လော့စ်အန်ဂျလိစ်မြို့တွင် အိမ်ခြေရာမဲ့ဦးရေ များပြားလွန်းလာ နေသောကြောင့် မကြာသေးမီတွင် အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ရသည်။ အိမ်ခြေရာမဲ့ဦးရေမှာ နှစ်နှစ်အတွင်း (၁၂) ရာခိုင်နှုန်း တိုးပွားလာခဲ့ခြင်း ဖြစ်သည်။ မူးယစ်ဆေးဝါးနှင့် အိမ်ခန်းငှားခများ ဈေးကြီးလွန်းသောကြောင့် အိမ်ခြေရာမဲ့ဘ၀ ရောက်ရသည်ဟု မြို့တွင်း တဲထိုးနေထိုင်သူများက ပြောကြသည်။
လော့စ်အန်ဂျလိစ်မှာ နတ်ဘုံဟု အဓိပ္ပာယ်ရသည်။ အခြားအမည်မှာ အိမ်ခြေရာမဲ့များ၏ မြို့တော်သာ ဖြစ်သည်။ မြို့၏ အလယ်ဗဟိုချက်၊ မိုးမျှော်တိုက်ကြီးများ အရိပ်အောက် စကစ်ရိုးတွင် အိမ်ခြေရာမဲ့များ၏ တဲနန်းများ အစီအရီ ရှိနေသည်။
တောက်ပ ခမ်းနားလွန်းသော နေရာများ၏ အရိပ်အောက်တွင် အမေ့လျော့ခံလူများ တဲထိုးနေထိုင်ကြသည်။ လော့စ်အန်ဂျလိစ် စီရင်စုတွင် အိမ်ခြေရာမဲ့ (၄၄၃၅၉) ဦးနှင့် မြို့တွင်းတွင် (၂၅၆၈၆) ဦးနေထိုင် ကြောင်း လော့စ်အန်ဂျလိစ် အိမ်ခြေရာမဲ့ဆိုင်ရာ အာဏာပိုင်အဖွဲ့(LAHSA) ၏ နောက်ဆုံးစာရင်းအင်းများတွင် ဖော်ပြထားသည်။ အိမ်ခြေရာမဲ့ ပြဿနာကို ဖြေရှင်းရန် အာဏာပိုင်အဖွဲ့ကို ၁၉၉၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။
အိမ်ခြေရာမဲ့ သုံးပုံနှစ်ပုံမှာ အမိုးအကာ အောက်တွင်မနေဘဲ လမ်းဘေးတွင် အိပ်စက်ကြကြောင်း အဖွဲ့က ခန့်မှန်းထားသည်။ တောင်ကယ်လီဖိုးနီးယား၏ ပူနွေးသော ရာသီဥတုကြောင့် ယခုလို နေလို့ရခြင်း ဖြစ်သည်။ ပူနွေးသည် ဆိုသော်လည်း တစ်ခါတစ်ရံတွင် နေ့လယ်ပိုင်း အပူချိန်သည် (၃၄) ဒီဂရီ ဆဲစီးယပ်စ်အထိပင် ရှိတတ်သည်။
“အကူအညီလိုနေပါပြီ”ဟု ဒင်းနစ်စကော့ဆိုသူ အိမ်ခြေရာမဲ့သူ တစ်ဦးက ပြောသည်။ သူက စကစ်ရိုးကို တတိယ ကမ္ဘာနိုင်ငံ တစ်နိုင်ငံနှင့် နှိုင်းယှဉ်ခဲ့သည်။ “အမေရိကနဲ့ကို မတူပါဘူး။ အခြားနိုင်ငံတွေကိုတော့ သွားပြီး ဗုံးကြဲတယ်။ ပြန်လည် ထူထောင်ပေးနေတယ်။ ကိုယ့်နိုင်ငံထဲမှာရှိတဲ့ အိမ်ခြေရာမဲ့တွေကိုတော့ မစောင့်ရှောက်နိုင်ဘူး”ဟု သူကဆိုသည်။
အိမ်ခြေရာမဲ့တိုင်း မူးယစ်ဆေးသုံးသည် မဟုတ်ဟု သူကပြောသည်။ အိမ်ခန်းခ မပေးနိုင်သောကြောင့် လမ်းပေါ်ရောက်ရခြင်း ဖြစ်သည်။ တန်ဖိုးသင့်တင့် အိမ်ရာစနစ်မရှိဟု သူကဆိုသည်။ ပြီးတော့ လူဝင်မှုကြီးကြပ်ရေး မရှိမှုကို သူအပြစ်ပုံချသည်။
အမေရိကန် ပြည်ထောင်စုတွင် မှတ်တမ်းမှတ်ရာ မရှိသော ရွှေ့ပြောင်းနေထိုင်သူ (၁၁) သန်းရှိနေကြောင်း Pew သုတေသန ဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။
စပိုက်စ်သည် စကစ်ရိုးတွင် ခင်ပွန်းဒိုက်စ်နှင့် နေထိုင်နေသည်။ သူတို့က ဒီမှာနေရင်း စီးပွားရှာကြသည်။ အစားအစာ ရောင်းဆိုင်လေး ဖွင့်ထားသည်။ အစားအစာတွေက အရသာရှိမည့်ပုံ ပေါ်သည်။ အမျိုးအစားလည်း စုံသည်။
အိမ်ခန်းငှားခ ကြီးမြင့်လာမှုကြောင့် လမ်းပေါ်ရောက်ကြရသည်ဟု စပိုက်စ်က ပြောသည်။“စကစ်ရိုးမှာ ဘယ်သူမှ အခန်း မငှားနိုင်ဘူး။ အခန်းငှားခက တက်ပေမယ့် လစာက လိုက်တက်လာတာ မဟုတ်ဘူး”ဟု သူကဆိုသည်။
၂၀၀၈ ဘဏ္ဍာရေး အကျပ်အတည်း ပြီးနောက် အိမ်ခြေရာမဲ့ပြဿနာ ပိုဆိုးလာခဲ့ကြောင်း ပရဟိတ အဖွဲ့တစ်ဖွဲ့ဖြစ်သည့် လော့စ်အန်ဂျလိစ် မစ်ရှင်းအဖွဲ့၏ ဥက္ကဋ္ဌ ဟာ့ဘ်စမစ်က ပြောသည်။ လော့စ်အန်ဂျလိစ်တွင် တန်ဖိုးသင့်တင့် အိမ်ရာစနစ် ဆိုသည်မှာ စကားလုံး အဖြစ်ပင် မရှိကြောင်း၊ အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်းတစ်ခုကိုပင် တစ်လ ဒေါ်လာ (၂၆၀၀)ဖြင့် ငှားရမ်းနေရကြောင်း စမစ်က ပြောသည်။
လစာ၏ (၇၅) ရာခိုင်နှုန်းကို အိမ်ငှားခအတွက် သုံးစွဲနေရသောကြောင့် ဘ၀အောင်မြင်ပျော်ရွှင်ရန် မသုံးစွဲနိုင်တော့ကြောင်း သူကပြောသည်။
အရေးပေါ် အခြေအနေ ထုတ်ပြန်မှုကြောင့် အိမ်ခြေရာမဲ့များအတွက် နေအိမ်များ ဖန်တီးပေးရန် အခြေအနေ ရှိလာမည် ဖြစ်သည်။ အိမ်ရာဆောက်လုပ်မှုဆိုင်ရာ ကန့်သတ်ချက်တွေကို လျှော့ချပေးနိုင်မည်။ တန်ဖိုးသင့်တင့် အိမ်ရာများ ဆောက်လုပ်မှုအတွက် ပါမစ်များ ကျလာနိုင်သည်။
အိမ်ခြေရာမဲ့ ပြဿနာကို အစိုးရဌာန အဆင့်ဆင့်က လျစ်လျူရှုထားကြောင်း အမေရိကန် ပြည်ထောင်စုလို၊ လော့စ်အန်ဂျလိစ်လို ကြွယ်ဝသောနိုင်ငံ၊ ကြွယ်ဝချမ်းသာသော မြို့တစ်မြို့တွင် ယခုလို အဖြစ်မျိုး ရှိနေသည်မှာ ရှက်စရာ ကောင်းလှကြောင်း မြို့အုပ်ချုပ်ရေး ကောင်စီဝင် မိုက်ဘိုနင်က ပြောသည်။
စကစ်ရိုးမှာတော့ လူနာတင်ကားနှင့် ရဲကားတို့မှ အချက်ပေးသံများကို အဆက်မပြတ် ကြားနေရသည်။ ယင်းကားသံများကို မိနစ် (၃၀) တိုင်း တစ်ကြိမ်ကြားနေရသည်ဟု နေထိုင်သူများက ပြောကြသည်။ ၀ါရှင်တန်ရှိ အိမ်ဖြူနှင့် ကွန်ဂရက်စ်တို့ကတော့ ဒီအသံတွေကို မကြားနိုင်သေး။ ကြားလျှင်လည်း ဘာသံမှန်းပင် သိမည် မဟုတ်သေးချေ။
Credit: messenger