အင်္ဂလန်နိုင်ငံ ဟူးလ်မြို့နားရှိ ဘီဗာလီအရပ်ရှိ ဆောက်လုပ်ပြီးကာစ အိမ်ရာတွင် နေထိုင်မည့် သူများသည် နေအိမ်များ၏ မျက်နှာစာတွင် အ၀တ်များ ထုတ်လှန်းခြင်း မပြုရန် ဆောက်လုပ်သူများက ကြိုတင် တောင်းဆိုမှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အိမ်တစ်လုံးစီတွင် အ၀တ်လျှော်စက်တစ်ခုနှင့် အခြောက်လှန်းစက် တစ်ခုစီကို ထားရှိပေးသဖြင့် နေထိုင်သူများသည် အ၀တ်များကို မျက်နှာစာတွင် ထုတ်လှန်းခြင်း မပြုစေလိုကြောင်း ဆောက်လုပ်ရေး ကုမ္ပဏီက ထုတ်ပြန်သည့် လမ်းညွှန်ချက်တွင် ဖော်ပြထားသည်။ ၀ယ်ယူမည့်သူများသည် ၀ယ်ယူသည့်စာချုပ် မချုပ်ဆိုမီတွင် ယင်းလမ်းညွှန်ချက် များကို ဦးစွာ သဘောတူရန် လိုအပ်သည်။
အဆောက်အဦများ၏ အလှပျက်မည်ကို စိုးရိမ်သောကြောင့် အ၀တ်ထုတ်မလှန်း ခိုင်းခြင်း ဖြစ်ကြောင်း စာချုပ်တွင်ဖော်ပြ ထားသည်။ အိမ်ရာတွင် အိမ်အလုံး(၅၅) လုံးရှိနေသည်။ အိမ်တစ်လုံးလျှင် ပေါင် (၃၄၉၉၅၀)ခန့်တန်ဖိုးရှိနေပြီး ထက်ဝက်ကျော် ရောင်းထွက် သွားပြီဖြစ်သည်။
““မ၀ယ်ခင်ကတည်းက ဒီစည်းမျဉ်းတွေကို သူတို့က ပြောပြထားပါတယ်။ လူတွေ ပြောင်းလာပြီး နောက်မှာ ဒီစည်းမျဉ်းတွေကို လိုက်နာလိမ့်မယ် မထင်ပါဘူးဗျာ။ ကိုယ့်အိမ်ပဲဗျာ၊ ကိုယ်လုပ်ချင်တာ လုပ်မှာပေါ့””ဟု အိမ်ဝယ်ထားသူ တစ်ဦးက ပြောဆိုခဲ့သည်။
ဆောက်လုပ်ရေးကုမ္ပဏီ P J Livesey လုပ်ငန်းစုက အိမ်ရာတစ်ဝိုက် အလှပျက်မည်ကို စိုးရိမ်သောကြောင့် စည်းမျဉ်းများကို ထုတ်ထားရခြင်းဖြစ်ပြီး လိုက်နာသည် မနာသည်မှာ အိမ်ရှင်နှင့်သာ သက်ဆိုင်ကြောင်း ပြောဆိုခဲ့သည်။
Credit: Messenger