ချစ်သူက မိလ္လာကိုယ့်မှာက ဇလား။
မကြင်နာ တမင်စိမ်းတယ်သိမ်းတဲ့ ကုလား။
လွန်ခဲတဲ့ နှစ် ၄၀ ကျော်လောက်က အလွန်ရသမြောက်ခဲ့တဲ့ ဟာသကဗျာလေးပါ။ ကာတွန်းစာအုပ်တစ်အုပ်ရဲ့ အသည်းကွဲဇာတ်ဝင်ခန်းမှာ ဖော်ပြဖူးခဲ့ပါတယ်။ မတော်မတည့် နှိုင်းယှဉ်ရရင်တော့ ရိုမီယိုနဲ့ ဂျူးလိယက် ဇာတ်လမ်းမျိုးပေါ့။ အချစ်ကြီးချစ်တဲ့ ချစ်သူနှစ်ယောက် မိဘ၊ ဆွေမျိုး၊ အသိုင်းအ၀ိုင်း၊ ဂုဏ်တံတိုင်း၊ ငွေတံတိုင်း၊ ရာထူးဂုဏ်သိန်တံတိုင်း၊ ကံကြမ္မာတံတိုင်း စတဲ့ထဲက တစ်ခုခုကြောင့် အဝေးကြီးဝေးကြရတဲ့အဖြစ်အပျက်ပါ။
ဒါပေမဲ့ ကာတွန်းစာအုပ်ဖြစ်လေတော့ ဟာသအမြင်နဲ့ ကစ်ထည့်လိုက်တာ အဲဒီအတိုင်းဖြစ်သွားတာပဲ။ ဒါပေမဲ့ တင်စားချက်က သဘာဝကျတဲ့အပြင် အသင့်ယုတ္တိကလည်းရှိနေတော့ ပြောချင်တဲ့ဆိုလိုရင်းကို ဒက်ခနဲထိရုံမက ဟာသအတွေးအမြင်လေးကလည်း ရသ ပိုမြောက်သွားစေတဲ့အတွက် ဖတ်မိသူတိုင်း နှစ်သက်ရွှင်ပြုံးခြင်း ဖြစ်ရပါတယ်။
အဲဒီခေတ်တုန်းကလည်း တကယ်ကို ဇလားအိမ်သာတွေပဲ ရှိခဲ့သကိုး။ ရန်ကုန်မြို့ထဲမှာရှိတဲ့ တိုက်ခန်းတွေကလွဲရင် ကန်တော်လေးတို့၊ အလုံတို့၊ တာမွေတို့လို မြို့ထဲနဲ့သိပ်မဝေးလှတဲ့နေရာတွေမှာတောင် ဇလားအိမ်သာနဲ့ ကျင်းအိမ်သာတွေ မင်းမူနေတာကိုး။ ရေလောင်းအိမ်သာဆိုတာက မြို့ထဲတိုက်ခန်းတွေအတွက်ဖြစ်ပြီး ရေဆွဲအိမ်သာဆိုတာကတော့ တကယ့်ကို ပညာတတ်၊ ရာထူးကြီး၊ ပေါက်ပေါက်ရောက်ရောက်နဲ့ ခေတ်အမြင်ခေတ်အတွေးရှိတဲ့ အသိုင်းအ၀ိုင်းလောက်ပဲ သုံးကြသေးတာကလား။
ကျင်းအိမ်သာဆိုတာက မြေကြီးကို ကျင်းအရင်တူး၊ ကျင်းအနက် စိတ်ကြိုက်ရပြီဆိုမှ ကျင်းကိုခွပြီး တိုင်လေးတိုင် ထူ၊ ထိုင်ပေါက်ချန်ပြီး အခင်းခင်း၊ အကာဆောက်၊ အမိုးတပ်၊ တံခါးထည့် ဒီလိုနဲ့ လုံလုံခြုံခြုံရှိတဲ့ ကျင်းအိမ်သာတစ်လုံး ဖြစ်။ ဇလားအိမ်သာကျတော့ မြေကြီးမှာ ကျင်းတူးစရာတော့ မလိုဘူး။ ဆောက်တဲ့ပုံစံ အတူတူ၊ အဲ . . . ထိုင်ပေါက်အောက်မှာခံဖို့ သစ်သားဇလားတစ်ခု ပိုလာတယ်။ ဇလားအိမ်သာက အပြည့်မြန်တယ်။ ဒီအိမ်သာသုံးတဲ့အရေအတွက်ပေါ်မူတည်ပြီးပေါ့။ ရန်ကုန်မှာ လူဦးရေက ခုလောက်ထူထပ်သေးတာမှမဟုတ်တာ ဒီတော့ တစ်အိမ်ကိုအိမ်သာတစ်လုံးစနစ်လည်းမဟုတ်ဘူး။ အိမ်သာတစ်လုံးကို နှစ်အိမ်၊ သုံးအိမ် စသဖြင့် သုံးကြတာ။ ဒါလည်း အတိအကျမဟုတ်ဘူး။ နီးစပ်ရာအိမ်တွေကလည်း လာပြီး အားပေးချီးမြှင့်ကြတာပဲ။
ကိုယ်ပိုင် ခြံလေးဝင်းလေးနဲ့ သတ်သတ်မှတ်မှတ် သီးသီးခြားခြားနေကြသူတွေကတော့ ကိုယ့်ခြံရဲ့ နောက်ဘက်အစွန်လောက်မှာ အိမ်သာဆောက်ထားပြီး ကိုယ့်အိမ်သားတွေပဲအသုံးပြုကြလို့ ဘာမှ ဇယားမရှုပ်ပေမဲ့ ခြံဝိုင်းကျယ်တစ်ခုထဲမှာ အဆင်သင့်သလို စုပြီး အိမ်ဆောက်နေကြသူတွေအတွက်တော့ တစ်အိမ်ကို အိမ်သာတစ်လုံး လုပ်ထားလို့ မရနိုင်ဘူးလေ။ ဒီတော့ ၀င်းထဲကမိသားစုတွေ စုစည်းတိုင်ပင်ပြီး ၀င်းထဲက မျက်နှာစာမကျဆုံးနေရာမှာ အများသဘောတူ အများသုံးအိမ်သာ တူးလိုက်ရတာပဲ။
ဇလားအိမ်သာ ပြည့်ရင် မြူနီစီပယ် အခုအခေါ် စည်ပင်သာယာပေါ့ အဲဒီအဖွဲ့က လာသိမ်းပေးတယ်။ မိလ္လာသိမ်းသမား ခေါ်တာပေါ့။ မိလ္လာသိမ်းသမားတွေက စစ်တကောင်းဘက်က ခေါ်တောတွေချည်းပဲ။ သူတို့ဘာသာစကားနဲ့ ဂျာဒူးဝါလားလို့ ခေါ်တယ်။ သူတို့တွေက ညနေတိုင် မှောင်စပျိုးချိန်ကျရင် သူတို့ဆီမှာစာရင်းပေါက်ထားပြီးသား ဇလားအိမ်သာရှိတဲ့ရပ်ကွက်တွေထဲဝင်ပြီး မိလ္လာဇလားတွေ သိမ်းတယ်။ သိမ်းတယ်ဆိုတာက ဇလားလိုက်သိမ်းသွားတာမဟုတ်ဘူး။
ပထမဆုံး အိမ်သာအောက်က ဇလားကို ဆွဲထုတ်၊ ဇလားထဲကမိလ္လာတွေကို လက်တွန်းလှည်းထဲသွန်ထည့်၊ ဇလားကို ရေနဲ့ဆေးကြော၊ ပိုးသတ်ဆေး ဖျန်း၊ အိမ်သာအောက် ထိုင်ပေါက်နဲ့ချိန်ပြီး ပြန်ထည့်၊ နောက်အိမ်သာတစ်လုံးကို ကူး၊ ဇလားထဲကသွန်ထည့်လိုက်တဲ့ မိလ္လာတွေ လက်တွန်းလှည်းထဲပြည့်သွားရင် ကားဆီယူသွား၊ လက်တွန်းလှည်းထဲကနေ ကားထဲပြောင်းထည့်။ တစ်ရပ်ကွက်ကို အနည်းလေးတော့ နှစ်နာရီလောက် ကြာတယ်။ အဲဒီတစ်လျှောက်လုံးတော့ အဲဒီရပ်ကွက်ဟာ မိလ္လာရနံ့ ထုံပျံ့ ဆွတ်လူး အာရုံမူးဝေစရာအတိနဲ့ပါ။
ကျွန်တော့်ဘကြီးတစ်ယောက် အိမ်သွားဝယ်တာ သတိရမိသေးတယ်။ သူသွားကြည့်တဲ့အိမ်က နှစ်ထပ် ကျွန်းအိမ်ကြီး၊ ခြံလေးဝင်းလေးကလာ်း သိပ်အကျယ်ကြီးမဟုတ်ပေမဲ့ ရှေ့-နောက် မြေပိုလေးနဲ့၊ ရပ်ကွက်ကလည်း ဆိတ်ငြိမ်တယ်။ ဒါနဲ့ သူ ငွေချေပြီး ပြောင်းလာတယ်။ တစ်မိသားစုလုံးကလည်း ဒီလိုအိမ်ကို ဒီလိုဈေးနဲ့ရလိုက်တာ အရတော်လေစွဆိုပြီး ကျေနပ်အားရနေကြတယ်။ ညနေစောင်းတော့ အိမ်သစ်ရောက်ခြင်းအထိမ်းအမှတ် ဖွယ်ဖွယ်ရာရာချက်ပြုတ်ထားတဲ့ထမင်းဝိုင်းမှာ မိသားစုတွေ ဟင်းမျိုးစုံလင်စွာ တည်ခင်းလို့ family dinner ပွဲကြီး ၀ှဲချီးကျင်းပတော့မယ်လို့ အိမ်သားတွေအစုံ ထမင်းဝိုင်းမှာစုဆုံပြီး အထိုင်လိုက် . . . စူးစူးဝါးဝါး ဆိုးရွားလှတဲ့ အနံအစော်ကြီးတစ်ခု သူတို့ရှိရာဆီ လေဟုန်စီးပြီး good evening ရယ်လို့ နှုတ်ဆက်လိုက်တာကြောင့် နှာခေါင်းလေးတွေကိုယ်စီပိတ်ရင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မင်တက်မိသွားကြတယ်။ အကျိုးအကြောင်းသိရအောင် နှစ်ထပ်ကျွန်းအိမ်ကြီးရဲ့ အပေါ်ထပ် ပြတင်းပေါက်ကနေ ၀န်းကျင်အခင်းအကျင်းကို စေ့ငုမိတဲ့အခါကျမှ သူတို့အိမ်သစ်ကြီးရှေ့မှာ ကွပ်ကဲရေးဌာနချုပ် မိလ္လာကားကြီးက အခံ့သား။ ဌာနချုပ်ကို ထောက်ပံ့ရေးမပြတ်ပေးနေတဲ့ လက်တွန်းလှည်းတပ်ကလည်း ပျားပန်းခပ်။ မြေပြင်စစ်သည် မည်းချိပ်ရည်တို့ကလည်း အပေါ်ပိုင်းဗလာ၊ အောက်လွှာနံငယ်ပိုင်းလောက်လေးတွေနဲ့ တက်ကြွအားအင် တိုက်ပွဲဆင်ကြပေါ့။
တိုတိုပြောရရင် အဲဒီညက သူတို့တစ်အိမ်သားလုံး ထမင်းစားပျက်။ ည ၈ နာရီလောက်ကစလို့ တဖြည်းဖြည်းပြယ်သွားတဲ့ မိလ္လာနံ့နေရာမှာ သဘာဝလေအေး မိမွေးတိုင်းဖမွေးတိုင်း ပြူတစ်ပြူတစ်ဖြစ်လာမှ လူငယ်ပိုင်းက ည ၁၀ နာရီလောက်မှာ ထမင်းအေးဟင်းအေးကို စိတ်မပါလက်မပါ စားကြ၊ လူကြီးပိုင်းကတော့ ကော်ဖီလေး မုန့်လေးနဲ့ပဲ ၀မ်းမီးကိုငြှိမ်းလိုက်ရ။
နောက်နေ့ နောက်နေ့တွေမှာလည်း ထိုနည်းလည်းကောင်း ထိုနည်းလည်းကောင်း မဟောင်းတဲ့သနစ်နဲ့ မပြောင်းမလဲချစ်မယ်လို့ သစ္စာတိုင် ပန္နက်ရိုက်ထားတဲ့အလား မိလ္လာကွပ်ကဲရေးဌာနချုပ်က သူတို့အိမ်ရှေ့မှာ ပုံစံမပျက် ရပ်မြဲ။ တစ်ရပ်ကွက်လုံးစွန့်တဲ့မစင် သူတို့အိမ်ရှေ့မှာ အကုန်အစင်တင်နေတဲ့အဖြစ်ကြီးကို မခံစားနိုင်တဲ့အဆုံး နှစ်ထပ်ကျွန်းအိမ်ကြီးကို ရတဲ့ဈေးနဲ့ပြန်ရောင်းပြီး ပြောင်းပြေးရလေရဲ့။ အဲဒီကစလို့ "မင်းတို့ . . . အိမ်များဝယ်တော့မယ်ဆိုရင် နေ့ပိုင်းတစ်ခေါက် သွားကြည့်ရုံနဲ့ လုံလောက်ပြီမထင်နဲ့ဟေ့ . . . ညဦးပိုင်း၊ ညနက်ပိုင်း မသိမသာ သွားစနည်းနာပြီး အကြိုက်တွေ့မှ ၀ယ်ဗျ" ဆိုတဲ့စကားကို အိမ်ဝယ်မယ့်ဆွေမျိုးသားချင်းအားလုံးဆီ လိုက်ပြောနေတော့တာ။
ခုခေတ်မှာတော့ ခေတ်အမြင် ခေတ်အသိနဲ့ ကျန်းမာရေးဗဟုသုတတွေလည်း ပြည့်စုံနေပြီဆိုတော့ အိမ်တွေမှာ ရေလောင်းအိမ်သာတွေတင်မက ရေဆွဲအိမ်သာတွေ၊ ဘိုထိုင်တွေနဲ့ ခမ်းနားနေကြပါပြီ။ ဒါပေမဲ့ ခက်တာတစ်ခုက ရေဆွဲအိမ်သာအတွက်ဆို ရေက အထက်ကကျမှဖြစ်မှာဆိုတော့ အိမ်သာပေါ် ရေကန်၊ ဒါမှမဟုတ် ရေစည် တင်ထားမှ ဖြစ်တာ။ မြို့ပြလက္ခဏာ ကန်ထရိုက်တိုက်ခန်းဆိုတာကလည်း ရှေ့-နောက် တို၊ ဘေးတိုက် ကျပ်၊ အထက်-အောက် ပိ . . . အနေအထားမျိုး ဖြစ်နေလေတော့ ရေဆွဲအိမ်သာ ပီပီပြင်ပြင်နဲ့ နှစ်ပါးသွားနိုင်ဖို့အရေးဟာ တော်တော်ခက်သဗျ။ အိမ်အသစ်ကလေးပေါ် စတက်တက်ချင်းတုန်းကတော့ မျက်နှာကြက်အောက်မှာ ဆင့်တန်းလေးကတ်သတ်ထိုးပြီးတင်ထားတဲ့ တိုင်ကီမဖြစ်ညစ်ကျယ်လေး ရေစီးရေလာ ကောင်းနေတော့ ခလုတ်ကလေး ဒေါက်ခနဲနှိပ်၊ ရေလုံးအင်အားက ဝေါခနဲဆွဲချသွား၊ အဆင်ကိုပြေလို့။ လပိုင်းလောက်လည်းကြာရော တိုင်ကီပိုက် ဆို့ရတာနဲ့၊ ရေဆင်းဘား ဖောက်တာနဲ့၊ ရေဆွဲဘော ကြောင်တာနဲ့၊ ခလုတ်တွေ ချောင်ကုန်တာနဲ့ ရေဆွဲအိမ်သာဘ၀ကနေ ရေလောင်းအိမ်သာဘ၀ စုတေခဲ့။
ဘာပဲပြောပြောလေ . . . တောထိုင်တယ်၊ အခင်းလေး-အခင်းကြီး သွားတယ် ဆိုတဲ့အနေအထားကနေ ဇလားအိမ်သာ၊ ကျင်းအိမ်သာ၊ ရေလောင်းအိမ်သာ၊ ရေဆွဲအိမ်သာ၊ ဘိုထိုင်အိမ်သာ စသဖြင့် ဆင့်ကဲတိုးတက်မှုဖြစ်စဉ်ဟာ လူ့ယဉ်ကျေးမှုတစ်ခုလုံးကို အရှင်းသားထင်ဟပ်ပြနေတာပါ။ ဝေးလံခေါင်သီတဲ့ဒေသတွေမှာတောင် တောထိုင်တဲ့ဓလေ့ ကွယ်ပျောက်ပြီး အိမ်သာအသုံးပြုရမှန်း သိကုန်ကြပါပြီ။
ရှေးလူကြီးတွေက အမြော်အမြင်ရှိရှိနဲ့ ပေးခဲ့တဲ့နာမည်လေး ပျောက်ကွယ်တိမ်မြုပ်သွားမှာ မဟုတ်ပါဘူး။ ဒီနေရာလေးဟာ ကိုယ်တွင်းဝေဒနာတွေကို စွန့်ထုတ်ဖြေရှင်းရာဖြစ်တာမို့ တစ်အိမ်လုံး နေရထိုရ သာယာစေဖို့ အရင်းအမြစ်တစ်ရပ်ဖြစ်တာကြောင့် "အိမ်သာ" ရယ်လို့ ကင်ပွန်းတပ်ခဲ့တဲ့အမည်လေးဟာ အနှစ်သာရတွေ ပြည့်ဝနေပါတယ်။ ဘယ်လိုပုံစံနဲ့ဆောက်တဲ့အိမ်ပဲဖြစ်စေ အိမ်သာရဲ့အခန်းကဏ္ဍ မပါလို့ မဖြစ်ပါဘူး။ တကယ်တော့ အိမ်သာဆိုတာ ခန္ဓာကိုယ်ထဲက မလိုအပ်တော့တဲ့အညစ်အကြေးတွေကို စွန့်ထုတ်ရာနေရာပဲမဟုတ်ပါလား။ အဲဒီစွန့်ထုတ်မှုကို ပရမ်းပတာမဟုတ်ဘဲ အနုပညာမြောက်စွာလုပ်ဆောင်နိုင်မှ တစ်အိမ်လုံး သာယာမှုအပေါင်း ခညောင်းနိုင်ပါလိမ့်မယ်။
ကျော်ဇောလေး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com