ရွေးကောက်ပွဲအကြို ကာလအတွင်း၌ အိမ်ခြံမြေ အရောင်းအ၀ယ်နှင့် အငှားဈေးကွက်တို့သည် အကျဈေးနှုန်း ထားများနှင့်သာ အဖြစ်များခဲ့ကြောင်း အိမ်ခြံမြေ၀န်ဆောင်မှု အကျိုးဆောင်များထံမှ စုံစမ်းသိရသည်။
“ဈေးကွက် အခြေအနေအရ အရောင်းအ၀ယ် ဖြစ်တယ်ဆိုပေမယ့်၊ ဈေးအနိမ့်ပိုင်းတွေမှာပဲ ဖြစ်တာများတယ်။ ရွေးကောက်ပွဲ အလွန်ကာလ ရလဒ်အပေါ် မူတည်ပြီးတော့ အငှားဈေးကွက်က ပြောင်းလဲလာနိုင်ဖို့ အလားအလာရှိပါတယ်”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်းမှ အထွေထွေ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။
ရွေးကောက်ပွဲ အကြိုကာလများတွင် အိမ်ခြံမြေ အရောင်းအ၀ယ် ဈေးကွက်သည်ပုံမှန်အရောင်းအ၀ယ် ဖြစ်
လျက် ရှိသော်လည်း ဈေးကွက်အတွင်း၌ ယခင် သတ်မှတ်ထားသော ဈေးနှုန်းများထက် လျော့နည်းသော
ဈေးနှုန်းများသာ အဖြစ်များကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းဆောင်ရွက် သူများထံမှ စုံစမ်းသိရသည်။
ရန်ကုန်မြို့တွင်း မြို့နယ်များတွင် ကျပ်သိန်း တစ်ထောင် ပတ်ဝန်းကျင် တိုက်ခန်းများသာ အရောင်းအ၀ယ် အဖြစ်များလျက်ရှိပြီး ဒဂုံဆိပ်ကမ်းမြို့နယ်များနှင့် မြို့ စွန်မြို့နယ်များတွင် ကျပ်သိန်း (၁၀၀)မှ ကျပ်သိန်း (၅၀၀)အောက်ဝန်းကျင် အိမ်များသည် အရောင်းအ၀ယ်အဖြစ် အများဆုံးဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ဆိုသည်။
“ရွေးကောက်ပွဲ အလွန်ကာလဆိုတာက မှန်းဆရခက်တယ်။ ရလဒ်ကို စောင့်နေတာလေ။ အကြိုကာလ ဆိုရင်တော့ အရောင်းအ၀ယ်ပုံမှန်ပဲ ဖြစ်နေပါတယ်။ ဈေးနှုန်းကတော့
တောင့်ခံနိုင်ရင်တော့ မကျပေမယ့်၊ လျှော့ရောင်းတာဆို များပါတယ်။အငှားဈေးကွက် ကောင်းတယ်လို့ ပြောရမယ်”ဟု အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်နေသူ ဦးတင်မောင်က ဆိုသည်။
အိမ်ခြံမြေ အငှားဈေးကွက်တွင် မြို့တွင်းရှိ လူနေတိုက်ခန်းများသည် အဓိက အငှားဈေးကွက်ဖြစ်နေကာ ယခင် ငှားရမ်းခ ကျပ်သိန်း (၃၀)ရှိသော တိုက်ခန်းများသည် ရွေးကောက်ပွဲ အကြိုကာလတာ အတွင်းကျပ် (၂၅)သိန်းနှင့် (၂၀)ကျော် ၀န်းကျင်အောက် လျော့ကျလာပြီး ကျပ်သိန်း (၂၀)အထက် အငှားဈေးကွက်သည် (၁၅)သိန်းကျော် (၁၈)သိန်းများဖြင့် အငှားဈေးကွက်ကျဆင်းမှုများ ဖြစ်ပွားနေကြောင်း
ဒေါ်မို့မို့အောင်က ဆိုသည်။
ရွေးကောက်ပွဲ အလွန်တွင် အိမ်ခြံမြေ အရောင်းအ၀ယ်ဈေးကွက် သိသာစွာပြောင်းလဲရန် မဖြစ်နိုင်သော်လည်း အငှားဈေးကွက်သည် ပိုမို၍ ကောင်းမွန်ဖွယ် ရှိလာနိုင်ကြောင်းနှင့် ရွေးကောက်ပွဲ ရလဒ်အပေါ်မူတည်၍အငှားဈေးနှုန်းများလည်း
မြင့်တက်လာနိုင်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်ပြောကြသည်။
Credit: Messenger