ရန်ကုန်မြို့ဟု ဆိုလိုက်ကတည်းက အဓိက ပြေးမြင်မိတာကတော့ ဆူးလေစေတီ ပတ်ဝန်းကျင်မှာရှိတဲ့ အထပ်မြင့် တိုက်တွေရဲ့ မြင်ကွင်းကျယ်ကြီးတွေပဲ ဖြစ်ပါတယ်။ မြို့ပြရဲ့ တိုက်ကြီး တာကြီးတွေက ခေတ်မီ တိုးတက်လာခြင်းနဲ့ ဒွန်တွဲပါလာနေကျပင်။
ရန်ကုန်မြို့ အစွန်မှာ နေထိုင်သူတွေနဲ့ တောသူ တောင်သားတွေရဲ့ အားကျစိတ်တွေထဲမှာ ဒီလိုအထပ်မြင့်တိုက်ကြီးမှာ နေထိုင်သူတွေရဲ့ ဘ၀တွေလည်း ပါလေရဲ့။
ဒါပေမဲ့ တောသူတောင်သားတွေ သဘောကျတဲ့ အထပ်မြင့်မှာ နေသူတွေရဲ့ နောက်ကွယ်က အခက်အခဲတွေကို သိလိမ့်မယ်လို့တော့ မထင်ပါ။ သာရေးနာရေး ကိစ္စဆိုတာ လူသားတိုင်း ကင်းကွာနေလို့မရတဲ့ ပြဿနာတစ်ရပ်ပါ။
ဒီအထဲမှာ တောသူ တောင်သားတွေ အားကျမိတဲ့ အထပ်မြင့် တိုက်ကြီးတွေမှာနေတဲ့ သူတွေလည်း အပါအ၀င်ပေါ့။
တောဓလေ့ သဘာဝအရ သာရေး နာရေး ကိစ္စတွေကို အိမ်ရှေ့မှာ မဏ္ဍပ်ထိုးပြီး ပြုလုပ်တတ်ပါတယ်။ နေအိမ်တစ်အိမ်နဲ့ တစ်အိမ်က အလှမ်းမဝေးပေမယ့် မဏ္ဍပ်တစ်ခုစာတော့ ကောင်းကောင်းလောက်ငပါတယ်။
သာရေးပဲဖြစ်ဖြစ်၊ နာရေးပဲဖြစ်ဖြစ် ရပ်ကွက်ထဲက လာသမျှလူကို မဏ္ဍပ်တစ်ခုထဲမှာ ဖျာကြမ်းတွေခင်းပြီး အတူထိုင်စကားပြောကြရုံပါပဲ။ ဧည့်ခံရုံပါပဲ။ ကျွေးမွေးဖို့ အတွက် ခံ့ညားတဲ့ မဏ္ဍပ်ကြီး ရှိပါတယ်။
ရောက်လာတဲ့ ဧည့်သည်တွေကို အိမ်ရှေ့မှာ ဆောက်ထားတဲ့ မဏ္ဍပ်ထဲမှာ လုံလုံလောက်လောက် ဧည့်ခံလို့ ရပါတယ်။ နေအိမ်အပေါ်က ဧည့်ခန်းကတော့ သီးသန့် အပိုနေရာလို့ ဆိုရမှာပါ။
ဘုန်းကြီး ဆွမ်းကပ် ရေစက်ချ တရားနာဖို့ အတွက် နေအိမ်ဧည့်ခန်းကို သုံးလို့ရပါတယ်။ ရပ်ကွက်ထဲက သက်ကြီးရွယ်အိုတွေ၊ ရပ်ကွက် လူကြီးတွေ အတွက် ဧည့်ခံရာနေရာအဖြစ်လည်း အသုံးဝင်နေပြန်တယ်။
ဒါကတော့ ရန်ကုန်မြို့ အစွန်မှာ နေသူတွေနဲ့ တောသူတောင်သားတွေ အတွက် အဓိက မြေနေရာ အားသာချက်ပါ။ ဒီအချက်ကလည်း သူတို့တစ်တွေ သဘောကျတဲ့ အထပ်မြင့် အဆောက်အအုံမှာ နေသူတွေနဲ့ ကွာခြားချက်ပါပဲ။
ကွာခြားချက် ဆိုတာထက် အထပ်မြင့် တိုက်တာမှာ နေသူတွေရဲ့ အားနည်းချက်ဆိုရင် ပိုမှန်ပါလိမ့်မယ်။
ရန်ကုန်မြို့ပေါ်ရဲ့ အထပ်မြင့် တိုက်ပေါ်မှာ နေသူတွေ အတွက် သာရေးကိစ္စများမှာတော့ အခက်အခဲ မရှိကြပါဘူး။ မင်္ဂလာဆောင်ရင် ခန်းမငှားပြီး ဆောင်လို့ရတယ်။ အလှူလုပ်ချင်ရင်လည်း တိုက်ခန်းတွေမှာ လုပ်လို့ ရပါတယ်။
ဒါပေမဲ့ နာရေးကိစ္စနဲ့ နေထိုင်မကောင်းလို့ ဆေးရုံဆေးခန်း သွားချင်ရင်တော့ အခက်အခဲ ရှိပါတယ်။
ငွေကြေးတတ်နိုင်လို့ လူနာတင်ယာဉ်တွေ ငှားရမ်းဖို့တော့ လွယ်ပါတယ်။ ဒါပေမဲ့ လူနာတင်ယာဉ်တွေက လူနာကိုပဲ တင်ဆောင် မောင်းနှင်တာပါ။ လူနာကို တိုက်ပေါ်ကနေ ကားပေါ်ရောက်အောက် တင်တာ၊ ပို့တာတွေ တာဝန်ယူထားတာ မရှိပါဘူး။
အဲဒီအခက်အခဲတွေ အတွက် ပရဟိတ အသင်းတွေကိုပဲ အားကိုးရတာပါ။
ရန်ကုန်မြို့အတွင်းမှာ နေထိုင်သူတွေ အတွက် အဓိက အားထားရတဲ့ ရန်ကုန် ဆေးရုံကြီး ပတ်ဝန်းကျင်မှာတော့ လူနာတင်ယာဉ်တွေ ငှားရမ်းလို့ ရပါတယ်။ ဒါပေမဲ့ လူနာတင်ယာဉ်ကို ဆေးရုံကငှားရင် တိုက်အောက်အထိ ပို့ပေးတယ်။ တိုက်ပေါ်ကို လူနာရောက်ဖို့ ကတော့ လူနာရှင်တွေရဲ့ တာဝန် ဖြစ်နေတယ်။ တိုက်ကနေ လူနာတင်ယာဉ်ငှားရင် တိုက်အောက်ထိ လူနာတင်ယာဉ် လာပေးတယ်။ လူနာတင်ယာဉ်ပေါ် လူနာရောက်ဖို့ ကတော့ ကာယကံရှင်တွေက တာဝန်ယူရပြန်တယ်။
သာမန်ဖျားတာ နာတာ လောက်တော့ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ အဓိက အခက်အခဲက နာတာရှည် ကျန်းမာရေး မကောင်းတဲ့ သူတွေနဲ့ ၊ အိပ်ရာပေါ်က မထနိုင်တဲ့ သူတွေကို ဆေးရုံပို့ဖို့ ကျတော့ အခက်အခဲ ရှိနေတယ်။ အထပ်ပိုမြင့်လေ ပိုခက်ခဲလေပါပဲ။ နေအိမ်တွေမှာ လူနာတင်ဖို့ ပစ္စည်းကိရိယာ အစုံအလင်မရှိပါဘူး။
တိုက်ခန်းမှာ နေထိုင်သူတွေ အိမ်မှာ နာရေးဖြစ်ပြီဆိုရင် သေဆုံးသူ Body ကို အိမ်မှာ သုံးရက် ပြည့်အောင်ထားလို့ မရပါဘူး။ နေအိမ်ကျဉ်းမြောင်းတဲ့ အခက်အခဲကြောင့် ချက်ချင်း ရေခဲတိုက်ကို ပို့ရပါတယ်။ အသုဘချမယ့်ရက် ရောက်မှ အိမ်ကသယ်မယ်ဆိုရင် သယ်ဆောင်ဖို့ အခက်အခဲက တစ်ခု၊ ရေခဲတိုက်ကို ပို့ထားတော့ အလုပ်နည်းသွားတာက တစ်ကြောင်း၊ ဒီလိုအကြောင်း ကြောင်းတွေကြောင့် အိမ်မှာ မထားကြပါဘူး။ ဒါကလည်း လူနေမှုပုံစံ မြင့်လာတာရဲ့ နောက်ကွယ်က ပေးဆပ်မှု တစ်ခုပါပဲ။
တိုက်ခန်းတွေမှာလည်း လူနာသယ်ဖို့ အခက်အခဲရှိသလို၊ ဓာတ်လှေကားရှိတဲ့ ကွန်ဒိုတွေမှာလည်း အခက်အခဲက ရှိပါတယ်။ လူနာက ပက်လက် သယ်ရမယ်ဆိုရင် တချို့ဓာတ်လှေကားနဲ့ မဆံ့တော့ပါဘူး။ လူနာရဲ့ ရောဂါအခြေအနေအရ တင်ဆောင်ရမယ့် ပစ္စည်းတွေက ပရဟိတ အဖွဲ့တွေမှာပဲ ရှိပါတယ်။ ဒီလို ပရဟိတ အဖွဲ့တွေရဲ့ အထောက်အပံ့က အထပ်မြင့်နေသူတွေ အတွက် အားကိုးရတဲ့ အကူအညီတစ်ခုပါ။
အထပ်မြင့်မှာ နေကြရတဲ့ ပြည်သူတွေ အတွက် သာမန်အချိန် နေထိုင်မှုတွေက သတိထားမိစရာတော့ မရှိပါဘူး။ နေထိုင်မှုပုံစံတွေ ပြောင်းလဲလာတာနဲ့ အမျှ လူမှုရေးကိစ္စတွေကို လျစ်လျူရှုသလို ဖြစ်နေပါတယ်။ အထပ်မြင့်နေကြတဲ့ လူသားတွေ အတွက် အခက်အခဲတွေကို ကိုယ်ချင်းစာစိတ် အပြည့်နဲ့ တန်ဖိုးထား ဆောင်ရွက်ပေးနေတဲ့ လူမှုကူညီရေး အသင်းတွေ များများပေါ်လာရင် ပိုကောင်းပါလိမ့်မယ်။
နောက်ထပ် အရေးကြီးတာ တစ်ခုက လူနာတင်ယာဉ်ကားတွေရဲ့ လိုအပ်ချက်ပါ။ လူနာတင်ယာဉ် လုပ်သားတွေ အနေနဲ့ အတ္တဟိတထက် ပရဟိတစိတ်ကို အခြေခံထားသူဖြစ်ဖို့ လိုပါတယ်။ ဒါမှလည်း တကယ် လိုအပ်လို့ အကူအညီ တောင်းသူတွေကို လိုအပ်သလို အဆင်ပြေပြေ ကူညီနိုင်မှာ ဖြစ်ပါတယ်။ ငွေကြေးနဲ့ အကူအညီ တောင်းတယ် ဆိုပေမယ့် တကယ်လိုအပ်လို့ အကူအညီတောင်းခြင်းပါပဲ။
ဒီလိုမျိုး မဟုတ်ဘဲ လူနာတင်ယာဉ်ကို ပိုက်ဆံပေးပြီး ခေါ်ယူရတယ်။ ခေါ်ပြီးတဲ့ အချိန်မှာလည်း လူနာသယ်ဖို့ အခက်အခဲကြောင့် မုန့်ဖိုးဆိုတာမျိုး ထပ်ပေးရပြန်တယ်။ ဒါက သူတို့လောက အတွက်တော့ မထူးဆန်းပေမယ့် မြန်မာလူမျိုးတွေရဲ့ လူမှုရေးအသိစိတ်ကို ငွေကြေးနဲ့ လဲလှယ်ရသလို ဖြစ်နေပြန်ပါတယ်။ တစ်နည်းအားဖြင့် လူမှုရေးကို ငွေကြေးနဲ့ ၀ယ်နေရတဲ့ လူတန်းစား တစ်ရပ် မွေးဖွားခြင်းမျိုးပါပဲ။
မြန်မာလူမျိုးတို့ရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့စရိုက်တွေထဲမှာ လူမှုရေး ကူညီပေးမှုကလည်း ထိပ်ဆုံးကနေ နေရာယူထားတာပါပဲ။ လူနေမှု အဆင့်အတန်း မြင့်မားသူတွေ ကလည်း လူသားထဲက လူတွေပါပဲ။ သူတို့ရဲ့ လူမှုရေး အကူအညီလိုမှုကလည်း လူသားတစ်ယောက်ရဲ့ အကူအညီလိုမှုပါပဲ။
လူမှုရေး လုပ်ငန်းကို သီးသီးသန့်သန့် အချိန်ပေး လုပ်ကိုင်နေတဲ့ ပရဟိတ အဖွဲ့တွေတောင် ရှိနေသေးတာပဲ။ အချိန်ပေးစရာမလိုဘဲ လုပ်ငန်းခွင်ထဲကနေ ကူညီရမယ့် လူနာတင်ယာဉ် လုပ်သားတွေထဲမှာလည်း ပရဟိတစိတ်ရှိသူတွေ များများပါဝင်ဖို့ လိုပါတယ်။
တကယ်တော့ အထပ်မြင့်နေသူတွေ အတွက် လူမှုရေး အကူအညီ ဆိုတာ တကယ် လိုအပ်နေတဲ့ အကူအညီတစ်ခုပါ။ တစ်နည်းအားဖြင့် နေရေးထက် သေရေး အခက်အခဲ ဖြစ်နေသူတွေပါ။ လူတိုင်းက မွေးဖွားလာရင် သေဖို့စောင့်နေကြတဲ့ သူတွေချည်းမို့ မသေခင်ကာလလေးမှာ အတ္တနည်းနည်း ပရဟိတ စိတ်များများနဲ့ အချင်းချင်း ကူညီကြမယ်ဆိုရင် အကူအညီလိုသူရော၊ ကူညီတဲ့သူပါ ကျေနပ်ဝမ်းသာရမှာပါပဲ။
ဒါကြောင့် နေထိုင်ဖို့ အခက်အခဲရှိသူတွေ ဒုနဲ့ဒေးရှိနေသလို၊ သေဖို့အတွက် အခက်အခဲ ရှိနေသူတွေ ကိုလည်း ပရဟိတစိတ်အပြည့်နဲ့ ကူညီ ဆောင်ရွက် ပေးစေလိုပါကြောင်။
Credit : Messenger