ကျွန်တော် ဆယ်တန်းစာမေးပွဲဖြေပြီးလို့ သုံးရက်မြောက်နေ့မှာပဲ လမ်းထဲက အစ်ကိုကြီးတစ်ယောက်ရဲ့တိုက် တွန်းမှုကြောင့် သိုင်းသင်တန်းသွားတက်ဖြစ်တယ်။ သင်တဲ့သိုင်းအမျိုးအစားက သိုင်းပြောင်းပြန်။ ကျွန်တော် အထက်တန်းကျောင်းသားအရွယ် 1978-79 ကာလတစ်ဝိုက်လောက်က နိုင်ငံခြားကွန်ဖူးကားတွေ၊ ကရာတေး ကားတွေ ခေတ်စားသလို မြန်မာ့ရိုးရာသိုင်းပညာကိုဖော်ထုတ်တဲ့ ရုပ်ရှင်ဇာတ်ကားတွေ၊ ၀တ္ထုတွေကလည်း တော်တော်များများပေါ်ထွက်လာတယ်။
အဲဒီအထဲမှာ ပွင့်လန်း(သတ္တုတွင်း) ရေးတဲ့ သိုင်းပြောင်းပြန် ပြောင်းပြန် မောင်လေး ဆိုတဲ့ သိုင်းပြောင်းပြန်ဆရာကြီးဦးမောင်လေးရဲ့အတ္ထုပ္ပတ္တိဝတ္ထုက တော်တော်လေးနာမည်ကြီး တယ်။ ဗန်တိုဗန်ရှည် သိုင်းပညာတို့၊ ရှမ်းကြီးသိုင်းပညာတို့နဲ့မတူဘဲ အကွက်စေ့တဲ့သိုင်းဖြစ်တယ်ဆိုတာ ကြောင့်လည်း ပိုပြီးတော့ ရေပန်းစားတယ်။ အဲဒီမှာ ကျွန်တော်က စာရူးပေရူးပီပီ အဲဒီစာအုပ်တွေဖတ်ပြီး ကိုယ်လုံပညာတစ်ခုခုသင်ရင်တော့ သိုင်းပြောင်းပြန်ပဲသင်ချင်တယ်လို့ပြောတာကို အဲဒီအစ်ကိုကြီးက ကြားထား လို့ ဆယ်တန်းဖြေပြီးတာနဲ့ ကျွန်တော့်ကို သူ့ညီနဲ့အတူတူ သိုင်းသင်တန်းလွှတ်တာ။
သင်တန်းက ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ်ထဲက သုံးဆယ့်ငါးလမ်းအထက်လမ်းမှာ။ သင်တန်းခန်း က မြေညီထပ်၊ ပေနှစ်ဆယ်၊ ပေလေးဆယ်လောက် ကျယ်တဲ့သဘောရှိတယ်။ ဘာလို့လဲဆိုတော့ မဟာဗန္ဓုလ ပန်းခြံလမ်း လမ်းကျယ်ကြီးကို ကျောကပ်ဆောက်ထားတာဆိုတော့ အရှည်က ပေလေးဆယ်ဆိုတာ သေချာ တယ်။ အကျယ်ကတော့ ကျွန်တော်တို့အိမ် ဆယ့်ငါးပေခန်းထက် ကျယ်သယောင်ယောင်ရှိတာမို့ ပေနှစ်ဆယ် လို့ ခန့်မှန်းကြည့်လိုက်တာ။
သင်တန်းတက်ရတာတွေ၊ အကွက်နင်းရတာတွေ၊ ထိုးရကြိတ်ရတာတွေ ထားပါ တော့ …
ကျွန်တော်ပြောချင်တာက အဲဒီတုန်းက ရန်ကုန်မြို့ရဲ့ နေရာတော်တော်များများမှာ အဲဒီလို ကိုယ်လုံ ပညာ သင်တန်းကျောင်းလေးတွေ တော်တော်စိပ်စိပ်တွေ့ရတယ်။ သင်တန်းကြေးကလည်း အဲဒီခေတ်က ငွေ တစ်ဆယ်ကျပ်ပဲ။ အခန်းငှားခက ရာဂဏန်းလောက်ပဲရှိမယ်။ ကျွန်တော့်ဆရာက ဒီအခန်းကို သူတစ်ယောက် တည်း ငှားတာမဟုတ်ဘူး။ သူငယ်ချင်း သိုင်းဆရာတစ်ယောက်နဲ့စပ်ပြီး နှစ်ယောက်ပေါင်းငှားတာ။ တစ်နှစ် လောက် ကျွန်တော် သင်ဖြစ်လိုက်တယ်။ ပထမငါးလလောက်က တစ်ရက်မပြတ် သင်တယ်။ နောက် ဆယ်တန်းအောင်စာရင်းထွက်ပြီး ကျွန်တော်အောင်လို့ ဒေသကောလိပ်သွားလျှောက်တာတွေဘာတွေနဲ့ သိုင်း သင်တန်း အရောက်ကျဲသွားတယ်။ နောက်တော့ လုံးလုံးကြီး ပြတ်သွားတယ်။
ဒေသကောလိပ်ပထမနှစ်မှာ အထိုင်ကျသွားတဲ့အခါ ကျွန်တော် အဲဒီအခန်းကိုသွားကြည့်တော့ ကျွန်တော့်ဆရာ တွေရဲ့သိုင်းသင်တန်း မရှိတော့ဘူး။ အခန်းက အရောင်းဆိုင်အသစ်တစ်ခုအဖြစ် အသွင်ပြောင်းနေပြီ။ အဲဒီနေရာမှာ တခြားသိုင်းသင်တန်းတစ်ခုခု လာဖွင့်တာမျိုးလည်း မရှိဘူး။ ကျွန်တော်လည်း ကိုယ့်ဘာသာကိုယ် လေ့ကျင့်၊ ကိုယ့်ဘာသာကိုယ်ပဲ သင်ခန်းစာတွေပြန်နွှေးနဲ့ နောက်ပိုင်းတော့ သိုင်းကွက်တွေကိုတောင် မေ့သွား တယ်။ အဲဒီအချိန်ကတော့ ကိုယ့်ဘာသာကိုယ်ပဲ စိတ်က ဖြေတွေးတွေးလိုက်တယ်လေ။ ငါက ဒီပညာနဲ့ ဆက်ပြီး ရပ်တည်သွားမှာမှမဟုတ်တာ။ ကျန်းမာရေးနဲ့ ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်ဖို့ ဒီလောက်တတ်ထား တော်ရောပေါ့ဆိုပြီးတော့။
အဲဒီကနေ မေ့မေ့ပျောက်ပျောက်နေလာလိုက်တာ ကျွန်တော့်ညီတွေခေတ်၊ ကျွန်တော့်တူတွေခေတ်၊ ဟော … အခု ကျွန်တော့်သားတွေခေတ်ရောက်လို့ သူတို့ကို ကိုယ်လုံပညာသင်ပေး ချင်တာတောင် သင်တန်းခန်းမ တော်တော်ရှာရခက်တာ အလန့်တကြားသွားတွေ့လိုက်သဗျ။ ကျွန်တော်တို့ ခေတ်က ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော် ဘယ်နေရာမှာပဲဖြစ်ဖြစ် မြို့နယ်တိုင်းလိုလိုမှာ ကိုယ်လုံပညာသင်တန်းကျောင်းလေးတွေရှိကြတယ်။ သိုင်း၊ ကွန်ဖူး၊ ဗန်တို၊ ကရာတေး၊ ပြောင်းပြန်၊ ရှမ်းကြီး စုံစုံလင်လင်ရှိတယ်။ နာမည်ကြီးထဲကဆို ဦးချစ်သန်းက ဆူးလေဘုရားလမ်းမှာ၊ စိုင်းခွန်သောင်းနိုင်က လမ်းမတော်မှာ၊ ဒိုင်းနမစ်ကရာတေးကလပ်က မောင်ခိုင်လမ်း (အခု ဗိုလ်ရွဲလမ်း)မှာ။ လသာမြို့နယ် တရုတ်တန်းထဲမှာ ရိုးရာကွန်ဖူးသင်ပေးနေတဲ့ ဘုံကျောင်းအငယ်စားလေးတွေ အများကြီးရှိတယ်။ အနော်ရထာ လမ်းမကြီးပေါ်နဲ့ လမ်းကျယ်တွေထဲမှာ မွနေတာပဲ။ ခုတော့ အဲဒါတွေကလည်း ကုန်ပစ္စည်းအရောင်းဆိုင်တွေ အဖြစ် အသွင်တစ်မျိုးပြောင်းလဲလာခဲ့။
ဒီနေ့ခေတ်လူငယ်တွေဟာ ခန္ဓာကိုယ်သန်စွမ်းကြံ့ခိုင်မှုပိုင်းမှာ အားနည်းကြတယ်လို့ပြောရင် စိတ်မဆိုးကြပါနဲ့။ လုပ်ကိုင်ထိတွေ့နေရတဲ့ အလုပ်သဘာဝကိုက မျက်စိနဲ့ ဦးနှောက်ကို အထူးပြုအားစိုက်ရတဲ့ ခေတ်သဘာဝ ရောက်နေပါပြီ။ ဒီတော့ သူတို့မှာ ကိုယ်ကာယကြံ့ခိုင်ရေးအတွက် အလေ့အကျင့်ကောင်းတွေ ဆုံးရှုံးနေကြရပြီ။ ကိုယ်ကာယလေ့ကျင့်ရေးခန်းမတွေ ရှိသားပဲလို့ မပြောပါနဲ့ခင်ဗျား။ အဲဒီနေရာတွေက တော်တော်ပိုက်ဆံကုန်တဲ့ နေရာပါ။ ထောင်ဂဏန်းလောက်နဲ့ သွားပြီး လေ့ကျင့်လို့မရပါဘူး။ ကျွန်တော်တို့ခေတ်က ငွေတစ်ဆယ်ပဲကုန်တဲ့ ကိုယ်လုံပညာသင်တန်းမှာ ရှမ်းဘောင်းဘီတစ်ထည် အရင်းအနှီးပြုလိုက်ရင် တူသားပေသားကျအောင် ကျန်းမာ ကျစ်လျစ်တဲ့ လေ့ကျင့်ခန်းတွေ လေ့ကျင့်လို့ရပါတယ်။ ခုခေတ်မှာ သောင်းဂဏန်းလောက် သင်တန်း ကြေး အကုန်ခံနိုင်တာတောင် အ၀တ်အစားဖိုးက မပါသေး။
ကိုယ်လုံပညာတစ်ခုခုကိုတတ်မြောက်ထားတဲ့ ဆရာတွေအနေနဲ့လည်း သူတို့ပညာကိုဖြန့်ဝေပေးနိုင်ဖို့ နေရာက အရှားသား။ များသောအားဖြင့် သူတို့ကိုယ်တိုင်တောင် အိမ်ငှားနေကြရ။ ပျားအုံလို တိုက်ခန်းကျဉ်းလေးမှာ နေကြရ။ ဒီတော့ တိုက်ခန်းကျယ်ကျယ်။ ခြံဝင်းကျယ်ကျယ်မှာ ကိုယ်တတ်တဲ့ပညာကို အားရပါးရမျှဝေပေးနိုင်ဖို့ အခြေအနေက မပေး။ အိမ်ခြံမြေဈေးတွေက ခေါင်ခိုက်နေသကိုး။
အိမ်ခြံမြေဈေးတွေမြင့်တက်လာခြင်းဟာ ကျွန်တော်တို့ အမျိုးသားကြံ့ခိုင်ကျန်းမာရေးကို ခြိမ်းခြောက်တိုက်စား နေတယ်ဆိုရင် ကျွန်တော့်စွဲချက် ပြင်းထန်သွားမလားမသိဘူး။ ဒါပေမဲ့ တကယ်လည်း အဲဒီအတိုင်းဖြစ်နေတယ် ဆိုတာကို နက်နက်နဲနဲတွေးကြည့်ရင် သိနိုင်မှာပါ။ အမျိုးသားတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အဲဒီ လိုအပ်ချက် ကွက်လပ်ကို ဖြည့်ပေးနိုင်ရင် လူမျိုးနဲ့ချီတဲ့ကောင်းမှုကို ဆောင်ရွက်သယ်ပိုးနိုင်ပြီးသားဖြစ်သွားမှာမို့ စွမ်းဆောင်နိုင်သူတွေပေါ်လာဖို့ ဆုတောင်းနေရုံမှတစ်ပါး ကျွန်တော်ကရော ဘာများတတ်နိုင်ဦးမှာလဲဗျာ။ ခုတော့ ကျွန်တော်တို့ခေတ်က ရပ်ကွက်တိုင်းမှာကြားရတဲ့ သဲအိတ်ကိုလက်သီးနဲ့ထိုးသံတဒိုင်းဒိုင်းဟာလည်း ဆိတ်သုဉ်းခဲ့ပေါ့။ တရိပ်ရိပ်မြင့်တက်လာတဲ့ အိမ်ခြံမြေဈေးနှုန်းကြားမှာ လက်သီးတွေကလည်း ဦးတည်ရာမဲ့နေ လို့ ဘယ်လိုထိုးရမှန်းကို မသိတော့ဘူးလေ။
ကျော်ဇောလေး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com