ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ
သုနန္ဒာလမ်းနှင့် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ရာဇသင်္ကြန်လမ်းတို့ကိုဆက်သွယ်
ဆောက်လုပ်ထားသည့် မြောက်ဥက္ကလာပကြိုး
တံတား နံဘေးတွင် အသစ်ထပ်မံ
ဆောက်လုပ်နေသည့် ငမိုးရိပ်တံတားသစ်(သုနန္ဒာ) စီမံကိန်းနှင့် မလွတ်ကင်းသည့်အတွက် ပျံကျဈေးဆိုင်ခန်း ၁၈၀ ခန့် ပြောင်းရွှေ့ပေးရန် ညွှန်ကြားထားကြောင်း ဒဂုံမြို့
သစ်မြောက်ပိုင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဇော်က ပြောကြားသည်။
မြောက်ဥက္ကလာပကြိုးတံတားမှာ ငမိုးရိပ်ချောင်းကို ဖြတ်သန်းဆောက်လုပ်ထားခြင်းဖြစ်ပြီး လူ၊ စက်ဘီး၊ ဆိုင်ကယ် စသည်တို့သာ ဖြတ်သန်းခွင့်ရပြီး ယာဉ်ဖြတ်ခွင့် မရကြောင်း၊ ပြီးခဲသည့်နှစ်က ယင်းတံတားမှာ ကြံ့ခိုင်မှုအခြေအနေမကောင်းခြင်းကြောင့် ခေတ္တဖြတ်သန်း
ခွင့် ပိတ်ထားခဲ့ပြီး နောက်ပိုင်း ပြန်လည်ခွင့်ပြုခဲ့ကြောင်း၊ ထို့အတွက်ကြောင့် ယင်းတံတားနံဘေး ငမိုရိပ်ချောင်းပေါ်၌ ယာဉ်များသွားလာနိုင်သည့် ငမိုးရိပ်တံတားသစ်(သုနန္ဒာ) ကို ဆောက်လုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတားစီမံကိန်း ဧရိယာမှာ ယခင်ပျံကျဈေးသည်များ ဈေးရောင်းချသည့် နေရာဖြစ်နေခြင်းကြောင့် ပျံကျဈေးသည် ၁၈၀ ခန့်အား ပြောင်းရွှေ့ရန် ညွှန်ကြားထားခြင်း ဖြစ်ကြောင်း၊ ၎င်းတို့အတွက် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ရာဇသင်္ကြန်လမ်းပေါ် တစ်နေရာ၌ပင် ပြန်လည်နေရာ ချထားပေးရန်အတွက် လက်ရှိမြေပြုပြင်မှုများ ပြုလုပ်နေသည်ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်စည်ပင်သာယာရေးကော်မ
တီဥက္ကဋ္ဌ ဦးမြင့်ဇော်က ဆိုသည်။
“ပြောင်းဖို့ ညွှန်ကြားပြီးသား။ သူတို့အတွက် ရောင်းဖို့နေရာလည်း လုပ်နေတယ်။ ဒါပေမယ့်အခုထိတော့ ရောင်းလို့ရသလောက်တော့
ရောင်းနေရတာပဲ” ဟု ဦးမြင့်ဇော်က ပြောကြားသည်။
“ကျွန်မတို့လည်း မကြာခင် ပြောင်းရတော့မှာပါ။ အခုတော့ စားဝတ်နေရေးကရှိသေးတော့ ရောင်းလို့ရ
သလောက်တော့ ရောင်းနေတယ်” ဟုယင်းနေရာတွင် ဈေးရောင်းချသူတစ်ဦးက
ပြောကြားသည်။
ငမိုးရိပ်တံတားသစ်(သုနန္ဒာ)ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် Myanmar V.Pile ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်နေခြင်း ဖြစ်ကြောင်း၊ တံတားခံနိုင်ဝန်မှာ ၇၅ တန်ဖြစ်ပြီး ၂ လမ်းမောင်း အမျိုးအစားဖြစ်ကာ အကျယ် ၁၁ ဒသမ ၅ မီတာရှိကြောင်း သိရသည်။
လက်ရှိ တံတားတည်ဆောက်မှုလုပ်ငန်းမှာ ရာခိုင်နှုန်း ၃၀ ခန့် ပြီးစီးနေပြီဟု သိရပြီး ယင်းတံတားအား လက်ရှိ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဟု သိရသည်။
အလားတူ မြောက်ဥက္ကလာပအ၀ိုင်းနှင့် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ၄၂ ရပ်ကွက်တို့ကို ဆက်သွယ်ထားသည့် တံတားဘေးတွင် ငမိုးရိပ်ချောင်းကူးတံတားသစ်(ဗိုလ်မှူးဗထူး)ကို ဆောက်လုပ်ရာတွင် မလွတ်ကင်းသည့် အိမ်ခြေ ၉၀ ခန့်ကို ပြောင်းရွှေ့စရိတ် ကျပ် ၅ သိန်းပေး၍ ပြောင်းရွှေ့ရန် ညွှန်ကြားခဲ့ရာ အိမ်ငှားနေထိုင်သည့် အိမ်ခြေ ၆၀ ခန့် ပြောင်းရွှေ့သွားခဲ့ပြီး သန်းခေါင်စာရင်းဖြင့် နေထိုင်သူ အိမ်ခြေ ၃၀ ခန့်ကို ပြောင်းရွှေ့ပေးရန်နှင့် မပြောင်းရွှေ့ပါက စည်ပင်ဥပဒေဖြင့် အရေးယူမည်ဟု တတိယအကြိမ် စာပို့ သတိပေးထားကြောင်း ပြောင်းရွှေ့ပေးရမည့်သူအချို့ထံမှ သိရသည်။
Credit: Eleven News