လိုအပ်တဲ့အချိန်မှ ရေကူးကန်အဖြစ် ထွက်ပေါ်လာစေတဲ့ ကိုယ်ပျောက်ရေကူးကန်တွေအကြောင်း ကမ္ဘာတစ်ဝန်းက ရင်းနှီးပြီးသားပါ။
အခုပုံမှာမြင်တွေ့နေရတဲ့ ကိုယ်ပျောက်ရေကူးကန်ကတော့ အားလုံးထက် တစ်မူထူးတဲ့ အချက်တစ်ချက်ကို ပိုင်ဆိုင်ထားပါတယ်။
အဲ့ဒီရေကူးကန်ကို ခြံဝန်းထဲက ကြမ်းခင်းတစ်ခုအနေနဲ့ တွေ့မြင်နေရတဲ့ သာမန်အချိန်မှာ အဲ့ဒီကြမ်းခင်းက ၁ စတုရန်းပေကို အလေးချိန်ပေါင် ၂၀ ကနေ ၆၀ ခန့်ထိ ၀န်တင်ခံနိုင်တာပါပဲ။ ကားတစ်စီး၊ ပရိဘောဂ သို့မဟုတ် ပါတီပွဲလာလူစုတွေပါ အဲ့ဒီကြမ်းခင်းပေါ်မှာ စိတ်ချလက်ချမတ်တပ်ရပ်လို့ ရတယ်လို့ ထုတ်လုပ်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
အဲ့ဒီလို အနားယူအပန်းဖြေစရာ အလွတ်မြေကွက်လပ်ကို ၁၀ မိနစ်မကြာတဲ့ အချိန်အတွင်း ရေကူးကန်အဖြစ် ပြောင်းလဲသွားစေတဲ့ ကိုယ်ပျောက်ရေကူးကန်ကို ပထမဆုံးအဖြစ် ကယ်လီဖိုးနီးယားက ကလေးနှစ်ယောက်အဖေ အမေရိကန်နည်းပညာရှင်တစ်ယောက်က သူ့နေအိမ်ခြံဝန်းထဲမှာ တပ်ဆင်လိုက်တာကို ပုံပါအတိုင်းတွေ့မြင်ရမှာပါ။
ဒီကိုယ်ပျောက်ရေကူးကန်စနစ်ကို လှုပ်ရှားနိုင်တဲ့ ကြမ်းပြင်လို့ ခေါ်ပြီး တီထွင်ထုတ်လုပ်သူတွေက လုပ်ငန်းသုံးအဖြစ် စမ်းသပ်ဒီဇိုင်းထွင်ခဲ့ပေမယ့် နေအိမ်တွေအတွက်ပါ အသုံးချဖို့ ဆောင်ရွက်လာကြပါပြီ။
ကုန်ကျစရိတ်အရမ်းကိုများပေမယ့်လို့ (အမေရိကန်ဒေါ်လာ ၂ သန်းခန့်) ဒီကိုယ်ပျောက်ရေကူးကန်ဟာ လန်ဒန်၊ တဲလ်အဗစ်၊ မိုနာကိုနဲ့ အမေရိကန်တို့က အဆင့်မြင့်ဇိမ်ခံတန်ဖိုးကြီးအိမ်ကြီးရခိုင်တွေမှာ စတင်အကောင်အထည်ပေါ်လို့လာပါပြီ။
သာမန်အချိန်မှာ ကြမ်းခင်းအဖြစ်ရှိနေပြီး ရေကူးတော့မယ်၊ ရေကူးကန်အဖြစ်ပြောင်းလဲစေတဲ့ ခလုတ်ကို နှိပ်လိုက်တာနဲ့ ဟိုက်ဒရောလစ်စနစ်က ကြမ်းခင်းတွေအား အောက်ကို တဖြည်းဖြည်းနိမ့်ဆင်းသွားစေမှာပါ။
ကြမ်းခင်းအနိမ့်အမြင့်ကို စိတ်ကြိုက်ချိန်ညှိနိုင်တာကြောင့် ကလေးငယ်ကနေ အရွယ်ရောက်ပြီးသူအထိ ကူးခတ်လို့ရအောင် ရေကူးကန်ဆိုက်ဒ်စုံဖန်တီးလို့ ရပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team ဘာသာပြန်သည်။)