ယခင် လေဟာပြင်ဈေး နေရာတွင် တည်ဆောက်မည့် စုစုပေါင်း တည်ဆောက်မှု ဧရိယာ စတုရန်းမီတာ၂၆၀၀၀၀ ကျယ်ဝန်းသည့် Junction City ကို အဆင့်နှစ်ဆင့်ဖြင့် တည်ဆောက်မည် ဖြစ်ပြီး ပထမအဆင့်ကို ၂၀၁၇ နှစ်ဦးပိုင်းတွင် ပြီးစီးရန် လျာထားကြောင်း သိရသည်။
ပထမအဆင့်တွင် စင်ကာပူနိုင်ငံမှ Keppel Land နှင့် ပူးတွဲ ရင်းနှီးမြှုပ်နှံသည့် အဆင့်မြင့်ရုံးခန်းများ၊ Pan Pacific Hotels နှင့် ပူးပေါင်းတည်ပြီး ပူးတွဲ စီမံခန့်ခွဲမည့် ကြယ်ငါးပွင့်အဆင့် ဇိမ်ခံဟိုတယ်၊ Shwe Taung Property Management မှစီမံခန့်ခွဲမည့် ဈေးဝယ်စင်တာတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ Junction City ၏ ဒုတိယအဆင့်ကို ၂၀၁၉ တွင် ပြီးစီးရန် လျာထားပြီး အထပ်မြင့် လူနေအိမ်ခန်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
Shwe Taung Group ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ဦးအောင်ဇော်နိုင်က “ကျွန်တော်တို့ဟာ ရန်ကုန်မြို့က နေထိုင်သူတွေ၊ ငှားရမ်းလုပ်ကိုင်သူတွေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေအတွက် ဖွံ့ဖြိုးရေး အသွင်သဏ္ဌာန် ပေါင်းစံ ပေါင်းစည်းပါဝင်တဲ့ ကမ္ဘာ့အဆင့်မီ တည်ဆောက်ရေး စီမံကိန်းတစ်ခုကို ဆောင်ကြဉ်းပေးနိုင်ဖို့ ရည်မှန်းထားပါတယ်။ ဒီစီမံကိန်းက ဆောက်လုပ်ရေး ကာလအတွင်း လူဦးရေ ၈၀၀၀ လောက်နဲ့ လုပ်ငန်းလည်ပတ်တဲ့ အချိန်မှာ လူဦးရေ ၄၀၀၀ လောက်ကို အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောကြားသည်။
Keppel Land Regional Investments ဆိုင်ရာ ဥက္ကဋ္ဌ Mr.Ng Ooi Hooi ရဲ့ မြန်မာနိုင်ငံလို ကောင်းမွန်တဲ့ ကြီးပွားတိုးတက်မှု အလားအလာရှိတဲ့ ဈေးကွက်စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံခြင်း နည်းစနစ်ဗျူဟာများနဲ့အညီ Junction City တာဝါ တည်ဆောက်ရေးမှာ Shwe Taung Group နဲ့အတူ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပြီးတော့ ကုမ္ပဏီရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို တိုးချဲ့သွားမှာ ဖြစ်ပါတယ်။
Junction City ရဲ့ ရုံးခန်းသစ်ဟာ ရန်ကုန်မှာရှိတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေ လိုအပ်တဲ့ အရည်အသွေးမြင့် ရုံးခန်းနေရာမျိုးအတွက် ၀ယ်လိုအားကို ဖြည့်ဆည်းနိုင်မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ အဲဒီလိုအဆင့်မြင့် ရုံးခန်းတွေဟာ အခုလက်ရှိ အနေအထားမှာ အရေအတွက် အကန့်အသတ် ရှိနေပါသေးတယ်”ဟု ပြောကြားသည်။
Junction City စီမံကိန်းသည် ရွှေတောင်အုပ်စုနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်းတည်ဆောက်သည့် စီမံကိန်းဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ၅၁ ဒသမ ၆၃ ရာခိုင်နှုန်းဖြစ်ပြီး ရွှေတောင် အုပ်စုမှ ၄၈ ဒသမ ၃၇ ရာခိုင်နှုန်း ရှိကြောင်းနှင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု (Project Cost ) အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရှိကြောင်း နိုဝင်ဘာ ၃၀ ရက်က ရန်ကုန်မြို့ရှိ Union Business Center တွင် ကျင်းပသော Junctioin City အား ကြိုတင်သုံးသပ် မိတ်ဆက်ခြင်း သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
Credit: eleven media group