ကမ္ဘာအေးဘုရားလမ်းတွင်လက်ရှိတည်ဆောက်လျက်ရှိကာ စီမံကိန်း၏ အဆင့် ၁ ပြီးစီးနေပြီဖြစ်သည့်
ဟောင်အင်းဂရီလာစီမံကိန်းမြန်မာစင်တာ၌ မြန်မာပလာဇာကို စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာပလာဇာသည် စတုရန်းပေ ၂,၀၀၀ ကျယ်ဝန်းသော စားသောက်ကုန်အရောင်းဆိုင်နေရာများ၊ အိမ်သုံးပစ္စည်းနှင့်လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များ၊ လူမှုအသုံးအဆောင်ပစ္စည်းအရောင်းဆိုင် ၁၀ ဆိုင်နှင့် အလှအပနှင့်ဖက်ရှင်ဆိုင်ရာ Brand ပေါင်း ၁၀၀ ကျော်ရောင်းချမည့် ဆိုင်ခန်း ၃၇ ခန်းအထိ ဖွင့်လှစ်မည်ဖြစ်သည်။
အထပါငါးထပ် ပါဝင်သည့် မြန်မာပလာဇာသည် ကုန်ပဒေသာ စတိုးဆိုင်ကြီးနှစ်ဆိုင် ဖြစ်သော Blazon ၊ MK တို့နှင့် ချိတ် ဆက်ဖွင့်လှစ်ထားမည်ဖြစ်ပြီးနိုင်ငံတကာမှ နာမည်ကြီး Brand ဆိုင်ပေါင်းများစွာ ပါဝင်မည်ဖြစ်ကြောင်း
သိရသည်။
ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များ၏ ၁၀၀ ရာခိုင်နှုန်းပါဝင်သည့် ဟောင်အင်းဂရီလာ မြန်မာစင်တာတွင် မြန်မာပလာဇာအပြင် MELIA ဟိုတယ်ကိုလည်း ဖွင့်လှစ်ထားပြီးလူနေတိုက်ခန်းများကိုလည်း
စတင်ရောင်းချနေပြီဖြစ်သည်။
မြန်မာပလာဇာဈေးဝယ်စင်တာဖွင့်မည့် ဟောင်အင်းဂရီလာစီမံကိန်းသည် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ယခင်စက်မှု(၁) ဝန်ကြီးဌာနပိုင်မြေနေရာတွင် ကန်ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံ၍ အဆင့်မြင့်လူနေတိုက်ခန်းများ၊
ဈေးဝယ်စင်တာ၊ ဟိုတယ်နှင့် ရုံးခန်းများ ပါဝင်သည့် စီမံကိန်းဖြစ်သည်။
အဆိုပါစီမံကိန်းသည် ရန်ကုန်မြို့၌ အကြီးဆုံးစီမံကိန်းနှင့် အစောဆုံး ပြီးစီးမည့် စီမံကိန်းတစ်ခုဖြစ်သည်။
ဗီယက်နမ်အခြေစိုက် ဟောင်အင်းဂရီလာကုမ္ပဏီ၏ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှု ပါဝင်သည့် ယင်းစီမံကိန်းကို အပိုင်းနှစ်ပိုင်း ခွဲခြားထားပြီး အပိုင်း(၁) သည်၂၀၁၅ တွင်ပြီးစီးမည်ဖြစ်ပြီးအပိုင်း(၂)သည် ၂၀၁၇ တွင် ပြီးစီးမည် ဖြစ်သည်။
စီမံကိန်း အကောင်အထည်ဖော်နေသည့် မြေနေရာကို စက်မှုဝန်ကြီးဌာနထံမှ ယင်းကုမ္ပဏီက ၂၀၁၂ တွင် လွှဲပြောင်းရယူခဲ့ပြီး လုပ်ငန်းဆောင်ရွက်ခြင်းကို ၂၀၁၃ ၌ စတင်နိုင်ခဲ့သည်။
လုပ်ငန်းကာလကိုခြောက်နှစ်မှ ခုနစ်နှစ်အထိ ကြာမြင့်မည်ဟု ခန့်မှန်းထားပြီး သတ်မှတ်ချိန်ထက်စော၍ ပြီးစီးနိုင်ကြောင်း ဟောင်အင်းဂရီလာကဆိုသည်။
Credit: 7Daydaily