိ ပိုက်လိုင်းသွယ်ပြီး တိုက်ရိုက်ရေဖြန့်ဝေတဲ့စနစ်ကို စည်ပင်က တစ်စတစ်စအကောင်အထည်ဖော်ပေး ခဲ့ပြီးတဲ့ နောက်ပိုင်း လူတွေကလည်း ဘုံပိုင်ကို အဖက်မလုပ်၊ ကြုံလို့ လာသုံးတဲ့သူကလည်း ဖွင့်ပြီး မပိတ်ဘဲထားခဲ့။ တချို့ဘုံပိုင်ခေါင်းတွေက ပျက်စီးပြီး ရေတွေ အလဟသဖြစ်ကုန်တော့ နောက်ဆုံး အများပိုင်ဘုံပိုင်တွေကို စည်ပင်က လိုက်ဖျက်သိမ်းနဲ့ ဘုံပိုင်ရာဇ၀င် တစ်ခန်းရပ်ခဲ့ပေါ့။
တကယ်တော့ ဘုံပိုင်ရဲ့ ဝေါဟာရအနက်ဇာစ်မြစ်ကို ကျွန်တော် မသိ။ သို့ပေမဲ့ မြန်မာလို စကားစပ်အဓိပ္ပါယ်ကိုတော့ သဘောအလွန်ကျမိတယ်။ ဘုံပိုင်ဆိုတော့ ဘုံပိုင်ဆိုင်မှု၊ အမျာနှင့်သက်ဆိုင်သောအရာ ပေါ့။ ကျွန်တော့်ကိုယ်တွေ့ဖြတ်သန်းမှုအရလည်း ဒါ အများနဲ့သက်ဆိုင်ခဲ့တာပဲလေ။ စည်းမရှိသူ၊ အခွင့်အရေးပိုယူချင်သူ စုန်းပြူးတစ်ယောက်တလေရှိတယ်ဆိုပေမဲ့ ဒီလိုလူတွေက အများကို ကိုယ်စားမပြုပါဘူး။ ကိုယ်ချင်းစာတရား၊ ကူညီယိုင်းမှု၊ ဖေးမ ထောက်ထားမှု စတဲ့ အနှစ်သာရကောင်းတွေ ထုံမွမ်းနေတဲ့ အများဆိုင် ရေယဉ်ကျေးမှုတစ်ရပ် မြို့ပြအင်္ဂါရပ်တွေထဲကနေ တိမ်မြုပ်ပျောက်ကွယ်သွားတာ နှမြောဖို့ကောင်းတဲ့ အမျိုးသားရေးအခင်းအကျင်းတစ်ရပ်ပဲလို့ ကျွန်တော်ကတော့ ခုထိမှတ်ယူနေမိတုန်းပါပဲ။
ကျော်ဇောလေး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com