မန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် အတွင်း ရှိ ကျေးလက်နေ ပြည်သူ များ ပိုင်ဆိုင် နေထိုင်သည့် အိမ်ဝိုင်းမြေကွက် များ အား ပိုင်ဆိုင်မှု အထောက်အထား ကင်းမဲ့စွာ နေထိုင်ရခြင်းအစား ခိုင်မာသည့် တရားဝင် အထောက်အထား ( Legal document ) မြေငှားဂရန် ( Lease ) ရရှိခြင်း အားဖြင့် ကျေးရွာနေပြည်သူလူထုများ၏ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု၊ ရုပ်ပိုင်း ဆိုင်ရာ လုံခြုံမှုများ ပိုမို ရရှိကာ နိုင်ငံတော် အနေဖြင့်လည်း ရသင့် ရထိုက်သော အခွန်ငွေများ ရရှိလာစေ ရန် ကျေးလက်နေ ပြည်သူ များ နေထိုင်ပိုင်ဆိုင်သည့် အိမ်ခြံမြေကွက် များကို မြေငှားဂရန်(မြေငှားစာချုပ်) ထုတ်ပေးနိုင်ရေး အတွက် လုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် ခရိုင်အတွင်းရှိ မြို့နယ် များဖြစ်သော ကျောက်ဆည်မြို့နယ်၊ မြစ်သားမြို့နယ်၊ စဥ့်ကိုင်မြို့နယ်နှင့် တံတားဦးမြို့နယ်များမှ စံပြ အဖြစ် ကျေးရွာ တစ်ရွာစီကို ရွေးချယ်ခဲ့ရာ ကျောက်ဆည်မြို့နယ်တွင် သံရွာကျေးရွာ အုပ်စုမှ ဈေးကုန်း ကျေးရွာကိုလည်းကောင်း၊ မြစ်သားမြို့နယ်တွင် မြစ်ဆုံကြီးကျေးရွာအုပ်စုမှ ကြို့ပင်ခြံ ကျေးရွာ ကိုလည်းကောင်း၊ စဥ့်ကိုင်မြို့နယ်တွင် မုန့်ပေါင်းကျေးရွာ
အုပ်စုမှ မုန့်ပေါင်းကျေးရွာ ကိုလည်းကောင်း၊ တံတားဦးမြို့နယ်တွင် ကန်ချော ကျေးရွာအုပ်စုမှ အေးကြည်ကုန်းကျေးရွာကိုလည်းကောင်း မြေငှားဂရန်ထုတ်ပေးရန် ခရိုင်မြေငှားဂရန်ချထားရေး လုပ်ငန်း အဖွဲ့မှ စိစစ်သတ်မှတ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးမြေငှားဂရန် ချထားရေး လုပ်ငန်းအဖွဲ့ သို့ တင်ပြကာ အဆိုပါကျေးရွာများအား ကွင်းဆင်းစစ်ဆေး တိုင်းတာ၍ အောက်တိုဘာ ၆ ရက်မှစတင်၍ မြေငှားဂရန်များထုတ်ပေးခဲ့သည်။
မြေငှားဂရန်ထုတ်ပေးမှုနှင့်ပတ်သက်၍ ကျောက်ဆည်ခရိုင် မြေငှား ဂရန်ချထားပေးရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က “ကျွန်တော်တို့ စီမံချက်အရ ကျေးရွာတစ်ရွာမှာ အနည်းဆုံး အိမ်ခြေ ၁၀၀ ရှိရပါ့မယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းပြီး မြေပိုင်ဆိုင်မှုအရှုပ်အရှင်း ကင်းတဲ့ ရွာတွေကို ရွေးထုတ်ပြီး ဆောင်ရွက်ပေးခဲ့တာပါ။ နိုင်ငံတော်အစိုးရ အနေနဲ့ နိုင်ငံသားတစ်ယောက်မှာ ပိုင်ဆိုင်မှု အထောက်အထားအနေနဲ့ လူတစ်ဦးချင်းစီမှာဆိုရင် နိုင်ငံသားဖြစ်ကြောင်း အထောက်အထား တစ်ခု အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ ထုတ်ပေးပြီးဖြစ်ပါတယ်။ ဒါ့အပြင် စိုက်ပျိုးလုပ်ကိုင်နေတဲ့ မြေတွေကိုလည်း နှစ်ရှည်ပိုင်ဆိုင်နိုင်ပြီး စိတ်အေးချမ်း သာစွာ ပိုင်ဆိုင်နိုင်စေဖို့ ပုံစံ(၇)နဲ့ လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ်တွေ ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ယခုတစ်ခါ ပြည်သူတွေ အစဉ်အဆက်နေထိုင် လာတဲ့ အိုးအိမ်မြေနေရာတွေကို ပိုင်ဆိုင်မှုအထောက်အထားအဖြစ် ခိုင်ခိုင် မာမာရရှိပြီး လုံခြုံစိတ်ချစွာ နေထိုင်နိုင်စေ ဖို့ ကျေးရွာတွေ မှာ မြေငှားဂရန် တွေ ဆောင်ရွက် ပေးတာဖြစ်ပါတယ်။
အခုမြေငှားဂရန်တွေကို မြေပေါ်မှာ ဆောက်လုပ်ထားတဲ့ အဆောက် အအုံ ပေါ်မူတည်ပြီး ဓနိ၊ ဝါးနဲ့ ဆောက်ထား တဲ့ ခိုင်မာမှုမရှိတဲ့ အဆောက် အအုံဆိုရင် (၁၀)နှစ် မြေငှားဂရန်ချထားပေး ပြီး ခိုင်မာတဲ့ အဆောက်အအုံတွေ ဆိုရင်တော့ နှစ်(၃၀) ဂရန်ချထားပေးပါ တယ်။
ကျေးလက်နေပြည်သူတွေဆိုတာ ဝင်ငွေနည်းပါးလှပါတယ်။ ဒါကြောင့် မြေငှား ဂရန်ပေါ်မှာ ပေးဆောင် ရမယ့်အခွန်ငွေကိုလည်း သူတို့တွေပေးဆောင်နိုင် မယ့်အနေအထားကိုပဲ သတ်မှတ်ပေး ထားပါတယ်။ မြေတန်ဖိုးအနေနဲ့ မြေ တစ်ဧကကို တစ်သိန်းသတ်မှတ်ပြီး အခွန်ငွေကိုတော့ တစ်နှစ်ကို ၆ ရာခိုင်နှုန်းပဲပေးဆောင်ဖို့ သတ်မှတ်ထားပါတယ်။ မြေတစ်ဧကပိုင်ဆိုင်ရင် တစ်နှစ်ကို ငွေကျပ် ၆၀၀၀ နဲ့ တစ်လကို ငွေကျပ် ၅၀၀ ပဲ ပေးဆောင်ရမှာဖြစ်ပါ တယ်။ တစ်ဧကမပြည့်တဲ့သူတွေ ပေးဆောင်ရမှုက အလွန်နည်းပါးတဲ့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ပါဘူး။ ကျေးလက်ပြည်သူတွေ တစ်ဦး မကျန် စီမံချက်နဲ့ မြေငှား ဂရန်တွေချထားပေးတာက ကျွန်တော်တို့နိုင်ငံမှာ ပထမဆုံးဖြစ်ပါတယ်။
ကုန်ကျစရိတ်မရှိဘဲ ကိုယ်တိုင် သွားရောက်ဆောင်ရွက်ပေးပြီး ကျေးရွာအရောက် မြေငှားဂရန်တွေ ပေးအပ်တာဖြစ်တဲ့ အတွက် တကယ့်အခွင့်အရေးတစ်ခုကို ရရှိပိုင်ဆိုင်ခြင်းဖြစ်ပါတယ်။
ကျေးလက်နေပြည်သူ တွေကလည်း အလွန် အကျိုးရှိတဲ့ အခွင့်အရေးကိုရရှိသွားလို့ ဝမ်းသာအားရ သဘောကျနေကြတဲ့ အတွက် လုပ်ဆောင်ပေးရကျိုးနပ်ပါတယ်” ဟု ပြောသည်။
“အရင်ကတော့ ဒါကိုယ့်အိမ်ကိုယ့်နေရာဆိုတာ ပါးစပ်နဲ့ ပဲပြောပြီး နေလာခဲ့တာပဲ။ အခုလိုစာရွက် စာတမ်းနဲ့ ဂရန်ရှိမှဖြစ်မယ်ဆိုတာ မသိခဲ့ဘူး။
အခုတော့ ဒီစာရွက်ထဲမှာ ကိုယ့်အမည်နဲ့ တကယ်ပိုင်သွားပြီဆိုတာ သိရတော့ ဝမ်းသာပါတယ်။ မရှိလို့ရောင်းတာပေါင်တာ စသဖြင့်ပေါ့ အရေးကိစ္စတစ်ခုခု မှာ ဒီစာရွက်နဲ့ လုပ်လို့ရပြီဆိုတော့ အားရှိသွားတာပေါ့” ဟု ကျောက်ဆည် မြို့နယ် သံရွာကျေးရွာအုပ်စု ဈေးကုန်းကျေးရွာ မှ ဒေသခံ ဒေါ်ခင်မြင့်ရီ က ပြောသည်။
“ဝမ်းသာပါတယ်ဗျာ။ ကျေးဇူးလည်းအလွန်တင်ပါတယ်။ ကျွန်တော်က သုည ဒသမ ၆၅ ဧကရှိတဲ့ အတွက် တစ်လကို ငွေကျပ် ၃၀၀ လောက်ပဲ အခွန် ဆောင်ရ မှာပါ။ အရင်ကတည်းက မြေဂရန်လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် သွားရေး၊ လာရေး၊ မလုပ်တတ်မကိုင်တတ်နဲ့ ကုန်ကျစရိတ်တွေ တွက်ပြီး မလုပ်ဖြစ်ခဲ့ပါဘူး။ အခုလို ရွာအရောက်လာလုပ်ပေးတဲ့အတွက် အဆင်ပြေ
သွားပါတယ်။ နောင်ရေးအတွက် စိတ်အေးရတာပေါ့ဗျာ” ဟု မြစ်သားမြို့နယ် မြစ်ဆုံကြီး ကျေးရွာ အုပ်စု ကြို့ပင်ခြံကျေးရွာမှ ဒေသခံ ဦးကျော်သိန်းက ပြောသည်။
“မိသားစုအတွင်း အိမ်ပိုင်ဆိုင်မှုတွေမှာ ခိုင်ခိုင်မာမာရရှိတဲ့အတွက် စိတ်အေး သွားရတာပေါ့။ မနက် ကတည်းက ဒီနေ့ဂရန်တွေ လာပေးမယ်ဆိုတာ သိရလို့ တစ်ရွာလုံးစိတ်လှုပ်ရှားပြီး လာစောင့် နေကြတာပါ။ အခုလိုဂရန် ရရှိအောင် လိုအပ်တာတွေကို ရွာအရောက် လာရောက် လုပ်ကိုင် ပေးကြ တဲ့ တာဝန်ရှိသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု တံတားဦးမြို့နယ် ကန်ချောကျေးရွာ အုပ်စု အေးကြည်ကုန်းကျေးရွာမှ ဒေသခံ ဒေါ်မြသိန်းထွေး က ပြောသည်။
ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ် လေးခု၊ ကျေးရွာ လေးရွာမှ သတ်မှတ် စည်းကမ်းများ နှင့်ကိုက်ညီသော ကျေးလက်နေပြည်သူများအား မြေငှားဂရန်များကို ထုတ်ပေးခဲ့ရာ ကျောက်ဆည်မြို့ နယ် ဈေးကုန်းကျေးရွာ တွင် အိမ်ထောင်စု ၁၂၃ စုအနက် အိမ်ထောင်စု ၁၁၂ စုအတွက် ၁၀ နှစ် မြေငှား ဂရန် ၅၇ ဦးနှင့် နှစ် ၃၀ မြေငှားဂရန် ၅၅ ဦးကိုလည်းကောင်း၊ မြစ်သားမြို့နယ် ကြို့ပင်ခြံ ကျေးရွာတွင် အိမ်ထောင်စု ၁၁၀ အနက် အိမ်ထောင်စု ၆၄ စု အတွက် ၁၀ နှစ်မြေငှားဂရန် ၄၃ ဦးနှင့် နှစ် ၃၀ မြေငှား ဂရန် ၂၁ ဦးကို လည်းကောင်း၊ စဥ့်ကိုင်မြို့နယ် မုန့်ပေါင်းကျေးရွာတွင် အိမ်ထောင်စု ၁၀၁ စုအနက် အိမ်ထောင်စု ၄၅ စုအတွက် ၁၀ နှစ် မြေငှား ဂရန် ၃၆ ဦးနှင့် နှစ် ၃၀ မြေငှားဂရန် ကိုးဦးကိုလည်းကောင်း၊ တံတားဦး မြို့နယ် အေးကြည် ကုန်းကျေးရွာတွင် အိမ်ထောင်စု ၂၀၈ စုအနက် အိမ်ထောင်စု ၁၇၁ စုအတွက် ၁၀ နှစ်မြေငှားဂရန် ၁၀၆ ဦးနှင့် နှစ် ၃၀ မြေငှားဂရန် ၆၅ ဦးကို လည်းကောင်း အသီးသီးထုတ်ပေးခဲ့ကြောင်း သိရ သည်။
Credit: MOI Webportal Myanmar