ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်ရှိ သုနန္ဒာ လမ်းမပေါ်နှင့် မြောက်ဒဂုံမြို့နယ် ရာဇသင်္ကြန်လမ်းအား ဆက်သွယ်ပေးထားသော ငမိုးရိပ်ချောင်းအားဖြတ်သန်း တည်ဆောက်နေသည့် ငွေကျပ် ခြောက်ဘီလီယံကုန်ကျခံ တည်ဆောက်နေသော ငမိုးရိပ်(သုနန္ဒာ) တံတားသစ် တည်ဆောက်ရေးစီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ခွင့်ပြုချက်ဖြင့် Myanmar V-Pile ကုမ္ပဏီလီမိတက်မှ စတင်ဆောင်ရွက်နေပြီဖြစ်သည်။
ထိုင်းနိုင်ငံမှနည်းပညာဖြစ်သော Prestress Box Cross beam ကိုအသုံးပြုကာ မြန်မာနိုင်ငံတွင် ပထမဆုံးစတင် တည်ဆောက် သွားမည်ဖြစ်သည့် သုနန္ဒာကြိုးတံတားနှင့်ကပ်လျက် တည်ဆောက်နေသော အဆိုပါ တံတားသစ်၏ အမျိုးအစားမှာ ကွန်ကရစ် Structure အမျိုးအစားဖြစ်သည်။ တံတားအကျယ်မှာ ယာဉ်သွားလမ်းအကျယ် ဖွဲ့စည်းထားပုံအရ နှစ်လမ်းသွား (အသွား အပြန်) မောင်းနှင်နိုင်မည်ဖြစ်ပြီး ၁၁ ဒသမ ၅ မီတာရှိမည်ဖြစ်ကာ တံတား၏ဘေးလက်ရန်း (Barrier) အား ယာဉ်မတော်တဆ မှုများ ဖြစ်ပွားလာပါက လုံခြုံမှုရှိစေရေးအတွက် RC စနစ်ဖြင့် ဆောင်ရွက် ထားသည်။ တံတားသစ်စီမံကိန်း၏ ပင်မတံတား အရှည်မှာမီတာ ၁၅၆ မီတာရှိမည်ဖြစ်ပြီး ချဉ်းကပ်တံတား တစ်ဖက်တစ်ချက်စီ၌ အရှည်မီတာ ၆ဝ စီရှိမည်ဖြစ်သည်။
မော်တော်ယာဉ်တစ်စီးချင်း တံတားခံနိုင်ဝန် အလေးချိန်မှာ ၇၅ တန်ခံနိုင်ရည်ရှိမည်ဖြစ်ပြီးတံတား၏ တစ်ဖက်တစ်ချက်စီ၌ လူသွားလမ်းပလက်ဖောင်းများ ၁ မီတာစီပါဝင်မည်ဖြစ်သည်။
ငမိုးရိပ်(သုနန္ဒာ)တံတားသစ်တည်ဆောက်ရေးစီမံကိန်း ဒါရိုက်တာ ဒေါ်စိုးစိုးတင်က ''ရေလယ်တိုင်တွေ ဆောင်ရွက်ရင်တော့ အခက်အခဲရှိမယ် မရှိဘူးမသိရသေးပါဘူး။ အဓိကတော့ ဒီတံတားမှာသင်္ဘောတွေပါ သွားလာရလွယ်ကူအောင် ရေလယ်ခန်း ဖွင့်အကျယ်ကို မီတာ ၂ဝ ဆောင်ရွက်လို့ရပေမယ့် မီတာ ၆ဝ ပုံစံ ဒီဇိုင်းဆွဲပြီး တည်ဆောက်ဆောင်ရွက်သွားမှာပါ။ ဒါကြောင့် Cross beam ကိုလည်း အကြီးကြီးလုပ်ရတယ်ဆိုတာကလည်း ပုံမှန်နည်းပညာမဟုတ်ပါဘူး။ နည်းပညာအသစ်သုံးရတယ်ဆိုတာကလည်း ဒီခန်းဖွင့်ကကျယ်နေလို့ပါ။
ပြီးတော့ဒီလိုနည်းပညာမျိုးကိုလည်းမြန်မာနိုင်ငံမှာ ပြန့်ပွားစေချင်ပါတယ်။ ပြီးတော့ မြောက်ဒဂုံမြို့နယ်ကပြည်သူတွေက မြောက်ဥက္ကလာပစက်မှုဇုန်ဘက် အလုပ်သွားလုပ်ကြတာကို နေ့စဉ်နှင့်အမျှ ထောင်ချီမြင်တွေ့နေရပါတယ်။ ကြိုးတံတားလေးကိုပဲ အသုံးပြုပြီး စက်ဘီး၊ ဆိုက်ကားများနဲ့ ခက်ခဲသွားလာနေကြရတာပါ။ ဒီတံတားသစ်ပြီးစီးသွားရင် တော့ ကား၊ ဆိုင်ကယ်၊ ဆိုက်ကားတွေ မောင်းနှင်နိုင်ကြပြီဆိုတော့ သူတို့အတွက် အများကြီးအကျိုးရှိလာတော့မှာပါ''ဟု ရှင်းပြသည်။
လက်ရှိအနေအထားအရ မြောက်ဥက္ကလာပဘက်ခြမ်းနှင့် မြောက်ဒဂုံ ဘက်ခြမ်းတို့ရှိ ကုန်းပေါ်၌ဆောင်ရွက်နေသော ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်း များဆောင်ရွက်ပြီးစီးသွားပြီဖြစ်ပြီး လုပ်ငန်းပြီးစီးမှု ၃ဝ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးသွားပြီဖြစ်သည်။ ရေလယ်တိုင်နှစ်တိုင်ဆောင်ရွက်ရန်အတွက် တစ်ဖက် တစ်ချက်စီ၌ ယာယီ Jetty ထိုးနေပြီးဘိုးပိုင်လုပ်ငန်းများဆောင်ရွက် သွားမည် ဖြစ်သည်။ ရေလမ်းကင်းလွတ်အမြင့် ငါးမီတာ ဆောင်ရွက် မည်ဖြစ်ပြီး ရေလယ်တိုင် လေးတိုင်အတွက် ကြိုတင်အားဖြည့် ကွန်ကရစ်ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။ ကမ်းကပ်ခန်းဖွင့်အကျယ်အတွက် တစ်ဖက်တစ်ချက်စီ၌ ၁ဝ မီတာစီဆောင်ရွက် ထားပြီး ရေလယ်တိုင် တစ်ဖက်တစ်ချက်စီအတွက် ၄၈ မီတာစီနှင့် အလယ် ရေလယ် တိုင်နှစ်တိုင်ကြားအတွက် ခန်းဖွင့်အကျယ် မီတာ ၆ဝ ဆောင်ရွက် ထားရှိသည်။ လောလောဆယ် တံတားသစ်စီမံကိန်းအတွက် နေ့၊ ည လုပ်ငန်း ဝင်နေကြသော ထိုင်းနိုင်ငံသားအင်ဂျင်နီယာ ၁ဝ ဦး၊ မြန်မာအင်ဂျင်နီယာ ၁ဝ ဦးရှိပြီး နေ့၊ ည အလုပ်လုပ်ကိုင်နေကြသော လုပ်သား ၁၅ဝရှိသည်။
မြောက်ဒဂုံမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဇော်ကလည်း ''မြောက်ဒဂုံဘက်ခြမ်းက ရပ်ကွက်တော်တော်များများက ကြိုးတံတား ကနေ ဖြတ်သန်းသွားလာနေကြရတာဆိုတော့ ညနေပိုင်းဆို ကျပ်နေပါတယ်။မြောက်ဒဂုံမြို့သစ်စတည်ကတည်းက ကြိုးတံတား ကလည်းရှိခဲ့တာဆိုတော့ ကြိုးတံတားသက်တမ်းက ကြာလာပြီလေ။ အဲဒီတော့ ပြည်သူတွေဖြတ်သန်းသွား လာနေရတဲ့အတွက် လွန်စွာအန္တရာယ်လည်းရှိပါတယ်၊၊ ဒီနှစ်လမ်းသွားတံတား သစ်ကြီးတည်ဆောက်ပြီးစီးသွားပြီဆိုရင်တော့ ပြည်သူတွေအတွက် အကျိုးကျေးဇူးကောင်းကောင်းရမှာပါ။ အိမ်ခြံမြေဈေးနှုန်းကောင်းလာနိုင်ပြီး ဆန်ဈေးနှုန်းလည်း ကောင်းလာနိုင်တော့ ဒီဘက်ကပြည်သူတွေ ဘဝဖွံ့ဖြိုးတိုးတက် လာတော့မှာပါ။
ယာဉ်မောင်းတွေကလည်း ဗထူးတံတားမှာလာမပြုံတော့ဘဲ မြောက်ဥက္ကလာဘက်ကနေ မြို့ထဲကိုတိုက်ရိုက်ဖြတ်သန်းသွားလာရတာ လွယ်ကူ သွားပါလိမ့်မယ်''ဟု ပြောကြားသည်။
ငမိုးရိပ်(သုနန္ဒာ)တံတားသစ် တည်ဆောက်ရေးစီမံကိန်းအား သြဂုတ်လ လယ်ကစတင်ခဲ့ခြင်းဖြစ်ပြီး တံတားအကြိုအင်ဂျင်နီယာလုပ်ငန်းများ စတင်ခဲ့ကာ ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများကို စက်တင်ဘာ ၉ ရက်က စတင်ခဲ့ကြောင်း နှင့် ၂ဝ၁၆ ခုနှစ်မတ်လမတိုင်မီအပြီးသတ်နိုင် မည်ဖြစ်ကြောင်း ငမိုးရိပ် (သုနန္ဒာ) တံတားသစ်တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်မှ စုံစမ်းသိရသည်။
Credit: MOI Webportal Myanmar