ချီလီအာဏာရှင်ဟောင်း ပီနိုရှေးလက်ထက်က ရက်စက်
ယုတ်မာသည့် ပြစ်မှုကျူးလွန်ခဲ့သူတို့ကို ထိန်းသိမ်းထားရန် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ က
တည်ဆောက်ခဲ့သော ပွန်တာပြူကို အကျဉ်းထောင်မှာ ယခုအခါ အကျဉ်းသားများပြည့်နေပြီး
ဇိမ်ခံအကျဉ်းထောင် တစ်ခု အဖြစ် ဝေဖန်ပြောဆိုမှုများ တစ်စတစ်စ တိုးပွားလာလျက်ရှိသည်။
တောင်ထွတ်များတွင် နှင်းများဖုံးလွှမ်းနေ သော အင်ဒီးစ်တောင်တန်းများပေါ်၌ တည်ရှိပြီး
ကျေးလက်နောက်ခံရှုခင်းတစ်ခု အပါ အ၀င် မြင်ကွင်းကျယ် ရှုမျှော်ခင်းများ ၀ိုင်းပတ် ခြံရံနေသော
ယင်းအကျဉ်းထောင်၌ လတ်ရှိတွင် အာဏာရှင်ဟောင်း ဩဂတ်စ်တို ပီနိုရှေး ၏ လုံခြုံရေးတပ်ဖွဲ့
အဖွဲ့ဝင်ဟောင်း ၁၀၄ ဦး ကို ထိန်းသိမ်းထားသည်။
အာဏာရှင်အစိုးရ (၁၉၇၃-၁၉၉၀) က လက်ဝဲ၀ါဒီ အတိုက်အခံများကို နှိမ်နင်းခဲ့ရာတွင်
သေဆုံးခဲ့သော၊ သို့မဟုတ် ပျောက်ဆုံး သွားသော လူ ၃,၂၀၀ ထဲမှ လူအများအပြားကို
၎င်းတို့က ပြန်ပေးဆွဲခဲ့ခြင်း၊ နှိပ်စက်ညှဉ်းပန်းခဲ့ခြင်းနှင့် သတ်ခဲ့ခြင်းတို့ကြောင့် အကျဉ်းထောင်၌
ပြစ်ဒဏ်ကျခံနေရခြင်း ဖြစ်သည်။
မကြာသေးမီ လများအတွင်းကပင် ရုံးတင် စစ်ဆေးကာ ပြစ်ဒဏ်ထင်ရှား စီရင်မှုအချို့ ရှိခဲ့ရာ
လက်ရှိ အကျဉ်းသားဦးရေသည် အကျဉ်းထောင်၏ အကျဉ်းသားအများဆုံး ထိန်းသိမ်းထားနိုင်
သည့်ပမာဏဖြစ်သော၁၂၀သို့ပင် ရောက်လုနီးနီး ဖြစ်လာနေသည်။
မကြာသေးမီက ပြစ်ဒဏ်ထင်ရှား စီရင်မှုများထဲတွင် ပီနိုရှေး၏ ဓာတုလက်နက်ကျွမ်းကျင်သူ
ယူဂျီနီယို ဘာရီယော့စ် (Eugenio Berrios) ကို နှုတ်ပိတ်ရန် ၁၉၉၅ ခုနှစ်က ပြန်ပေးဆွဲ
သတ်ဖြတ်ခဲ့ခြင်းကြောင့် စစ်တပ်အရာရှိ ၁၄ ဦးကို ပြီးခဲ့သည့်လက ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းလည်း
ပါဝင်သည်။ အာဏာရှင် ပီနိုရှေးလက်ထက်က အခြားသော အစိုးရ အဖွဲ့ဝင်များစွာတို့၏
အမှုများကိုလည်း တရား ရုံးများ၌ စစ်ဆေးလျက်ရှိသည်မှာ ပြီးစီးတော့ မည့် အနေအထားတွင်
ရှိနေသည်။
"လာမယ့်နှစ်မှာ နောက်ထပ် အကျဉ်းသား ၁၄၀ ကနေ ၁၅၀ လောက်ဒီအကျဉ်းထောင် ကို ရောက်လာနိုင်ပါတယ်။ ဒီလိုဆိုရင် ဒီအကျဉ်းထောင်ကြီး လုံးလုံး
ပြွတ်သိပ်ပြည့်လျှံသွားမှာ ဖြစ်ပါတယ်" ဟု ချီလီ အကျဉ်းထောင် အရာရှိများအဖွဲ့ ဥက္ကဋ္ဌ
အော်စကာ ဘီနာဗိုက်စ်က ပြောကြားခဲ့သည်။
ချီလီနိုင်ငံ မြို့တော် ဆန်တီယာဂို အပြင် ဘက် ကီလိုမီတာ ၅၀ (မိုင် ၃၀) အကွာတွင်
ရှိသော တေးလ် တေးလ် စီရင်စု၌ တည်ရှိသည့် ပွန်တာပြူကို အကျဉ်းထောင်တွင် တိုးချဲ့ဆောင်
အသစ်များ ဆောက်လုပ်ရန်၊ သို့မဟုတ် အကျဉ်းသားအချို့ကို အခြား အကျဉ်းထောင်များရှိ
အထူးအကျဉ်းဆောင်များသို့ လွှဲပြောင်းရန် အာဏာပိုင်များက တောင်းဆိုထားကြသည်။
သို့သော်လည်း သေဆုံးခဲ့ကြရသူတို့၏ မိသားစုဝင်များက ပွန်တာပြူကို အကျဉ်း ထောင်ကို
ပိတ်ကာ ထိုအကျဉ်းထောင်က အကျဉ်းသားများကို အခြားအကျဉ်းသားများ နေထိုင်ရသည့်
အခြေအနေကဲ့သို့ တူညီသည့်အခြေအနေမျိုးဖြင့် ၎င်းတို့ ပြစ်ဒဏ်များကို ဆက်လက်
ကျခံစေလိုကြသည်။
"ပွန်တာပြူကို အကျဉ်းထောင်ကို ပိတ်လိုက် ဖို့က သေဆုံးခဲ့ရသူတွေနဲ့
သူတို့ရဲ့ မိသားစုဝင် တွေအတွက် အစိုးရရဲ့ လူ့ကျင့်ဝတ်ပိုင်းဆိုင်ရာ တာဝန်ဝတ္တရားတစ်ခု
ဖြစ်ပါတယ်" ဟု ထိခိုက် ခံစားခဲ့ရသူများ၏ မိသားစုဝင်များအဖွဲ့ ဥက္ကဋ္ဌ အလီစီယာ
လီရာကပြောကြားခဲ့သည်။
ပွန်တာပြူကို အကျဉ်းထောင်ကို အပြင်ဘက်ကကြည့်လျှင် အစောင့်အကြပ်များ၊ ကင်းမျှော်စင်နှင့်
ထိပ်ပိုင်းတွင် သံဆူးကြိုးများ တပ်ထားသည့် အကာအရံများကြောင့် အခြား အကျဉ်းထောင်
များနှင့်တူနေသော်လည်း အတွင်းပိုင်း၌ အခြား ချီလီအကျဉ်းထောင်များနှင့် လုံးဝကွဲပြားသည်။
အကျဉ်းသားများသည် တစ်ဦးချင်း သီးသန့် အခန်းများနှင့်နေထိုင်ရပြီး ထောင်အတွင်း
တင်းနစ်ကွင်းများ၊ လှေကားထစ် ပွဲကြည့်စင် များနှင့် အသားကင်ဖိုများလည်း ရှိသည်။
ထောင်ဝင်စာတွေ့သူများက အကျဉ်းသားများ နှင့် တစ်နေကုန် တွေ့ဆုံခွင့်ရပြီး ထိုအခွင့်အရေးမှာ ချီလီနိုင်ငံရှိ အခြားသော အကျဉ်းသား ၅၄,၀၀၀ အတွက် အိပ်မက်မျှသာ
ဖြစ်သည်။
"ဒါက အပန်းဖြေဟိုတယ်တစ်ခုပဲ" ဟု လီရာက ဆိုသည်။ ချီလီနိုင်ငံ ဒီမိုကရေစီစနစ်သို့ကူးပြောင်းပြီး ငါးနှစ်အကြာ ၁၉၉၅ ခုနှစ် တွင် ပွန်တာပြူကို အကျဉ်းထောင်ကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ပီနိုရှေး သည် ချီလီစစ်တပ်၏ အကြီးအကဲဖြစ်နေဆဲဖြစ်ကာ
ဩဇာအာဏာရှိသည့် ပုဂ္ဂိုလ်တစ်ဦး အဖြစ်လည်း ဆက်ရှိနေခဲ့သည်။
ချီလီနိုင်ငံသားများကစက်တင်ဘာ ၁၃ ရက်တွင် လမ်းမများ ပေါ်ထွက်ကာ အာဏာရှင် ပီနိုရှေးလက်ထက်
သေဆုံးခဲ့ရသူတို့ကို ဂုဏ်ပြုပွဲကျင်းပခဲ့ကြပြီး ပွန်တာပြူကို အကျဉ်းထောင်ကို ပိတ်ပေးရန်
တောင်းဆိုခဲ့ကြရာရဲများနှင့်အဓိကရုဏ်းဖြစ် ပွားခဲ့ပြီး လူလေးဦး အဖမ်းခံခဲ့ရသည်။
Credit: MyanmarTimes