ကမ္ဘာအေးစေတီလမ်းနှင့် စက်မှု (၁) လမ်းထောင့်ရှိ ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှု အဆောက်အအုံတွင် Mini Theatre နှင့် ဆိုင်ခန်းပေါင်း ၁၀၀ ကျော် ပါဝင်မည့် ရှော့ပင်းစင်တာ (Myanmar Plaza) အား ဒီဇင်ဘာလဆန်း၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ယခု အကောင်အထည်ဖော် ဖွင့်လှစ်မည့် Myanmar Plaza မှာ Myanmar Centre ပရောဂျက်ထဲတွင် တစ်ခု အပါအ၀င်ဖြစ်ပြီး Myanmar Centre တာဝါနှင့် ကပ်လျက်ရှိသည့် အဆောက်အအုံတွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
“Myanmar Plaza က Myanmar Centre ပရောဂျက်ထဲက တစ်ခုပေါ့။ Plaza ကို Myanmar Centre တာဝါနဲ့ ကပ်လျက်ရှိတဲ့ အဆောက်အအုံမှာ ဖွင့်မှာပါ။ ငါးထပ်လုံးကို မုန့်ဆိုင်၊ စားသောက်ဆိုင်၊ အ၀တ်အထည်ဆိုင် စတဲ့ ဆိုင်ခန်းတွေထားမယ်။ ဆိုင်ခန်းပေါင်းက ၁၀၀ ကျော်လောက်ရှိမယ်။ Mini Theatre ပါမယ်။ အရေအတွက်ကတော့ အခုချိန်မှာ အတည်ပြုပေးလို့ မရသေးပါဘူး။ အနည်းဆုံး တစ်ခုတော့ ပါမှာပါ။ Myanmar Plaza ကို ဒီဇင်ဘာ ပထမပတ်လောက်မှာ ဖွင့်ဖို့မှန်းထားတယ်” ဟု Myanmar Plaza မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် မဇီဇ၀ါ က ပြောကြားသည်။
Myanmar Plaza ကို ကမ္ဘာအေးစေတီလမ်းနှင့် စက်မှု (၁) လမ်းထောင့်ရှိ ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှု အဆောက်အအုံတွင် ဖွင့်လှစ်မည်ဖြစ်ကာ ရာနှုန်းပြည့် ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှု ဖြစ်သည့်အတွက် အဆိုပါ အဆောက်အအုံရှိ လုပ်ငန်းဆောင်ရွက်မှုများ အားလုံးကို ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီအောက်မှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
Myanmar Plaza တွင် ဆိုင်ခန်းပေါင်း ၁၀၀ ကျော် ပါဝင်မည် ဖြစ်သည့်အတွက် ဆိုင်ခန်းငှားရမ်း လိုသူများ အနေဖြင့် သက်ဆိုင်ရာ ရုံးခန်းတွင် စုံစမ်းမေးမြန်း နိုင်ကြောင်း သိရသည်။
Credit: eleven media group