ကျွန်တော်ငယ်ငယ်က နေခဲ့ဖူးတဲ့ ရန်ကုန်မြို့လယ် လမ်းမကြီးပေါ်က လေးထပ်တိုက်ကြီးရဲ့ လှေကားတွေက ခုခေတ်ကလေးတွေ တွေ့ဖူးမှာမဟုတ်တဲ့ တိုးလျှိုပေါက်လှေကားတွေပါ။ လမ်းမကြီးတွေကိုမျက်နှာပြုပြီးဆောက်ထားတဲ့ အဆောက်အအုံတော်တော်များများဟာ တိုးလျှိုပေါက်လှေကားတွေချည်းလိုလိုပါ။
လှေကားမျက်နှာစာက အိမ်ရှေ့ဥပစာမှာမရှိဘဲ အိမ်နောက်ဘက်ပေါက်ကနေ ဟိုဘက်လမ်း၊ ဒီဘက်လမ်း တိုးလျှိုပေါက် ဖောက်ထားတာမျိုးပါ။ထင်ရှားအောင်ပြောရရင် ကျွန်တော်တို့နေခဲ့တာ ၂၇ လမ်းနဲ့ ၂၈ လမ်း ကြား အနော်ရထာလမ်းမပေါ်က တိုက်။ အပေါ်ကိုတက်တဲ့ လှေကားက အနော်ရထာလမ်းမပေါ်မှာမရှိဘဲ တိုက်ရဲ့ နောက်ဘက်မျက်နှာစာ ၂၈ လမ်းကို မျက်နှာပြုပြီး ရှိနေတယ်။ အဲဒီလှေကားက ၂၇ လမ်းဘက်အထိ ပေါက်တယ်။ လှေကားတစ်ခုလုံးက ကျွန်တော်တို့နေတဲ့တိုက်ကို နောက်ဘက်ကနေ ၀ိုင်းပတ်ထားတဲ့ပုံစံ။လှေကားကနေ တက်သွားပြီး ကိုယ့်အခန်းကိုယ် ၀င်ရတဲ့နေရာမှာတော့ ဟိုးနောက်ဖေးကနေ မှ ၀င်ရတယ်။ မီးဖိုချောင်၊ အိမ်သာ၊ ရေချိုးတဲ့နေရာ (အဲဒီတုန်းက ရေချိုးခန်းစနစ် သိက်မထွန်းကားသေး) အဲဒါတွေကျော်၊ အိပ်ခန်းကို ကျော်ပြီးမှ ဧည့်ခန်းနဲ့ ၀ရန်တာ ရောက် ဒီလိုတည်ဆောက်ထားတာ။ဆိုတော့ . . . လှေကားအတွက် အိမ်ခန်းအသားထဲက ဖဲ့ပေးစရာမလိုတော့ဘူး။
အိမ်ခန်းထဲမှာ လှေကားအိမ်ချိုးကွေ့ဝင်လို့နေရာလွတ် နေရာ ပုပ်သွားတဲ့နေရာမရှိတော့ဘူး။ လေးထောင့်စပ်စပ် ဧရိယာမှာ ကြိုက်သလို အခန်းဖွဲ့တော့ပဲ။ လှေကားဧရိယာကတော့ အတော်ကျယ်တယ်။ ခန့်မှန်းခြေ ၁၀ ပေ ၁၂ ပေလောက် အကျယ်ရှိမယ်။ အရှည်ကတော့ ဟိုဘက်လမ်း-ဒီဘက်လမ်း တိုးလျှိုပေါက်ဆိုတော့ ပေ ၁၀၀ ပေါ့။ နည်းတဲ့ဧရိယာမဟုတ်ဘူး။ အခန်းတိုင်းအခန်းတိုင်းဟာ နောက်ဖေးဘက် ကိုယ့်ပင်မတံခါးကြီးက ထွက်လိုက်တာနဲ့ အဲဒီ လှေကားဧရိယာ စင်္ကြရှည်ကြီးပေါ် ရောက်သွားတာ။ အဲဒီစင်္ကြံရှည်ကြီးပေါ်မှာ ကလေးတွေ ပြေးကြ၊ ဆော့ကြ၊ ကလေးအမေတွေကကလေးတွေ လှေကားထိပ်တစ်ဖက်
တစ်ချက်စီကိုရောက်မသွားအောင် စောင့်ကြည့်ထိန်းရင်း စကားထိုင်ပြောကြ၊ သန်းတုပ်ကြပေါ့၊ လူငယ် ကာလသားတွေကလည်း စင်္ကြရှည်ကြီးတစ်လျှောက် လမ်းသလားရင်း အိမ်နောက်ဘက်တံခါးကတစ်ဆင့် အ၀င်အထွက်လုပ်ကြတဲ့ အပျိုချောတွေကို လျှောက်ပြန်သံပေးကြ။
ဒါကတိုးလျှိုပေါက်လှေကားတွေရဲ့ ကောင်း
ကွက်လေးတွေပေါ့။ နောက်ပိုင်း ရန်ကုန်မှာ အနယ်နယ်အရပ်ရပ်က လူပေါင်းစုံ ၀င်ရောက်အခြေချလာတာနဲ့အမျှ တိုးလျှိုပေါက်လှေကားတွေဟာလည်း လူမသမာတွေရဲ့အသုံးချခံ ဖြစ်မှန်းမသိ ဖြစ်လာတယ်။လူတစ်ယောက်က သုံးဘီး (အဲဒီခေတ် တက္ကစီ) ငှါးစီးတယ်။ ဥက္ကလာကနေ လမ်းမတော် သွားမယ်ပေါ့။ ပန်းဘဲတန်းမြို့နယ်ထဲက တိုးလျှိုပေါက်လှေကားတစ်ခုရှေ့မှာ ကားကိုခဏရပ်ခိုင်းပြီး အသိအိမ်ပေါ်ကပစ္စည်းတစ်ခုတက်ယူဦးမယ်လို့ ပြောတယ်။ ပြီးရင် လမ်းမတော် ဆက်သွားမယ်ပေါ့။ သုံးဘီးသမားကလည်း ရပါတယ်ဆိုပြီး ကားရပ်ပေးရင်း စောင့်နေတယ်။ တော်တော်ကြာလို့ အရိပ်အယောင်မမြင်ရတော့ လှေကားပေါ်တက်လိုက်ကြည့်တဲ့အခါကျမှ ဒီဘက်လှေကားကတက်ပြီး ဟိုဘက်လှေကားက ဆင်းသွားမှန်း သိလိုက်ရ။ ဥက္ကလာကနေ မြို့ထဲ သုံးဘီးအလကားစီးသွားတာလေ။
အဲ . . . ကားခလောက်က တော်သေးတယ်ဆိုရမယ်။ တချို့ အဲဒီလှေကားကိုအကြောင်းပြုပြီး အဖိုးတန်ပစ္စည်းအလိမ်ခံလိုက်ရတာတွေ ရှိလာတယ်။ များသောအားဖြင့် အယုံလွယ်တတ်တဲ့ အရောင်းအ၀ယ်သမားတွေနဲ့ မအူမလည်ပွဲစားတွေပေါ့။ ဒီဘယက်ကလေး တက်ပြလိုက်ဦးမယ်၊ အဆင်ပြေရင် လှမ်းခေါ်လိုက်မယ်ပေါ့။ ခုနသုံးဘီးသမားလိုပါပဲ စိတ်မရှည်လို့ တက်ကြည့်တော့ တိုးလျှိုပေါက်လှေကားကြီးတွေ့ပြီး မရှူနိုင်မကယ်နိုင်ဖြစ်။ ဒီလိုမျိုးတွေနဲ့ တစ်ချိန်က မြို့ပြရဲ့အဆင်တန်ဆာဖြစ်ခဲ့တဲ့ တိုးလျှိုပေါက်လှေကားတွေ နာမည်ပျက်ခဲ့ရ။
ကျွန်တော် တက္ကသိုလ်ကျောင်းသားဘ၀ ၁၉၈၄ လောက်က သူများလူလည်ကျတာ ခံရတော့မလို့။ လူလည်ကျမယ့်ကောင်က နယ်က ကျောင်းလာတက်တဲ့ကောင်။ သူရယ်၊ ကျွန်တော်နဲ့ သူငယ်ချင်းနောက်တစ်ယောက်ရယ် တစ်ရက် မြို့ထဲမှာ ရုပ်ရှင်သွားကြည့်တယ်။ အပြန်မှာ ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့် တိုက်လှေကားရောက်တော့ "ခဏကွာ . . . ဒီပေါ်က ငါ့အဒေါ်ဆီ တစ်ချက် ၀င်တွေ့လိုက်ဦးမယ် . . . မကြာပါဘူး" လို့ ပြောပြောဆိုဆို တက်သွားတယ်။ ကျွန်တော်က နောက်သူငယ်ချင်းတစ်ယောက်ကို "ငါ ဟိုထိပ်မှာရှိမယ် . . . ဒီကောင်ဆင်းလာရင် လိုက်ခဲ့"လို့ မှာပြီး အနော်ရထာလမ်းထိပ် ထွက်သွားရင်း ၃၃ လမ်းထိပ်အထိ လျှောက်သွားတယ်။
လမ်းထိပ်ကနေ ၃၃ လမ်းထဲ ချောင်းကြည့်တော့ ငနဲသား ပြုံးစိပြုံးစိနဲ့ လှေကားက ဆင်းလာပြီး အနော်ရထာလမ်းဘက် လျှောက်လာတယ်။ ကျွန်တော် သူလာရာလမ်းက ခါးထောက်ပြီးပိတ်ရပ်နေတာ မမြင်ဘူး။ အနားရောက်မှ မြင်ပြီး လန့်သွားတယ်။ မင်းက ငါ့အကြံကြိုသိနေတာကိုးကွတဲ့။ ကျွန်တော်တို့နှစ်ယောက် ပခုံးဖက်ပြီး ဆူးလေဘုရားလမ်းထိပ်က ၀င်လာတာကို စောင့်ကျန်ခဲ့တဲ့သူငယ်ချင်း မြင်တော့ အံ့ဩနေတယ်။ အကျိုးအကြောင်းရှင်းပြတော့မှ လူလည်ကျတဲ့ကောင်ကို ဆဲလိုက်တာ မိုးကိုမွှန်ကရောပဲ။
အဲဒီတိုက်ကို ၁၉၉၅ - ၉၆ လောက်က မိတ်ဆွေတချို့အကြောင်းပြုပြီး အပေါ်အထိ ရောက်ခဲ့ဖူးတယ်။ ၃၃ လမ်းက တက်ပြီး ဆူးလေဘုရားလမ်းဘက်က ပြန်ဆင်းတော့ ကျွန်တော့်မျက်နှာ ပြုံးဖြီးဖြီးဖြစ်နေလို့ မိတ်ဆွေတွေက မေးတာကြောင့် ခုနအဖြစ်အပျက်ကို ဇာတ်ကြောင်းလှန်မိတယ်။ အဲဒီတုန်းက ဒီနေရာမှာ တိုးလျှိုပေါက်လှေကားရှိနေတာ ကံသေကံမ သိလို့ ဖမ်းလိုက်တာမဟုတ်ဘူး ၂၈ လမ်းမှာ နေခဲ့ဖူးတဲ့ အတွေ့အကြုံကပုံစံတူလှေကားအခင်းအကျင်း မြင်လိုက်တဲ့အချိန်မှာ သင်္ကာယနမကင်းသလိုခံစားရလို့ ဟုတ်လိုဟုတ်ငြားဆိုပြီး စွန့်ဖမ်းကြည့်တာ။ ကွက်တိသွားမိနေတယ်။ မြို့လယ်မှာနေတဲ့ ရန်ကုန်သားစစ်စစ်တစ်ယောက်ရဲ့ သိက္ခာကို အချိန်မီကလေး ဆယ်လိုက်နိုင်ရုံပေါ့လေ။
နောက်ပိုင်းမှာတော့ အဲဒီလှေကားတွေကို တိုက်နေပုဂ္ဂိုလ်တွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ အပိတ်အပင်အတားအဆီးတွေ လုပ်ပစ်လိုက်ကြလို့ ဟိုဘက်-ဒီဘက် တိုးလျှိုမပေါက်တော့တာ တွေ့လာရတယ်။ ခုန ဆူးလေဘုရားလမ်းထိပ်ကတိုက်ဆို "ဤလှေကားသည် ၃၃လမ်းဘက်သို့ပေါက်သောတိုးလျှိုပေါက်လှေကား
ဖြစ်သည်" လို့ စာလုံးကြီးကြီးနဲ့၊ မင်ရောင်တောက်တောက်နဲ့ ရေးထားရတဲ့အထိ။တခြား တိုးလျှိုပေါက်လှေကားတွေဆိုလည်း အခန်းရှင်တွေက သူတို့အခန်းပိုင်နယ်နိမိတ်အလိုက် တံခါးတွေ၊ အပိတ်အဆို့တွေနဲ့ တိုးလျှိုမပေါက်အောင် ဆီးကာဟန့်တားကြလေရဲ့။
ဒီလို တိုးလျှိုပေါက်လှေကားရှိတဲ့အဆောက်အအုံတွေကို လက်လှမ်းမီသလောက် လေ့လာကြည့်တော့ အင်္ဂလိပ်လက်ထက်ကတည်းက ဆောက်ခဲ့တာတွေ
ဖြစ်နေမှန်း သိရတယ်။ အင်္ဂလိပ်က အိန္ဒိယကိုသိမ်းပြီးမှ မြန်မာကိုသိမ်းတာဆိုတော့ ဒီလိုအဆောက်အအုံတွေရဲ့ဒီဇိုင်းဖွဲ့စည်းမှုဟာ အိန္ဒိယအငွေ့အသက်ကနေ မြစ်ဖျားခံလာတာလားလို့လည်း အတွေးဆန့်မိတယ်။ ဘာလို့လဲဆိုတော့ တချို့ ကုလားကားတွေမှာ အဲဒီလို တိုးလျှိုပေါက်လှေကားမျိုးတွေ တွေ့နေရတုန်းပဲမို့လို့။
လှေကားဧရိယာစင်္ကြရှည်ကြီးတစ်လျှောက် ပျော်ပါးဆော့ကစားနေကြတဲ့ ကလေးသံတွေ၊ တစ်ခန်းနဲ့တစ်ခန်း မေးထူးဆက်ဆံ အပြန်အလှန်သတင်းဖလှယ်နေကြတဲ့ အိမ်ရှင်မတွေရဲ့အသံတွေ၊ ရေဒီယိုလေး အလယ်ချပြီး ကြေညာတဲ့သတင်းတွေနားထောင်ရင်း နိုင်ငံ့အရေး ဆွေးနွေးရင်ခုန်ကြတဲ့ အိမ်ထောင်ဦးစီးတွေရဲ့ လေးလေးနက်နက်အသံတွေ . . . အဲဒါတွေ အဲဒါတွေ အကုန်လုံး အတိတ်မှာပဲ ကျန်ရစ်ခဲ့။
ကျွန်တော်ကတော့တိုးလျှိုပေါက်လှေကားတွေ ပျောက်ကွယ်သွားတာကို နှမြောမိတယ်။ကိုယ့်အိမ်နီးချင်းတွေနဲ့ နွေးထွေးမှုရပ်ဝန်းတည်ဆောက်နိုင်တဲ့ အခင်းအကျင်းကောင်းလေး အတတ်ကြူးသူတွေကြောင့် အရောင်စွန်းထင်းပြီး ပျက်ယွင်းသွားရတာကို ရင်နင့်မိတယ်။ ခုဆို ဟိုဘက်ခန်း-ဒီဘက်ခန်း ကပ်လျက်နေကြတဲ့သူချင်းတောင် စိမ်းစိမ်းကားကားတွေဖြစ်ကုန်ကြတာ တိုးလျှိုပေါက်လှေကားတွေ မရှိတော့ခြင်းကြောင့်ပဲလို့တောင် ကျွန်တော် အဆိုပြုချင်တယ်။
တိုက်ခန်းတွေကိုတိုးလျှိုပေါက်ဆက်သွယ်ပေးတဲ့
လှေကားတွေဟာအခန်းနီးချင်းတွေရဲ့နှလုံးသားတွေကို
လည်း ရင်းနှီးချစ်ခင်မှုတွေ ရှင်သန်ဖွံ့ ဖြိုးအောင် တိုးလျှိုပေါက်ယှက်နွှယ်ပေးနိုင်တဲ့အစွမ်း အပြည့်အ၀ရှိတယ်လို့ ကျွန်တော်ကတော့ ခိုင်ခိုင်မာမာယုံကြည်နေဆဲပါ။
ကျော်ဇောလေး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com