အမျိုးသား မြေအသုံးချမှုမူဝါဒ ဆဋ္ဌမမူကြမ်း၏ အပိုင်း-(၃) စီမံကိန်း ရေးဆွဲခြင်းနှင့် မြေအသုံးချမှု ပြောင်းလဲခြင်း ခေါင်းစဉ်ဖြင့် အခန်း-(၃) ခန်းပါရှိရာ နောက်ဆုံး အခန်းမှာ တစ်သီး ပုဂ္ဂလ လျှောက်ထား၍ မြေအသုံးချမှု ပြောင်းလဲခြင်း ခေါင်း
စဉ်ဖြင့် ရေးသားထားသည်။
Transnational Institute (TNI) နှင့် MOSAIC ဆိုသည့် နှစ်ဖွဲ့က ဆဋ္ဌမမူကြမ်း အပေါ် ဆန်းစစ် အကဲဖြတ်ထားသော စာတမ်း Assessment of 6th draft of the National Land Use Policy (NLUP) (၂၀၁၅ ဇွန်) ထုတ်ပြန်ခဲ့ရာ မူကြမ်း၏ ဤအခန်းမှ အပိုဒ်-(၂၇) ကို တစ်သီးပုဂ္ဂလ လျှောက်ထားခြင်းကြောင့် မြေအသုံးချမှု ပြောင်းလဲခြင်း၏ ဆိုးကျိုး သက်ရောက်မှုများမှ လက်ရှိ မြေယာအသုံးပြုသူများအား အကာအကွယ် ပေးရန်အချက်များ ပေးထားကြောင်း ဖော်ပြထားသည်။
ဤအခန်းကို ပဉ္စမမူကြမ်းမှ ပိုမိုခိုင်မာလာစေခြင်း ဖြစ်သည်။ သို့ရာတွင် အောက်ပါ နိုင်ငံတကာ အဓိက စံချိန်စံညွှန်းများနှင့် ချိတ်ဆက်ထားခြင်းဖြင့် ပို၍ ခိုင်မာ အားကောင်းလာစေသင့်သည်။
(က) ကုလသမဂ္ဂ၏ နှင်ထုတ်ခြင်းနှင့် နေစရာစွန့်ခွာရမှု အပေါ် ညွှန်ပြချက်များ (UN Guidelines on Eviction and Displacement)၊
(ခ) FAO ညွှန်ပြချက်များ၏ အခြေခံစည်းမျဉ်း ဥပဒေများပါ ဖော်ပြချက်များ၊ ' အထူးအားဖြင့် အပိုဒ်- (၃) (က) နှင့် (ခ)'
(ဂ) FAO ညွှန်ပြချက်များ၏ ရင်းနှီးမြှပ်နှံမှု အကြောင်း သတ်မှတ် ဖော်ပြချက်များ၊ 'အထူးသဖြင့် အပိုဒ်- (၁၂) ၏ ပိုဒ်ခွဲ- (၆)၊ (၇)၊ (၉)၊ (၁၀) နှင့် (၁၄)'၊
(ဃ) အခြား အချက်များထက် FAO ညွှန်ပြချက်များ အပိုဒ်-(၁၂)၊ ပိုဒ်ခွဲ-(၁၀) သည်- လုပ်ပိုင်ခွင့်၊ စားနပ်ရိက္ခာ ဖူလုံမှုနှင့် လုံလောက်သော စားနပ်ရိက္ခာ ရရှိနိုင်မှု အခွင့်အလမ်း တိုးတက် သိရှိစေခြင်း၊ လူနေမှုဘ၀များနှင့် ပတ်ဝန်းကျင်အပေါ် ရင်းနှီးမြှပ်နှံမှုများ၏ အကောင်းအဆိုး အကျိုးသက်ရောက်မှုများကို ရှေးဦးစွာ လွတ်လွတ် လပ်လပ် ဆန်းစစ်မှုများကို အထူးဖော်ပြထားသည် FAO ညွှန်ပြချက်များ၏ မြန်မာဗားရှင်းမူမှ တိုက်ဆိုင် ကောက်နုတ်သည်'။
ဆက်လက်၍ ဤအခန်းပါ အချက်များအပေါ် စာရေးသူ အမြင်များကို ဖော်ပြပေးပါ့မည်။ အပိုဒ်-(၂၆) ၌ . . . . လျှောက်ထားချက်များကို အများပြည်သူသို့ အသိပေးချပြခြင်း၊ ကြိုတင်နို့တစ်ပေးခြင်းနှင့် အယူခံခွင့်ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို သတ်မှတ်ရမည်' ဟူ၍တွေ့ရသည်။ ကြိုတင်နို့တစ်ပေးခြင်းနှင့် အယူခံခွင့်ပေးခြင်း တို့အကြားတွင် ဥပဒေရေးရာ လုပ်ငန်းစဉ်၌ အဆင့်များ ကျန်ရှိနေဦးမည်ဟု မြင်မိသည်။
စကားလုံး အသုံးအနှုန်းအားဖြင့် အယူခံခြင်း ထက်စာလျှင် စောဒကတက်ခြင်း၊ ကန့်ကွက်ခြင်း စသည်တို့က ဦးစွာလာရမည် ဖြစ်ပြီး ၄င်းတို့၏ နောက်တစ်ဆင့်ကျမှ အယူခံခြင်း ရှိလာမည်ဟု တွေးမိသည်။ ဥပဒေရေးရာ လုပ်ငန်းစဉ်၌ အောက်ရုံး၏ အဆုံးအဖြတ်ကို မကျေနပ်ခြင်းကြောင့် တစ်ဆင့်မြင့်ရုံးသို့ အယူခံခြင်းဟု ရှိတတ်ကြသည်။
သို့ကြောင့် အယူခံခွင့်ပေးခြင်း ဆိုသော စကားရပ်ကို ပြန်လည် စဉ်းစား သုံးသပ်ကြည့်သင့်သည်။ ပြင်ဆင်/ဖြည့်စွက်သင့်သည်။
၁၈၉၄ မြေသိမ်းအက်ဥပဒေ ပုဒ်မ- ၅ (က) ၌- ပုဒ်မ-(၄) (၁) အရ အများအကျိုးအတွက် ဖြစ်စေ၊ ကုမ္ပဏီ အတွက် လိုအပ်ချက်ကြောင့် ဖြစ်စေ သိမ်းယူရန် ကြေညာထားသည့် မြေတစ်စုံ တစ်ရာနှင့် အကျိုးသက်ဆိုင်သူ တစ်ဦးဦးက ကြေညာချက် ထုတ်ပြန်ပြီး ရက်ပေါင်း (၃၀) အတွင်း မြေသိမ်းခြင်း ကိစ္စအပေါ် ကန့်ကွက်နိုင်သည်ဟု ပြဋ္ဌာန်းထားခဲ့သည်။
(ဦးကျော်- မြေသိမ်းမြေလွှဲ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် . . . .သိမှတ်ဖွယ်ရာများ၊ နှာ-၉)
ဆရာဦးကျော်က သိမှတ်ဖွယ်ရာ အဖြစ် ဆက်လက်၍ အောက်ပါအတိုင်း ဖော်ပြပေးထားသည်။
(၁) ကန့်ကွက်ချက်ကို စာဖြင့်ရေး၍ ကန့်ကွက်သူ ကိုယ်တိုင်ဖြစ်စေ၊ ရှေ့နေမှ တစ်ဆင့်ဖြစ်စေ ကန့်ကွက်နိုင်သည်၊
(၂) ကန့်ကွက်ချက်များကို ကော်လိတ္တော် အရာရှိမှ ကြားနာ၍ ထပ်မံစုံစမ်းမှု ပြုလုပ်၍ ၄င်း၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို အမှုတွဲတွင်တွဲ၍ နိုင်ငံတော် အစိုးရထံ အဆုံးအဖြတ်ပေးရန် တင်ပြရမည်။
(၃) အစိုးရ၏ ဆုံးဖြတ်ချက်မှာ အပြီးသတ် ဖြစ်သည်။
(၄) ကန့်ကွက်သူမှာ လျော်ကြေးငွေ တောင်းခံခွင့် ရှိသောမြေနှင့် အကျိုးသက်ဆိုင်သူဟု မှတ်ယူရမည်။
လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်က ပြဋ္ဌာန်းချက်မှာပင် ကန့်ကွက်ခြင်း ဆိုသည်ကို တွေ့ရသော်လည်း ယခုဒီမိုကရေစီခေတ်၌ ချမှတ်မည့် မူဝါဒကျမှပင် ယင်းအဆင့်ကို ကျော်လွှားပြီး အယူခံခြင်းသို့ တိုက်ရိုက်ရောက်ရှိ သွားသည်ကို တွေ့ရသည်။
တစ်သီးပုဂ္ဂလများ အတွက် အဆိုပြု မြေအသုံးချမှု ပြောင်းလဲခြင်းကြောင့် ယင်းပတ်ဝန်းကျင်ရှိ မြေအသုံးချလျက် ရှိသူများအပေါ် သက်ရောက်နိုင်သည့် အကျိုးထိခိုက်မှုများကို အကာအကွယ်ပေးနိုင်ရေး အတွက် ဆောင်ရွက်ရန် အချက်များကို အပိုဒ်-(၂၇) ၌ ဖော်ပြထားရာ ပိုဒ်ခွဲ (က) မှာ 'သက်ဆိုင်ရာ မြေအသုံးချမှု ကော်မတီ' ဟူသောစကားရပ်ကို တွေ့ရသည်။
၎င်းသက်ဆိုင်ရာ ဆိုသော စကားလုံးက မည်သည့် အဆင့်ကို ဆိုလိုသနည်း ရှင်းလင်း သဲကွဲမှုမရှိချေ။ ယခုဆဋ္ဌမမူကြမ်း အပိုင်း-(၂)၊ အခန်း-(၁)၊ အပိုဒ်-(၁၀) အရ ဖွဲ့စည်းမည့် မြေအသုံးချမှု ကော်မတီများမှာ တိုင်းဒေသကြီး/ပြည်နယ် (နေပြည်တော် နယ်မြေမပါ) မှသည် ရပ်ကွက်/ကျေးရွာအုပ်စု အထိ အဆင့်ဆင့် ရှိမည်ဖြစ်သည်။
၎င်းအပိုဒ်ခွဲ-(၂၇) (ဃ) ၌ အလှည့်ကျ အနားပေး စနစ်ဖြင့်စိုက်ပျိုးသော ရွှေ့ပြောင်း တောင်ယာများနှင့် မိရိုးဖလာနည်းဖြင့် စိုက်ပျိုးသည့် မြေများကို အကာအကွယ် ပေးခြင်းဟု ဖော်ပြထားရာ ယင်းအချက်မှာ ကောင်းမွန်သော အချက်အဖြစ် တွေ့ရသည်။
၂၀၁၂ လယ်ယာမြေ ဥပဒေ၏ ပုဒ်မ-၃ (က) လယ်ယာမြေ စကား ရပ်ဖွင့်ဆိုထားရာတွင် တောင်ယာမြေ ပါဝင်သော်လည်း ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပုဒ်မ-၁၇ ၌ ဖော်ပြထားရာ ပုဒ်ခွဲ (ည) တွင် ရွှေ့ပြောင်းတောင်ယာခုတ်ထွင် စိုက်ပျိုးရေး လုပ်ငန်းနှင့် စပ်လျဉ်း၍ လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း ဟူ၍ တွေ့ရသည်။
သို့အပြင် ၂၀၁၂ လယ်ယာမြေ နည်းဥပဒေများ အပိုဒ်-၁၁၆ ၌ ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှု အဖွဲ့သည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရေဝေရေလဲ ဧရိယာနှင့် သစ်တောသစ်ပင် မပြုန်းတီးရေး၊ မြေဆီလွှာ မပျက်စီးရေး၊ ရာသီဥတု ထိန်းသိမ်းနိုင်ရေး တို့အတွက် ရွှေ့ပြောင်း တောင်ယာစနစ် ပပျောက်စေရေးနှင့် ကုန်းမြင့် လှေကားထစ်လယ်ယာ စိုက်ပျိုးရေး စနစ်များ တိုးတက် ပေါ်ထွန်းလာစေရေး ထိရောက်စွာ အားပေးရမည်ဟု ပြဋ္ဌာန်းထားသေးသည်။
ထိုအပိုဒ်ခွဲ-၂၇ (င) ၌ ပတ်ဝန်းကျင် အဖွဲ့အစည်းများက စားဝတ်နေရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် မျှဝေသုံးစွဲ၍ အကျိုးခံစားခွင့် ရရှိနေသည့် သဘာဝ အရင်းအမြစ်များနှင့် ဂေဟစနစ်ကို အကာအကွယ်ပေးခြင်းဟု ဖော်ပြထားသည်မှာ ကောင်းမွန်သော အချက်အဖြစ် တွေ့ရသည်။
သို့အပြင် ဒေသခံ/ တိုင်းရင်းသား လူမျိုးတို့၏ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဖြစ်စေ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဖြစ်စေ၊ ဓလေ့ထုံးတမ်းဆိုင်ရာ ဖြစ်စေ အသုံးပြုထားသော၊ အသုံးပြုရန် ရည်ရွယ်ထားသော ဧရိယာ၊ အဆောက်အဦ၊ နယ်မြေစသည်တို့နှင့် သုသာန်သင်္ချိုင်းများကိုလည်း အကာကွယ် ပေးသင့်သည်။
FAO ၏ မလွှဲမရှောင် မြေယာ သိမ်းဆည်းရယူခြင်းနှင့် လျော်ကြေးပေးခြင်း (Compulsory Acquisition of Land and Compensation; Land Tenure Studies- 10,2008) က ယခုလို ညွှန်ပြထားသည်။
ဘာသာရေး နေရာမှာသင်္ချိုင်း သို့မဟုတ် မြင့်မြတ်သော တောအုပ် တစ်ခုဖြစ်လျှင် အချို့သော မြင့်မြတ်သည့် နေရာ အစားထိုးနိုင်မည် မဟုတ်ချေ။ ဖြစ်နိုင်သမျှ ထိုသည့်နေရာများကို ဖျက်ဆီးခြင်းမှ ရှောင်ရှား လုပ်ဆောင်သင့်ကြသည်။
မြင့်မြတ်သော နေရာများအနီး သက်ရောက် ထိခိုက်ခံကြရမည့်သူများ နေထိုင်ခြင်း မရှိတော့သည့် တိုင်အောင် ထုံးတမ်းစဉ်လာ အလေ့အထများအရ ထိုနေရာသို့ ဆက်လက် လာရောက်ရန် ထိန်းသိမ်း စောင့်ရှောက်မှု အနည်းဆုံး ပြုရလိမ့်မည်။ ထိုသည့်နေရာမျိုးအား အသုံးပြုမှုကို ရှောင်ကွင်းဖို့ မဖြစ်နိုင်သည့်အခါ သိမ်းဆည်း ရယူသည့် အေဂျင်စီက ယင်း၏ အသုံးပြုမှုအတွက် သင့်တင့်ဆီလျော်သော ငှားရမ်းမှုအပေါ် သဘောတူညီစေရန် ချဉ်းကပ်မှုပြုရသည်။
ယင်း FAO ၏ မလွှဲမရှောင် မြေယာ သိမ်းဆည်းရယူခြင်းနှင့် လျော်ကြေးပေးခြင်း (Compulsory Acquisition of Land and Compensation; Land Tenure Studies- 10, 2008) စာတမ်းကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်စေရေး မြန်မာဘာသာအပြင် တိုင်းရင်းသား ဘာသာများဖြင့်ပါ ဘာသာပြန်ဆိုပြီး အခမဲ့ဖြန့်ဝေပေးနိုင်ဖို့ ယခုမြေယာမူဝါဒကို တာဝန်ယူ ရေးဆွဲသည့် အဖွဲ့အစည်း၊ ယူအန် အဖွဲ့အစည်းများ (အထူးသဖြင့် FAO ၊ အိုင်အင်န်ဂျီအို/ အင်န်ဂျီအိုများ၊ စီအက်စ်အိုများ အနေဖြင့် စီစဉ်ပေးစေလိုပါသည်။)
ထိုစာတမ်းကို စာရေးသူ ဆီလျော်အောင် မြန်မာဘာသာပြန်ဆိုပြီး The Messenger Media ဂျာနယ် အတွဲ-(၄)၊ အမှတ်-(၄၈) မှ အတွဲ-(၅)၊ အမှတ်-(၁၁) အထိ ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ မြန်မာဘာသာပြန်မှာ ဗ၄ (၄၁) မျက်နှာခန့် ရှိပါသည်။
ရှင်းပြချက်။ (၁) မြေယာမူဝါဒ ဆဋ္ဌမမူကြမ်း၌ (၃၁.၅.၂၀၁၅) ရက်စွဲဖြင့် တွေ့ရသည်။ တစ်နိုင်ငံလုံး နီးပါး မိုးသည်းထန် ရေကြီးနစ်မြုပ်နေချိန် သြဂုတ်လဆန်းမှာ စာရေးသူ ရရှိသည်။
(၂) နောက်ဆုံး အပြီးသတ် မူကြမ်း ထွက်ပြီဟု သိရသဖြင့် သြဂုတ်လကုန်ပိုင်း၌ တောင်းခံသည့် အီးမေးလ် ပို့သော်လည်း ယနေ့အထိ ပြန်ကြားချက် မရသေးပါ။
(၃) TNI စာတမ်း၌ ၂၀၁၅ ဇွန်ရက်စွဲဖြင့် တွေ့ရသည်။ စက်တင်ဘာလကုန်ပိုင်းမှ စာရေးသူက အင်တာနက်မှ ဒေါင်းလုဒ်ရရှိသည်။
Credit : Messenger