မိုးအကုန်ဆောင်းအကူး မြူခိုးဝေစပြုတဲ့ ရန်ကုန် နံနက်ခင်းကို ဆာကူရာတာဝါရဲ့ အထပ်အမြင့်ကနေ လှမ်းမျှော်ကြည့်ရင်း ဒဂုံတက္ကသိုလ် မြန်မာစာဌာနမှ ဒေါက်တာနုနုဝေ၏ အတွေးတို့က အတိတ်ကို ပြန်လည် ရောက်ရှိသွားပါတယ်။ ၁၉၇၃ခုနှစ် ရန်ကုန်ကို ရောက်ခါစ နဲ့ ယနေ့ ရန်ကုန်ဟာ အများကြီး တိုးတက်ပြောင်းလဲလာ ခဲ့ပါပြီ။ ယနေ့ သူထိုင်နေတဲ့ ကော်ဖီဆိုင်ဆိုတာ ဖြစ်လာ မယ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသူဘဝ ပြီးတဲ့အထိ တစ်ခါမှ မတွေးမိခဲ့ပါဘူး။ အထပ်မြင့်ကနေ လှမ်းမြင်ရတဲ့ မီးရထားရုံးကြီးကိုလည်း မကြာခင်ကာလမှာ သစ်လွင်စွာ မြင်ရတော့မယ်။ ဆူးလေရှန်ဂရီလာဟိုတယ်ကြီးကလည်း မျက်စိရှေ့မှာ ဘောင်ခတ်ထားသလို မြင်ကွင်းတွေကို ကွယ်နေသေးတယ်။ ခပ်လှမ်းလှမ်းမှာလည်း ကြီးမားလွန်း တဲ့ ဆိုင်းဘုတ်တွေကြားကနေမြင်ရတဲ့ ရန်ကုန်ဘူတာကြီး အဆောက်အအုံအမိုးချွန်လေးဟာ ဖွံ့ဖြိုးမှုတွေကြားမှာ အားငယ်နေမလားလို့ သူတွေးနေမိတယ်။
သူ့လက်ထဲမှာတော့ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့က သုတေသနပြုရေးဆွဲထားတဲ့ ရန်ကုန်မြို့ပြ အခင်းအကျင်းသစ်တစ်ခုကို ကိုင်ထားမိလျက် သားဖြစ်နေပါတယ်။ ထိုင်နေရင်းနဲ့ နေရောင်ခြည် ပိုမို တောက်ပလာတာနဲ့အမျှ မြူတွေလွင့်ပျယ်ပြီး များပြားလှတဲ့ ရောင်စုံမော်တော်ကားတွေဆီကနေ ထွက်လာတဲ့ မီးခိုး တွေ ဖုံးလွှမ်းလာတဲ့ မြို့လယ်ကောင်က ဆူညံစည်ကား လာတော့မယ်။ မိဘလက်ကိုတွဲပြီး အုပ်ဆိုင်းနေတဲ့ သစ်ပင် ကြီးတွေကြားကနေ လမ်းလျှောက်ပြီးသွားခဲ့ရတဲ့ နေထိုင် ရာ ပန်းဆိုးတန်းလမ်းမှတစ်ဆင့် ဗိုလ်ချုပ်လမ်းကရုပ်ရှင်ရုံ တန်းတွေမှာ ပြဇာတ်ကြည့်တဲ့ကာလကို ပြန်အမှတ်ရသွား ပြန်တယ်။ ရန်ကုန်ဟာ အသစ်တွေများလာပေမယ့် အထာ မကျသေးတဲ့ ပြောင်းရွှေ့စအိမ်တစ်လုံးလို ဗြုတ်စဗျင်း တောင်းနိုင်လာတာကိုတော့ ပြုပြင်ကြဖို့ လိုအပ်နေတယ် ဆိုတာ အသေအချာပါပဲ။
နိုင်ငံရဲ့ စီးပွားရေးအချက်အချာဖြစ်တဲ့ ရန်ကုန်က အပြောင်းအလဲကာလတစ်ခုကို ဖြတ်သန်းနေရတာပါ။ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ပေါ်ထွက်လာတာနဲ့အမျှ လာမယ့် ၁ဝ နှစ်ကနေ ၁၅ နှစ်တာကာလမှာ ရန်ကုန်လူဦး ရေကလည်း လက်ရှိထက် အဆများစွာ မြင့်လာနိုင်ပါတယ်။ အခုအချိန်မှာ မြို့ပြစီမံကိန်းကို ရေးဆွဲပြီး ဆောင်ရွက်မထား ရင် အနာဂတ်မှာ ရှုပ်ထွေးကျပ်ညပ်တဲ့၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေနဲ့ ပြည့်နှက်နေတဲ့၊ နေချင့်စဖွယ် မရှိတဲ့၊ ကိုယ်ပိုင်လက္ခဏာ အသွင်အပြင် ပျောက်ဆုံးသွားတဲ့ မြို့တစ်မြို့ဖြစ်သွားနိုင်တယ်လို့ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
ရန်ကုန်မြို့တည်နှစ်က အလွန်အမင်းကြာလွန်ခဲ့ပြီဖြစ် ပေမယ့် ကိုလိုနီတို့ မြန်မာနိုင်ငံအောက်ပိုင်းကို သိမ်းပိုက် ပြီးချိန်မှာ စနစ်တကျနဲ့ နေချင့်စဖွယ် သမိုင်းဝင်မြို့တစ်မြို့ကို ဖန်တီးပုံဖော်ခဲ့ကြပါတယ်။ ဆူးလေဘုရားကို ဗဟိုပြု လို့ တည်ဆောက်ထားခဲ့တဲ့ ရန်ကုန်မြို့ဧရိယာဟာ မူလက အတော်ကို ကျဉ်းမြောင်းခဲ့ပြီး တိကျတဲ့ အကွက်ချမှုတွေနဲ့ ဘာသာရေးအဆောက်အအုံတွေ၊ စီးပွားရေးအဆောက် အအုံတွေ၊ အစိုးရရုံးစိုက်ရာဌာနတွေ၊ အပန်းဖြေစရာ နေရာတွေကို တည်ဆောက်ခဲ့ကြသလို မြေအောက်ရေဆိုး စနစ်၊ သောက်သုံးရေပေးဝေမှုစနစ်တွေအပြင် ဖောက်လုပ် ထားခဲ့တဲ့ လမ်းမကြီးတွေရဲ့ အသုံးဝင်မှုတွေဟာ ယနေ့တိုင် မပျောက်မပျက် ကျန်ရှိနေဆဲပါ။
သိပ်သည်းလာတဲ့ လူဦးရေနဲ့ ကျန်ရှိနေတဲ့ အဆောက် အအုံတွေဟာ သဟဇာတမဖြစ်နိုင်တော့သလို မြေနေရာ သစ်တွေ ဖော်ထုတ်ခြင်းတွေဟာလည်း ခေတ်အဆက်ဆက် တိုးပွားလာခဲ့ပါတယ်။ အဟောင်းတွေအကြား အသစ်ထွက် ပေါ်လာတဲ့ မိုးမျှော်တိုက်တွေနဲ့ စနစ်မကျတဲ့ တည်ဆောက် မှုပုံစံတွေကြောင့် ရန်ကုန်သမိုင်းဝင်နေရာတွေဟာ ပျောက် ကွယ်လုနီးပါး ဖြစ်နေခဲ့ရတာကြောင့် ယခုကဲ့သို့ ပြန်လည် ဖော်ထုတ်ဖို့နှင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် မြို့ပြအင်္ဂါရပ်အဆင့် အတန်းမြင့်မားစေဖို့အတွက် ကြိုးစားနေကြရချိန်လည်း ဖြစ်ပါတယ်။
''ရန်ကုန်ကို အာရှတစ်ခွင်မှာ ဆွဲဆောင်မှုအရှိဆုံးနဲ့ နေချင့်စဖွယ်အကောင်းဆုံး မြို့တစ်မြို့ဖြစ်လာအောင်၊ ဘာသာတရား၊ ယဉ်ကျေးမှုနဲ့ ဗိသုကာဆိုင်ရာ အဖိုးမဖြတ် နိုင်တဲ့ တန်ဖိုးတွေကို သင့်တင့်လျောက်ပတ်စွာနဲ့ အသုံးချ နိုင်တဲ့ စိမ်းလန်းတဲ့ မြို့တစ်မြို့ဖြစ်လာအောင်၊ ရှိပြီးသား အမွေအနှစ်တွေနဲ့ အသစ်တွေကို အကောင်းဆုံး ယှဉ်တွဲ ထားနိုင်တဲ့ ဆိပ်ကမ်းမြို့ကြီးဖြစ်လာအောင်နဲ့ ဒေသတွင်း အခြားမြို့ကြီးတွေနဲ့ မတူကွဲပြားတဲ့ ဆန်းသစ်တီထွင်မှုတွေကို ရယူပြီး ရေရှည်တည်တံ့တဲ့ စီးပွားရေးဗဟိုချက်မြို့ကြီးဖြစ် လာအောင် အခုအချိန်မှာ စတင်ဆောင်ရွက်ရင် လက် လှမ်းမီနိုင်သေးတယ်ဆိုတာ အသေအချာပါပဲ'' လို့ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ရဲ့ တာဝန်ရှိသူက ဖြေကြားပါတယ်။
မကြာမီ ချမှတ်မယ့် ဆုံးဖြတ်ချက်တွေဟာ ၂၁ ရာစုရဲ့ ကျန်ရှိတဲ့ကာလတွေမှာ ဖြစ်ပေါ်လာမယ့် ရန်ကုန်ကို ပုံဖော်နိုင်မယ်လို့ ယူဆရသလို ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အနေနဲ့လည်း စတင် တည်ထောင်ချိန်ကနေ အခုချိန်ထိ လေးနှစ်တာကာလ အတွင်းမှာ မြို့ပြစီမံကိန်းရေးရာကိစ္စတွေကို အစိုးရဌာန၊ ပြည်တွင်းပြည်ပ ပညာရှင်တွေအပါအဝင် အဖွဲ့အစည်းတွေ အများကြီးနဲ့ အကြိမ်များစွာ လေ့လာဆွေးနွေးခဲ့ပြီး အဆောက်အအုံစာရင်းတွေ ကောက်ယူတာ၊ လေ့လာ ဆန်းစစ်ချက်တွေလုပ်တာတွေ ဆောင်ရွက်ခဲ့ရတယ်လို့ ယင်းအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါ တယ်။
အလေးပေးဆောင်ရွက်ဖို့နဲ့ အားလုံးပူးပေါင်းဆောင် ရွက်ကြမယ့် လုပ်ငန်းစဉ်တွေကို ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က အဆိုပြုထုတ်ပြန် ထားရာမှာ
(၁) မြို့၏ သူမတူထူးခြားသော သမိုင်းဝင်ဗိသုကာ အမွေအနှစ်များအား တန်ဖိုးထား ထိန်းသိမ်း
စောင့်ရှောက်ရန်၊
(၂) အများပြည်သူ အပန်းဖြေအနားယူနိုင်သော သဘာဝစိမ်းလန်းမြေကွက်လပ်များအား ထိန်း
သိမ်းစောင့်ရှောက်ရန်၊
(၃) အသစ်ဆောက်လုပ်သော အဆောက်အအုံများ သည် တည်ရှိပြီးဖြစ်သည့် သမိုင်းဝင်မြို့လယ်နှင့်
လိုက်လျောညီထွေမှုရှိစေရန်၊
(၄) လူသွားလမ်းများမှာ လမ်းလျှောက်ရလွယ်ကူ ဘေးကင်းပြီး အများပြည်သူအတွက် ရည်ရွယ်
သော လှပသည့် ဒီဇိုင်းများဖြစ်ရန်၊
(၅) ဘတ်စ်ကားများ၊ ကူးတို့များ၊ မီးရထားနှင့် စက်ဘီးအစရှိသည့် လွယ်ကူသက်သာ ကောင်း
မွန်သော အများပြည်သူသုံး ပို့ဆောင်ရေး စနစ် ဖော်ဆောင်ရန်၊
(၆) မြို့နေပြည်သူများ၏ ဘာသာရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့်သမိုင်းဆိုင်ရာ တန်ဖိုးထားသည့်
ပြယုဂ်ဖြစ်သော အမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်ရန်၊
(၇) လုပ်ငန်းအမျိုးမျိုးဖြင့် စိုလွင်တက်ကြွသော မြို့၏စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေရန်၊
(၈) သန့်ရှင်းသောပတ်ဝန်းကျင်၊ လေကောင်း လေ သန့်နှင့်ရေကောင်းရေသန့်များဖြင့် မြို့နေလူထု
၏ ကျန်းမာသော လူနေမှုဘဝများကို အထောက်အကူပြုရန်တို့ ပါဝင်ပါတယ်။
အာရှထဲက နေချင့်စဖွယ်အကောင်းဆုံးရန်ကုန်မြို့အဖြစ်ကို ပုံဖော်ပေးဖို့အတွက် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ အခင်းအကျင်း တစ်ခု ကို အများပြည်သူတွေနဲ့ မကြာမီကျင်းပတော့မယ့် ရွေး ကောက်ပွဲဝင်ရောက်ကြမယ့် ပါတီတွေအပါအဝင် ကိုယ်စားလှယ်လောင်းတွေဆီ ဖြန့်ဝေလို့ အကြံÓဏ်တွေ တောင်းခံထားတယ်လို့ သိရပါတယ်။
ပထမဆုံးကတော့ ရန်ကုန်မြို့လယ်ရဲ့ ထူးခြားချက် တွေကို ဆက်လက်ထိန်းသိမ်းထားပြီး စီးပွားရေးကို ပြန် လည် အသက်ဝင်လာစေဖို့ ကြိုးပမ်းကြမှာဖြစ်ပြီး အသစ် ဆောက်လုပ်မှုတွေကိုလည်း ပိုမိုကောင်းမွန်တဲ့ မြို့ပြပုံစံ ဖြစ်လာဖို့၊ ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးကြီးနေချိန် လည်း ဖြစ်ပါတယ်။
မြို့လယ်ထိန်းသိမ်းစောင့်ရှောက်ရေးဧရိယာ
ဒီဧရိယာဟာ ၁၉ ရာစုနှောင်းနဲ့ ၂ဝ ရာစုအစောပိုင်း မြို့ပြအခင်းအကျင်း ထူးထူးခြားခြား မပြောင်းမလဲ ကျန်ရှိ နေသေးတဲ့ ဧရိယာတစ်ခုဖြစ်ပါတယ်။ နိုင်ငံရဲ့သမိုင်းမှာ အရေးပါတဲ့နေရာတစ်ခုလည်းဖြစ်သလို တစ်မူထူးခြားစွာနဲ့ လူမျိုးဘာသာပေါင်းစုံ စုဝေးနေထိုင်တာကိုလည်း တွေ့နိုင် တဲ့နေရာတစ်ခုဖြစ်ပါတယ်။ လူနေထိုင်မှုတွေနဲ့ စီးပွားရေး လုပ်ငန်းကြီးတွေဟာလည်း ရောထွေးယှက်တင်တည်ရှိ နေတဲ့အတွက် ကမ္ဘာ့ထိပ်တန်း ခရီးသွားလုပ်ငန်းအတွက် အလားအလာကောင်းတွေ ဖြစ်လာစေမယ်လို့ သိရပါ တယ်။
အခုလို ထူးခြားချက်တွေနဲ့ ပြည့်နေတာကြောင့် မြို့လယ်ထိန်းသိမ်းစောင့်ရှောက်မှု ဧရိယာဟာမြို့ရဲ့ စီးပွားရေးအနာဂတ်ကို မောင်းနှင်ပေးမယ့်နေရာအဖြစ် ဆက်လက်လို့ အနာဂတ်အတွက် အရေးကြီးတဲ့နေရာ ဖြစ်နေဦးမယ်လို့ လေ့လာဆန်းစစ်မှုများအရ သိရပါတယ်။ မြို့လယ်ထိန်းသိမ်းစောင့်ရှောက်ရေး ဧရိယာအများစုဟာ မပြောင်းလဲဘဲ ကျန်ရှိနေတဲ့ မြို့ပြအခင်းအကျင်းတွေ ဖြစ် ပါတယ်။ ဆက်လက်ထိန်းသိမ်းဖို့အတွက်တော့ အားလုံးမှာ တာဝန်ရှိနေတာပါ။
ရွှေတိဂုံပတ်ဝန်းကျင်နဲ့ သမိုင်းဝင်ဧရိယာ
ရန်ကုန်သာမက မြန်မာတစ်နိုင်ငံလုံးရဲ့ အထွတ် အမြတ်ထားရာ စေတီတော်ကြီးဟာ အချက်အချာကျကျ တည်ရှိနေပါတယ်။ သမိုင်းဝင်နေရာတွေ၊ သာသနိက အဆောက်အအုံတွေနဲ့ စိမ်းလန်းမြေတွေဟာလည်း ဒီနေရာမှာ အတူအကွ တည်ရှိနေတာကိုတွေ့ရပါတယ်။ ဒီနေရာရဲ့ လူနေကျဲပါးမှုကို ဆက်လက်ထိန်းသိမ်းရမယ်လို့ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က အဆိုပြုထားပြီး ဒီအထဲမှာ သမိုင်းဝင် ရန်ကုန် တက္ကသိုလ်ရဲ့ အနာဂတ်ကိုလည်း ထည့်စဉ်းစားဖို့ လိုအပ် တယ်လို့ သိရပါတယ်။ အဆိုပါ ရပ်ဝန်းထဲမှာ ရန်ကုန် တက္ကသိုလ်အပြင် ဝင်ဒါမီယာ၊ ပြည်သူ့ဥယျာဉ်၊ ကန်တော် ကြီး၊ တိရစ္ဆာန်ရုံ၊ မူလစစ်ရုံးနဲ့ ရွှေတောင်ကြား၊ ဝင်္ကပါ လမ်းတို့အပြင် ကျိုက္ကဆံကွင်းအထိ သတ်မှတ်ထားတာကို တွေ့ရပါတယ်။
ဒါ့အပြင် ရွှေတိဂုံဘုရားပတ်ဝန်းကျင်တစ်ဝိုက် စိမ်းလန်းရပ်ဝန်းကိုလည်း ဆက်လက်ထိန်းသိမ်းစောင့် ရှောက်ဖို့ဟာ အနာဂတ်ရန်ကုန်အခင်းအကျင်းမှာ အဓိက ကျနေတယ်ဆိုတာ အဖွဲ့က ထောက်ပြထားပါသေးတယ်။ အထူးသဖြင့် ရွှေတိဂုံစေတီတော်ကြီးနဲ့ စေတီတော်ကို ဖူးမြော်နိုင်တဲ့ မြင်ကွင်းတွေကို အထူးအလေးထားပြီး ကာကွယ်စောင့်ရှောက်ဖို့နဲ့ ဆက်စပ်နေတဲ့ သာသနိက အဆောက်အအုံတွေနဲ့ ပန်းခြံဥယျာဉ်တွေကို စောင့်ရှောက် ဖို့ဆိုတာ အားလုံးပူးပေါင်းပါဝင်မှ အောင်မြင်မှာဖြစ်သလို စေတီတော်ကြီးနဲ့ ပတ်ဝန်းကျင်တစ်ခွင်ကို ခြုံငုံမိတဲ့ စီမံကိန်းတစ်ရပ်ကိုတော့ ရေးဆွဲဖို့ အချိန်အခါရောက်နေပြီ ဆိုတာကို ထောက်ပြထားပါတယ်။
အသစ်ဆောက်လုပ်မှုတွေပေါ်ထွက်လာနိုင်တဲ့ ရန်ကုန် အရှေ့ခြမ်း
ရန်ကုန်မြစ်နဲ့ ပုဇွန်တောင်ချောင်းတို့ပေါင်းစည်းတဲ့ နေရာဟာ ရန်ကုန်အရှေ့ခြမ်းဖြစ်ပါတယ်။ အခုချိန်အထိ အသစ်ဖော်ဆောင်နိုင်တဲ့ ဆောက်လုပ်ရေးတွေ အများ ကြီးတိုးချဲ့နိုင်တဲ့နေရာတွေဖြစ်သလို မြို့ပြပုံစံအသစ် ပေါ် ထွန်းလာနိုင်တဲ့ နေရာကောင်းတစ်ခုဖြစ်နိုင်တယ်လို့ အဖွဲ့ က အဆိုပြုထားပါတယ်။ ဒါ့အပြင် အမွေအနှစ် အဆောက်အအုံတွေလည်း ထိခိုက်မှုသိပ်မရှိတဲ့ နေရာ တွေဖြစ်တာမို့ အသစ်တိုးချဲ့နိုင်ဖို့ အလားအလာကောင်း တယ်လို့ သိရပါတယ်။
ရန်ကုန်အနောက်ခြမ်းက စီးပွားရေးဇုန်ဖြစ်လာမလား
အလုံ၊ ကြည့်မြင်တိုင်ဆိုတာ ရှေးယခင်ကတည်းက မြန်မာလူမျိုးတွေ အများဆုံးနေထိုင်ခဲ့တဲ့ ရပ်ကွက်နေရာ တွေဖြစ်ပြီး အနောက်ဘက်ခြမ်း ဖွံ့ဖြိုးမှုဧရိယာအဖြစ် သတ်မှတ်နိုင်ဖို့ အဖွဲ့က အဆိုပြုထားပါတယ်။ အသစ်ဖော် ဆောင်မှုတွေကို လုပ်နိုင်တဲ့အပြင် ရန်ကုန်မြစ်ကြော တစ်လျှောက်ဟာ စီးပွားရေးနဲ့ စက်မှုလုပ်ငန်းတွေ အခြေပြု သင့်တဲ့ နေရာတစ်ခုဖြစ်ပြီး အခွင့်အလမ်းတွေ အများကြီး ပေါ်ထွက်လာနိုင်တယ်လို့ ဆိုထားပါတယ်။
လက်တွေ့မှာလည်း အဆိုပါအဖွဲ့ရဲ့ အကြံပြုမှု မတိုင်ခင်ကတည်းက ရန်ကုန်မြို့သစ် စီမံကိန်းလို ကိစ္စရပ် တွေနဲ့ မြေယာပြဿနာတွေ အများဆုံးဖြစ်နေတဲ့ နေရာ တွေဖြစ်ပြီး လက်တွေ့ကျကျ ဖြေရှင်းပြေလည်နိုင်မယ့် နည်းလမ်းတွေကို သုံးစွဲနိုင်ခဲ့မယ်ဆိုရင် ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ အခင်း အကျင်းက ရုပ်လုံးပေါ်နိုင်တယ်ဆိုပြီး အိမ်ခြံ မြေလုပ်ကိုင် သူတွေက မျှော်မှန်းပါတယ်။
ပေါင်းကူးဇုန်
ဧရိယာလေးခုကို ပေါင်းကူးပေးဖို့အတွက် ရန်ကုန် ဘူတာကြီးယာဒ်ဝန်းကို ရည်ရွယ်ထားတယ်လို့ အဖွဲ့က အဆိုပြုထားပါတယ်။ ရန်ကုန်ဘူတာကြီးပတ်ဝန်းကျင် ဧရိယာဟာ အရှေ့ကဖော်ပြထားခဲ့တဲ့ ဒေသတွေအားလုံး ရဲ့ အချက်အချာတစ်ခုဖြစ်နေပါတယ်။ မြို့ရဲ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို ဖြတ်သန်းသွားတဲ့ မီးရထားလမ်းပေါ် မှာလည်း ရှိနေတာမို့ အခရာကျတဲ့နေရာဖြစ်လာနိုင်တာ ကို ကြိုတင်တွက်ဆကြည့်ကြတာပါ။
သို့သော်လည်း ရန်ကုန်ဘူတာကြီးနယ်နိမိတ်ဟာ အလွန်ရှုပ်ထွေးပြီး ကျူးကျော်ပြဿနာတွေနဲ့ အခြားဖြေရှင်း ဖွယ်ရာတွေကိုတော့ စုပေါင်းအဖြေရှာကြဖို့ လိုအပ်မယ်လို့ အိမ်ခြံမြေ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ ဒေါက်တာ စိန်မောင်က သုံးသပ်ပေမယ့် အဟောင်းနဲ့အသစ် ပေါင်း စပ်ပြီး အဆောက်အအုံတွေဖော်ထုတ်ဖို့ နေရာကောင်း တစ်ခုဖြစ်နေတာကတော့ အသေအချာပါပဲ။
စိမ်းလန်းနယ်မြေ
အဆောက်အအုံတွေကို ထိန်းချုပ်မှုတစ်ခုတည်းနဲ့တော့ နေချင့်စဖွယ် ရန်ကုန်ကို ဖော်ဆောင်နိုင်ဖို့ဆိုတာ မလုံ လောက်ပါဘူး။ မြို့တွင်းမှာရှိနေတဲ့ ရေတွင်းရေကန်တွေ၊ စိမ်းလန်းနယ်မြေတွေကိုလည်း ဆက်လက်ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း ကွန်ကရစ်ဂျန်ဂယ်လ် လို့ခေါ်ကြတဲ့ ပြဿနာဟာ အလွန်ကြီးထွားပါတယ်။ အနီး စပ်ဆုံး ယှဉ်ထိုးပြရရင် မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ကြောင်း သာခြားတဲ့ ရွှေလီမြို့မှာ သစ်တစ်ပင်တောင်ခုတ်ခွင့်မရှိ သလို အမြန်ဆုံးပြန်လည်စိမ်းလန်းလှပတဲ့ မြို့ဖြစ်လာစေဖို့ မြန်မာနိုင်ငံက နှစ်ရှည်ပင်တွေကိုတောင် တင်သွင်း စိုက်ပျိုးနေကြပါတယ်။
အရိပ်ရအပင်ကြီးတွေနဲ့ သစ်ပင်ပန်းမန်တွေ ဝန်းရံ ထားတဲ့ လမ်းမကျယ်ကြီးတွေ၊ အဆင်ပြေပြေလမ်းလျှောက် သွားနိုင်မယ့် လူသွားလမ်းတွေနဲ့ ကျယ်ပြောတဲ့ ပန်း ဥယျာဉ်တွေဟာ မြို့ရဲ့စိမ်းလန်းစိုပြည်မှုနဲ့ မြို့နေလူထု ကျန်းမာရေးအတွက် အဓိကကျပါတယ်။
အဓိကကတော့ မြစ်ကမ်းနားတစ်လျှောက်နဲ့ ပုဇွန် တောင်ချောင်းတစ်လျှောက်မှာ စိမ်းလန်းစိုပြည်လာအောင် ဖန်တီးပြီး နဂိုရှိရင်း ပန်းမန်ဥယျာဉ်တွေနဲ့ ချိတ်ဆက် နိုင်မယ်ဆိုရင် နေချင့်စဖွယ် ဥယျာဉ်မြို့တော် ဖြစ်လာမယ် ဆိုပြီး ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က အဆိုပြုထားပါတယ်။
အများသုံးပို့ဆောင်ရေးလမ်းကြောင်းကြီးတွေပေါ်ထွက်ဖို့
အနာဂတ်ဖွံ့ဖြိုးမှုဆိုရာမှာ သယ်ယူပို့ဆောင်ရေးဟာ လည်း အလွန်အရေးကြီးပါတယ်။ ယာဉ်ကြောကျပ်တာဟာ အကြောင်းများစွာပေါင်းစပ်ပါဝင်နေပါတယ်။
တံတားတွေ ဆောက်ရုံ၊ အမြန်လမ်းတွေဖောက်ရုံ၊ ယာဉ်တင်သွင်းမှု ကန့်သတ်ရုံနဲ့ ရေတိုကန့်သတ်မှုတွေက လက်ပူတိုက်နေရတဲ့ အခြေအနေသာဖြစ်ပြီး အများသုံးသယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေဖော်ဆောင်နိုင်ဖို့ လိုအပ်နေတဲ့ အချိန် အခါဖြစ်ပါတယ်။
မကြာမီမှာ အထပ်မြင့်အမြန်လမ်းမကြီးကို အကောင် အထည်ဖော်ဖို့အတွက် နိုင်ငံတော်ကလည်း ပြင်ဆင်နေတဲ့ အချိန်ဖြစ်ပါတယ်။ ဒါပေမယ့် မူလမီးရထားလမ်းကြောင်း ကိုအခြေခံတဲ့ ခေတ်မီသယ်ယူပို့ဆောင်ရေးစနစ် (Mass Transit) ကိုလည်း ဖော်ဆောင်သင့်တယ်လို့ သိရပါ တယ်။
ဥပမာအနေနဲ့ မြို့လယ်အမွေအနှစ်နဲ့ ရွှေတိဂုံစေတီ ဝန်းကျင်နေရာတွေမှာ မြေအောက်ရထားလမ်းပုံစံကို အကောင်အထည်ဖော်သင့်ပြီး အခြားနေရာတွေမှာ မိုးပျံ ရထားလမ်းတွေကိုလည်း တည်ဆောက်သင့်တယ်လို့ အဖွဲ့ က သုံးသပ်ထားသလို ရထားလမ်းတစ်လျှောက်ရဲ့ လမ်းဆုံ နေရာတွေမှာ မြို့ပြတည်ဆောက်မှုအသစ်တွေကို ဖော် ဆောင်သင့်ပြီး ပင်မပို့ဆောင်ရေးလမ်းကြောင်းဆုံရာ နေရာမျိုးတွေကို မြို့ရဲ့ အဓိကအချက်အချာ နောက်တစ်ခု အဖြစ်နဲ့ ထားရှိနိုင်တယ်လို့ ထောက်ပြထားပါတယ်။
''ကောင်းတဲ့အရာတွေ အများကြီးရှိနေသေးတယ်။ တစ်ခါက ရန်ကုန်ကို Reform လုပ်လိုက်ရင် အများကြီး ပိုကောင်းသွားမယ်။ အခွင့်အရေးလည်းရှိတုန်း၊ အခွင့်အခါ လည်းသင့်တုန်းမှာ လုပ်ကြဖို့ပဲလိုပါတယ်။ အဆောက်အအုံ တွေ ထိန်းသိမ်းရုံနဲ့တော့ မပြီးပါဘူး။ မြို့ပြစီမံကိန်းတစ်ခု ဖြစ်လာဖို့ လိုအပ်ချက်တွေ အများကြီးရှိတာမို့ အားလုံး ဝိုင်းဝန်းဆွေးနွေးပြီး မြို့ပြစီမံကိန်းကို ရေးဆွဲသင့်တယ်''လို့ ဒေါက်တာနုနုဝေက ဆိုပါတယ်။
Credit: MOI Webportal Myanmar