ရန်ကုန်-ဒလ မြစ်ကူးတံတား သစ်စီမံကိန်း ဆောင်ရွက်ရန် လာမည့်နိုဝင်ဘာလ (၁၆) ရက်နေ့တွင် ကိုရီးယားနိုင်ငံနှင့် သဘောတူလက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။
“နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးပြီးရင် လုပ်ငန်းကစလို့ရပြီ။ အခုလောလောဆယ် အဲဒီစီမံကိန်းနဲ့ မလွတ်တဲ့ နေအိမ်တွေကိုဖယ်ခိုင်းထားတယ်”ဟု
ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်က ပြောသည်။
ရန်ကုန်-ဒလ မြစ်ကူးတံတားတည် ဆောက်ရာတွင် သင်္ဘောကြီးများ သွားလာနိုင်ရေး အတွက် ရေလမ်းကင်းလွတ် အမြင့်ပေ (၁၆၀) နှင့် ရေလမ်းကင်းလွတ် အကျယ်မှာ (၈၂၃) ပေ ထားရှိပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းတံတား တည်ဆောက်ရန် အမေရိကန် ဒေါ်လာ (၁၃၈) သန်း သုံးစွဲသွားမည် ဖြစ်ပြီး၊ စီမံကိန်းအား ၂၀၁၉ ခုနှစ်တွင် အပြီးသတ် တည်ဆောက်ရန် လျာထားကြောင်း သိရသည်။
“ကျွန်တော်တို့ကတော့ နေရာဖယ်ပေးရတဲ့ အတွက် ပိုက်ဆံအများကြီးတော့ မလိုချင်ပါဘူး။ နေရာပြန်ပေးရင်ပေး ဒါမှမဟုတ် ကာလပေါက်ဈေးအတိုင်း လျော်ပေးရင်လည်း လက်ခံမှာပါ”ဟု တံတားစီမံကိန်း အနီးရှိ ကျန်စစ်သားရပ်ကွက်နေ ဦးကြည်မြင့်က ဆိုသည်။
ရန်ကုန်-ဒလ တံတားစီမံကိန်းပြီးစီးပါက ဒလမြို့နယ် ဆက်စပ်မြို့နယ်များ ပိုမိုဖွံ့ဖြိုး တိုးတက်လာမည့်အပြင် ရန်ကုန်မြို့၌ သွားရောက် အလုပ် လုပ်ကိုင်သူများအတွက်လည်း အချိန်တိုအတွင်း သွားလာနိုင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။
လက်ရှိ ရန်ကုန်-ဒလ ကူးသန်းသွားလာရာတွင် သင်္ဘောဖြင့်သာ သွားနိုင်ပြီး၊ ယင်းသို့သွားလာနိုင်ရန် အတွက်ချယ်ရီအမည်ရှိကူးတို့ရေယာဉ်သုံးစင်းမှ နေ့စဉ် ပြေးဆွဲပေးနေလျက် ရှိသည်။
အဆိုပါ တံတားသစ်စီမံကိန်းအား ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် စတင်တည်ဆောက်ရန် စီစဉ်ခဲ့သော်လည်း ဒလမြို့နယ်တွင် မြေဈေးနှုန်းအဆမတန်
မြင့်မားလာခြင်းကြောင့် ရပ်ဆိုင်းခဲ့သည်။
Credit: Messenger