လာမည့် ၂၀၁၇ တွင် ရန်ကုန်မြို့၌ တည်ဆောက်ပြီးစီး နိုင်မည့် ကွန်ဒိုတိုက်ခန်းအရေအ တွက်သည် ၂၀၁၄ တွင်ရှိသည့် ကွန်ဒိုအရေအတွက်ထက် နှစ်ဆ ခွဲကျော်ရှိလာနိုင်ကြောင်း Pro-perty Solution ကုမ္ပဏီက ရန်ကုန်မြို့၏မြို့ပြအိမ်ခြံမြေနှင့် ဆောက် လုပ်ရေးလုပ်ငန်းများကို သုံးနှစ် ခန့် သုတေသနပြုလုပ်၍ သုံးသပ် ချက်ထုတ်ပြန်သည်။
၂၀၁၄ တွင် ရန်ကုန်မြို့၌ ကွန်ဒိုအခန်း အရေအတွက် ၅,၅၈၆ ခန်းရှိပြီး လာမည့်နှစ်များ အတွင်း နှစ်စဉ် တိုးတက်လာမည် ဖြစ်ကာ ၂၀၁၇ တွင် ကွန်ဒိုအခန်း ပေါင်း ၁၄,၈၁၁ ခန့်ရှိလာနိုင်ပြီး အဆင့်မြင့်ကွန်ဒိုအခန်း ၅,၀၀၀ ကျော်နှင့် အလယ်အလတ်အဆင့် ကွန်ဒို ၇,၈၀၀ ကျော်ရှိလာနိုင် ကြောင်း အဆိုပါကုမ္ပဏီ၏စီမံခန့် ခွဲမှုဒါရိုက်တာ ဦးမျိုးမော်ဦးက ပြောသည်။
ကွန်ဒိုဆောက်လုပ်ရေးဈေး ကွက်စာရင်းဇယားများအရ နှစ် အလိုက်တည်ဆောက်ပြီးစီးနိုင် မည့် ကွန်ဒိုစီမံကိန်းများမှာ ယခု နှစ်တွင် ၁၃ ခု၊ ၂၀၁၆ တွင် ခုနစ်ခု၊ ၂၀၁၇၊ ၂၀၁၈ တွင် ၁၁ ခုတို့အပါ အဝင် အခြားစီမံကိန်းများဖြစ် ကြောင်း ခန့်မှန်းထားသည်။
အခန်း အရေအတွက်မှာ ၂၀၁၅ တွင် ၂,၇၂၆ ခန်း၊ ၂၀၁၆ တွင် ၃,၃၄၅ ခန်း၊ ၂၀၁၇ တွင် ၃,၁၇၂ ခန်းအထိ နှစ်စဉ် တိုးတက်နိုင်ကြောင်း ခန့်မှန်းထားသည်။
‘‘ဒီစာရင်း ဇယားတွေက ဆောက်လုပ်ရေး လုပ်ငန်းကြီး တွေရဲ့ လက်ရှိဆောက်လုပ်လက် စ ပရောဂျက်တွေအပေါ်မှာ မူ တည်ပြီး ကောက်ထားတာဖြစ်ပါ တယ်။ ဒီနှစ်ပိုင်းမှာ ကွန်ဒိုဈေး ကွက်က အရောင်းအဝယ်အေးနေ တော့ ဆောက်လက်စတွေ ဆက် ဆောက်ဖို့ အခက်အခဲဖြစ်နေတာ တွေလည်း ရှိနိုင်တယ်။ နောက်ပြီး ဒီရွေးကောက်ပွဲပြီးလို့ နိုင်ငံရေးအ ခြေအနေပြောင်းလဲမှုတွေလည်း ရှိလာနိုင်ပါသေးတယ်’’ဟု ဦးမျိုး မော်ဦးက ပြောသည်။
ကွန်ဒိုတိုက်ခန်းဈေးကွက် သည် ၂၀၁၂ တွင် စတင်ပွင့်လင်း လာပြီး ၂၀၁၄ ၌ ရန်ကုန်မြို့တွင် ကွန်ဒို တိုက်ခန်းများ ဆောက် လုပ်မှုစံချိန်တင်ခဲ့ကြောင်း၊ ၂၀၁၄ အတွင်း အရောင်း စတင်သော ကွန်ဒိုတိုက်ခန်း ၅,၁၀၂ ခန်းရှိပြီး ၂၀၁၃ က ရောင်းချရသော အခန်းရေ ၃,၃၂၈ ခန်းနှင့်နှိုင်းယှဉ်လျှင် ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာ ကြောင်း အဆိုပါ စစ်တမ်းတွင် ဖော်ပြထားသည်။
‘‘ရွေးကောက်ပွဲနီးလာလို့ ကွန်ဒိုတိုက်ခန်းတွေမှာ ရင်းနှီးမြှုပ် နှံမှု စိတ်ဝင်စားတာနည်းလာတာ တွေ့ရတယ်။ အခုတော့ ဈေးကွက်ကလည်း ခပ်သေးသေးဖြစ်သွား တာပေါ့။ ရွေးကောက်ပွဲပြီးသွား ရင်တော့ အိမ်ခြံမြေဈေးက ပြန် ကောင်းလာနိုင်တယ်။ ဒါကလည်း ရွေးကောက်ပွဲကျင်းပတဲ့ နိုင်ငံ တိုင်း ကြုံတွေ့ရတဲ့ကိစ္စပါ’’ဟု 68 Residence တည်ဆောက်သည့် United GP Development တည်ထောင်သူ ဒေါက်တာအောင်ကျော်ဝင်းက ပြောသည်။
ကွန်ဒိုတိုက်ခန်းများ များပြားလာနိုင်သော်လည်း အရည်အ သွေးမီသည့် ကွန်ဒိုတိုက်ခန်းများ မှာ အနည်းစုဖြစ်ကြောင်း၊ မြို့စွန် ရပ်ကွက်များတွင်ရှိသည့် ကွန်ဒို များမှာ ဈေးကျလာနိုင်သော် လည်း စည်ကားသည့်နေရာရှိ အ ဆင့်မြင့်ကွန်ဒိုများမှာ ဈေးနှုန်းကျ ဆင်းနိုင်ခြေမရှိကြောင်း ၎င်းက သုံးသပ်သည်။
ကွန်ဒိုမီနီယံ နည်းဥပဒေ ထွက်ရှိလာပါက ကွန်ဒိုမီနီယံအ ဖြစ် မှတ်ပုံတင်နိုင်သည့် အဆင့် မြင့်ကွန်ဒိုခန်းများ၏ ဈေးနှုန်းမြင့် တက်လာဖွယ်ရှိကြောင်း၊ သို့သော် မှတ်ပုံတင်ရန် ဆောင်ရမည့် အခွန်နှုန်းထား အနည်း၊ အများပေါ် မူ တည်ပြီးမှသာ ဝယ်လိုအားလိုက် နိုင်ကြောင်း အထက်ပါ သုံးသပ် ချက်အစီရင်ခံစာတွင် ဖော်ပြထား သည်။
Credit: 7daydaily