ထိုင်းအခြေစိုက် JARKEN ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လာမည့်နှစ်နှစ်အတွင်း အထပ်မြင့်နှင့် အထပ်နိမ့် အိမ်ရာစီမံကိန်းများ ဖော်ဆောင်ရန် ပြင်ဆင်လျက်ရှိကြောင်း JARKEN ၏ ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံ၏ ဈေးကွက် အနေအထားကို ကုမ္ပဏီက တစ်နှစ်ကျော် လေ့လာခဲ့ပြီး ဖြစ်သဖြင့် မကြာမီ မြန်မာ့ဈေးကွက်တွင် ရာခိုင်နှုန်း (၅၀) အထိ နေရာရရှိလာနိုင်ကာ နှစ်နှစ်အတွင်း အထပ်မြင့်နှင့် အထပ်နိမ့် လူနေအိမ်ရာ အဆောက်အအုံ စီမံကိန်းများကို အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း JARKEN ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဂရပ်ဖစ် ဒီဇိုင်နာတွေ ၊ အိမ်တွင်း အလှဆင် ပညာရှင်တွေနဲ့ ဗိသုကာပညာတွေ အတွက် ၀န်ဆောင်မှုလုပ်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ စီးပွားရေးလုပ်ငန်းကို တိုးချဲ့ခြင်းက ဖောက်သည်တွေ လိုအပ်တဲ့ ဘယ်လို ၀န်ဆောင်မှုမျိုးမဆို ဖြည့်ဆည်းနိုင်မယ့် အခွင့်အရေးတွေ ရရှိနိုင်အောင်လို့ပါ”ဟု JARKEN ကုမ္ပဏီများ အဖွဲ့၏ မန်နေဂျင်း ဒါရိုက်တာ Ms-Siritorn Sitthiwattanawong က ပြောသည်။
ယခုနှစ်အတွင်း ပြည်တွင်း အိမ်ခြံမြေကဏ္ဍသို့ ပြည်ပကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု မြင့်မားလာချိန်တွင် ထိုင်းအခြေစိုက် ကုမ္ပဏီများကလည်း ၀င်ရောက် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
ထိုင်းအခြေစိုက်က JARKEN ကုမ္ပဏီသည် ထိုင်းနိုင်ငံ၏ ဗိသုကာနှင့် အိမ်တွင်းအလှဆင် လုပ်ငန်းများထဲတွင် ဦးဆောင်နေသော ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအပါအ၀င် ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့တွင် အိမ်ဆောက်ပစ္စည်း ဈေးကွက်ချဲ့ထွင်မှုများလည်း စတင်ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ယင်းသတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Credit: messenger