အိမ်တစ်လုံးဝယ်ရန် သိန်း၁၀၀၊ ကားတစ်စီးဝယ်ရန် သိန်း ၅၀ လက်ထဲ ကိုင်ထားနိုင်မှ အရစ်ကျ ဝယ်နိုင်သည့် ခေတ်ဖြစ်နေသည်။ အခြေခံ မဆိုထားနှင့် လူလတ်တန်းစားပင် အရစ်ကျစနစ်ဖြင့် ဝယ်ယူရန် မလွယ်ကူလှသေး။
တစ်ရစ်စီ သွင်းရသည့် အရစ်ကျ ဖြစ်သော်လည်း အချိန်မှာ ကာလတို တစ်နှစ်နှင့် အများဆုံး ၂ နှစ်အတွင်း အကျေပြန်ဆပ်ရ ပြန်သည်။ ယင်းကြောင့် လစဉ် ဝန်ထုပ်ဝန်ပိုးမှာလည်း များပြားလှသည်။တစ်လ နှစ်သိန်းကျော် ဝင်ငွေရှိသူ ကုမ္ပဏီဝန်ထမ်း ဦးကောင်းကျော်က “အရစ်ကျနဲ့ တိုက်ခန်း ဝယ်နိုင်ဖို့ သိန်းငါးဆယ်လောက် လက်ထဲမှာ ကိုင်ထားနိုင်မှ ဖြစ်မှာဆိုတော့ ကျွန်တော်တို့အတွက် Hire Purchase (အငှားဝယ်စနစ်) ဆိုတာ ဘာမှအသုံးမဝင်ပါဘူးဗျာ” ဟု ဆိုသည်။
ရန်ကုန်မြို့တွင်း တန်ဖိုးအနည်းဆုံး တိုက်ခန်းဈေးမှာ သိန်း ၁၅၀ အထက်တွင် ရှိနေရာ ပထမအရစ် ၃၅ သိန်းခန့် သွင်းပြီးလျှင် နောက်လစဉ် သွင်းငွေမှာလည်း သိန်း ၂၀၊ ၁၀ သိန်း စသဖြင့် များပြားနေရာ လူအများစုနှင့် ဝေးရပြန်သည်။
မိုးထောင် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများကြောင့် ငွေကြေးချမ်းသာသူ အချို့သာ အိမ်၊ တိုက်ခန်း၊ ကွန်ဒိုများ ဝယ်ယူနိုင်ပြီး ပြည်သူအများစုမှာမူ ဝယ်ရန်ထက် ငှားရမ်းနေထိုင်ရန်ပင် ရုန်းကန်နေကြရသည်။ ရန်ကုန်သား အများစုပင် အိမ်ငှားဘဝဖြင့် အသက်ရှင်နေကြရသည်။
“အိမ်ငှားခတွေကလည်း ကျတယ်ကို မရှိဘူး။ ဒီကြားထဲ ခြောက်လတစ်ခါ ဈေးတက်နေတော့ ဟိုပြောင်းရ၊ သည်ပြောင်းရနဲ့ ကြာရင် မြို့ပြင်ရောက်တော့မယ်” ဟု တာမွေမြို့နယ်တွင် အိမ်ငှားနေထိုင်သူ ကုမ္ပဏီ ဝန်ထမ်းတစ်ဦးက ဆိုသည်။
မြို့နယ် အများစုတွင် အိမ်ငှားခမှာ အနိမ့်ဆုံး ကျပ်တစ်သိန်း နှစ်သောင်းခန့် ရှိနေသည်။ ကျပ်သုံးသိန်း ဝင်ငွေရှိသော အိမ်ထောင်စုအတွက် နေစရိတ်မှာ ၄၀ ရာခိုင်နှုန်းခန့် ကုန်ကျနေခြင်း ဖြစ်သည်။ ခြောက်လ၊ တစ်နှစ် စသဖြင့် နှစ်ချုပ်၊ လချုပ်ငွေများကို စုပေါင်း ရေတွက်ကြည့်လျှင် တိုက်ခန်း တန်ဖိုးထက်ပင် ကျော်နေနိုင်သည်။တိုက်ခန်း အရစ်ကျစနစ်ဖြင့် ဝယ်ယူခြင်းကိုမူ ကမ္ဘောဇဘဏ်နှင့် Naing Group တို့ ပူးပေါင်းကာ ကျပ် သိန်း ၅၀၀ ဝန်းကျင် တိုက်ခန်းများ ရောင်းချခဲ့ဖူးပြီး နောက်ပိုင်းတွင် ဆက်မလုပ်တော့ကြောင်း ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ဆိုသည်။
လက်ရှိ ကျပ်သိန်း ၁၂၀ အသက်သာဆုံး နှုန်းထားဖြင့် အရစ်ကျ ရောင်းချပေးနေသည်မှာ ဆောက်လုပ်ရေး ဝန်ကြီးဌာနက တည်ဆောက်ထားသည့် ရွှေလင်ပန်း
တန်ဖိုးနည်းအိမ်ရာ စီမံကိန်းပင် ဖြစ်သည်။ တိုက်ခန်း ၅၂၆ ခန်းကို မဲစနစ်ဖြင့် ရောင်းချထားပြီး ပေါက်သူများစာရင်း အားလုံးကို ယခုဒီဇင်ဘာလတွင် ကြေညာမည် ဖြစ်သည်။ဝယ်ယူခွင့်ရသူ အားလုံးကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ငွေထုတ်ချေးပေးမည်ဟု ယင်းဘဏ်၏ ဗိုလ်တထောင် ဘဏ်ခွဲတာဝန်ခံ ဦးအုန်းလွင်က ဆိုသည်။အရစ်ကျ အိမ်ဝယ်ချင်လျှင် ၎င်းတို့ဝန်ကြီးဌာနက နောက်ထပ် ဆောက်လုပ်နေဆဲ ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ ဧရာဝဏ်နှင့် ရတနာ တန်ဖိုးနည်း အိမ်ရာစီမံကိန်းများကို စောင့်ရမည့် အခြေအနေ ဖြစ်နေသည်။ အဆိုပါ စီမံကိန်းနှစ်ခုမှာ အခန်းပေါင်း နှစ်သောင်းခန့် ပါဝင်ပြီး၂၀၁၅ ခုနှစ် မတ်လ ကုန်တွင် ပြီးစီးကာ လျှောက်လွှာ တင်နိုင်မည်ဟု ကြေညာထားသည်။
သို့သော် ရန်ကုန် လူဦးရေနှင့် လုံလောက်သည့် တိုက်ခန်း အရေအတွက်ကို တည်ဆောက်မည့် အစိုးရ စီမံကိန်းမျိုးတော့ မကြားမိသေး။ အဆိုပါ တိုက်ခန်းတစ်ခန်းလျှင် ပျမ်းမျှ သိန်း ၁၂၀ ခန့်ရှိပြီး ဝယ်ယူခွင့်ရသူသည် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ဦးစွာပေးသွင်းရန်နှင့် ကျန်ငွေပမာဏကို လေးနှစ်အရစ်ကျ ပေးသွင်းရမည် ဖြစ်သည်။ “ပင်စင်စားတွေအတွက် တစ်လကို တစ်သိန်းရှစ်သောင်းလောက် ပြန်သွင်းရမယ်ဆိုတာ တကယ်တော့ မလွယ်ဘူး။ အလုပ်ရှိတဲ့ မိသားစုဝင်အားလုံး ဝိုင်းလုပ်မှပဲ ရမယ်” ဟု လုပ်သက်ပြည့် နှစ် ၃၀ ပင်စင်စား အစိုးရ ဝန်ထမ်းတစ်ဦးက ဆိုသည်။အခြားပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းများကမူ တိုက်မဆောက်ခင်က အရစ်ကျ ငွေအရင်သွင်းရသည့် ကြိုပွိုင့်စနစ်များဖြင့် ရောင်းချခြင်းမျိုးသာ ရှိသည်။လတ်တလောတွင်မူ ကွန်ဒိုတိုက်ခန်း၊ မော်တော်ကား၊ အီလက်ထရွန်နစ် ပစ္စည်းအမျိုးမျိုး၊ လယ်ယာသုံးပစ္စည်း အမျိုးမျိုးအတွက် အရစ်ကျ ရောင်းခြင်းကို ပြည်တွင်း ပုဂ္ဂလိကဘဏ်များနှင့် ကုမ္ပဏီများ ပူးပေါင်းကာ လုပ်ဆောင်လာကြသည်။ သို့သော် ထောက်ခံသူ လိုအပ်ခြင်း၊ အတိုးနှုန်း များခြင်းကြောင့် သုံးသူ နည်းပါးနေသည်။
ကားဝယ်မလား
ကားမှာမူ တိုက်ခန်းနှင့်မတူ၊ အရစ်ကျစနစ်ဖြင့် ပေါပေါလောလော ဝယ်နိုင်သည်။ ဘဏ်ဖြင့် ချိတ်ဆက်၍ ဖြစ်စေ၊ ကုမ္ပဏီကိုယ်တိုင် ကားအရောင်း ပြခန်းကဖြစ်စေ ပုံစံအမျိုးမျိုးဖြင့် အရစ်ကျ ရောင်းချနေကြသည်။ စတင်ဝယ်ယူရာတွင် ကားတန်ဖိုး၏ ၂၀ ရာခိုင်နှုန်း အနည်းဆုံး ပေးသွင်းရန် လိုအပ်ပြီး ကျန်ငွေကိုမူ ကုမ္ပဏီ သို့မဟုတ် ဘဏ်ဖြင့် ညှိနှိုင်းကာ လစဉ်ပြန်လည် ပေးဆပ်ရသည်။ငွေစသွင်းစဉ်ကပင် ကားစီးနိုင် မည်ဖြစ်ပြီး ငွေကျေသောနေ့တွင် ပိုင်ဆိုင် မှုစာရွက်စာတမ်းများ ရရှိမည်ဖြစ်သည်။ သို့သော် ကားဈေးကျခြင်းနှင့် အတိုးနှုန်းကြောင့်ပင် လူစိတ်ဝင်စားမှု တဖြည်းဖြည်း နည်းပါးလာသည်ဟု ကားအရောင်းစင်တာများက ဆိုကြပြန်သည်။
အရစ်ကျ အီလက်ထရွန်နစ်
ကျပ်ငွေ ငါးသိန်းမကျော်သော ဖုန်း၊ လက်ပ်တော့၊ ကွန်ပျူတာစသည့် အိုင်တီပစ္စည်းများနှင့် ရေခဲသေတ္တာ၊ အဝတ်လျှော်စက် စသည့် အိမ်သုံးပစ္စည်းများကိုမူ ဘဏ်များအပြင် အသေးစား ငွေချေးလုပ်ငန်း များကလည်း ဆောင်ရွက်နေသည်။“အသေးစား ချေးငွေထုတ်ပေးသူ ရှိတော့ ကိုယ့်အလုပ်အတွက် လိုအပ်တဲ့ လက်ပ်တော့ဖြစ်ဖြစ် ဖုန်းဝယ်တာဖြစ်ဖြစ် တစ်ခါတည်း ပေးစရာမလိုဘဲ နည်းနည်းချင်းစီ ခွဲပေးရတော့ အဆင်ပြေတာပေါ့” ဟု အသေးစား ငွေရေးကြေးရေး လုပ်ငန်းတစ်ခုဖြစ်သော Aeon ကုမ္ပဏီနှင့် ချိတ်ဆက်၍ ဖုန်းဝယ်ယူထားသူ တစ်ဦးက ဆိုသည်။ယင်းကုမ္ပဏီနှင့် ချိတ်ဆက် ဝယ်ယူထားသူမှာ သောင်းဂဏန်း အထက်ပင် ရှိနေပြီဖြစ်ရာ အရစ်ကျစနစ်က အီလက်ထရွန်နစ် ကဏ္ဍတွင် အောင်မြင်လာသည်ဟု ဆိုရမည် ဖြစ်သည်။
အရစ်ကျစနစ်ဖြင့် ပစ္စည်းဝယ်လျှင် စာရွက်စာတမ်း ထောက်ခံချက်များနှင့် အာမခံပေးမည့်သူ၊ ကုမ္ပဏီလုပ်ငန်းမှ အထက်အရာရှိ၏ ထောက်ခံချက်များ လိုအပ်သလို လစဉ်ပုံမှန်ဝင်ငွေ အသင့်အတင့်ရှိရန် လိုအပ်သည်။အီလက်ထရွန်နစ် ပစ္စည်းဝယ်ရန် ဈေးကွက်ရှိလာပြီ ဖြစ်သော်လည်း အရစ်ကျစနစ်ဖြင့် အိမ်၊ ကားများ တွင်ကျယ်စွာ ဝယ်နိုင်ရန်မှာမူ နှစ်ရှည် ငွေချေးပေးသည့် ကုမ္ပဏီများ၊ ဘဏ်များ လိုအပ်နေသည်။ ယင်းအပြင် အကြွေးဝယ်ကတ် (Credit Card) စနစ်လည်း လိုသည်။
သို့မှသာ ကိုယ်ပိုင် အိမ်၊ ကားနှင့် အသုံးချ အီလက်ထရွန်နစ် ပစ္စည်းများကို ပြည်သူအများ ပိုင်ဆိုင်ပြီး မျိုးဆက်သစ်များ လူပီပီသသ အဆင့်တန်း တစ်ခုနှင့် နေရသည့်ခေတ် ရောက်နိုင်တော့မည်။
ယင်းခေတ်ရောက်ရန် ဘာတွေလိုနေသနည်း။
ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဤသို့ဆိုသည်။ “ဒီ Hire Purchase က နှစ်တိုပဲ ရသေးတယ်။ Credit Bureau လို အဖွဲ့၊ National IDs လိုဟာမျိုးတွေ ခိုင်မာဖို့လိုတယ်။ အရည်အသွေးပြည့် နိုင်ငံသားတွေ ဖြစ်ဖို့လည်း လိုသေးတယ်။ နှစ်ရှည် အတွက်ကတော့ ဝင်ထောက်ခံ ပေးမယ့်၊ အာမခံပေးမယ့် အဖွဲ့အစည်းတစ်ခု ရှိဖို့လိုတယ်” ဟုဖြစ်သည်။
သို့ရာတွင် ကြားဝင် အာမခံပေးသည့် အဖွဲ့အစည်းမျိုးထက် အရစ်ကျဝယ်သည့် ကုန်ပစ္စည်း၏ ပိုင်ဆိုင်မှု စာရွက်စာတမ်းကို ဘဏ်က ယူထားမည်ဆိုလျှင် နှစ်ရှည် ချေးငွေထုတ်ချေးရန် မခက်ခဲကြောင်း ဘဏ်လုပ်ငန်း အကြံပေး ဦးရဲမင်းဦးက ဆိုသည်။သို့သော် နှစ်ရှည်အပ်ငွေရှိမှသာ နှစ်ရှည်ချေးငွေ ပေးရမည်ဆိုသော ဗဟိုဘဏ်၏ ညွှန်ကြားချက် ရှိနေရာ နှစ်ရှည် အပ်ငွေနည်းပါးသည့် မြန်မာဘဏ်များတွင် လုပ်နိုင်စွမ်းမရှိ ဖြစ်နေသည်။နှစ်ရှည်ချေးငွေ ထုတ်ချေးနိုင်ရန်မှာ ပြည်တွင်း ပုဂ္ဂလိကဘဏ် တစ်ခုတည်းဖြင့် မဖြစ်နိုင်ဘဲ အစိုးရ၏ ထောက်ပံ့မှုလည်း လိုအပ်ကြောင်း ကမ္ဘောဇဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ဆိုသည်။
“တခြားနိုင်ငံတွေမှာတော့ အစိုးရက Pension fund (ပင်စင်ရန်ပုံငွေ) တွေကို ထောက်ပံ့ပေးတာမျိုးတွေ ရှိတယ်။ တခြားငွေကြေး ရန်ပုံငွေ ထောက်ပံ့မှုတွေလည်း အများကြီး ရှိတယ်။ ဒီမှာက ဒါတွေမရှိသေးဘူး။ နှစ်ရှည် ချေးဖို့ဆိုတာ မလွယ်သေးဘူး။ အချိန်ယူရဦးမယ်” ဟု ၎င်းကဆိုသည်။
စီးပွားရေးမူဝါဒ ပညာရှင် ဒေါက်တာ အောင်ကိုကိုကလည်း အရစ်ကျစနစ် အမှန်တကယ် အလုပ်ဖြစ်လာရန် အလုပ်အကိုင် ဈေးကွက် (Job Market) နှင့် အလုပ်သမား ဈေးကွက် (Labour Market) နှစ်ခု အရေးကြီးကြောင်း ဆိုသည်။
စီးပွားရေးလုပ်ငန်း များပြားမှုနှင့် လုပ်ငန်းအရွယ်အစား ကြီးမားလာပါက အလုပ်အကိုင် အခွင့်အလမ်း ပေါများလာပြီး တည်ငြိမ်သော အလုပ်အကိုင်နှင့် သင့်တင့်သော လုပ်ခလစာ ရရှိသူ များပြားမှသာ ယင်းစနစ် တွင်ကျယ်လာမည် ဖြစ်သည်။အကြောင်းမှာ အရစ်ကျစနစ်၊ နှစ်ရှည် ချေးငွေများနှင့် အိမ်ရာ၊ တိုက်ခန်းများ ဝယ်ယူရာမှ ချေးငွေ ပြန်လည် မပေးဆပ်နိုင်သည့်အတွက် အမေရိကန် ပြည်ထောင်စုတွင် ဘဏ်လုပ်ငန်းများ ပြိုလဲသည်အထိ ဖြစ်ခဲ့ဖူးသော သာဓကများ ရှိသည်။ထိုအဖြစ်မျိုး မဖြစ်ရန် ဘဏ်လုပ်ငန်းက အိမ်ပိုင်ဆိုင်မှုကို ကိုင်ထားပြီး ချေးငွေ မဆပ်နိုင်သူများကို အစိုးရက ကိုင်တွယ် ဖြေရှင်းပေးနိုင်မည် ဆိုလျှင် ပြဿနာ မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဆိုသည်။
“အစိုးရက ကြားဝင် အာမခံပေးရုံပဲ။ အကယ်၍ ပြန်မဆပ်နိုင်ဘူးဆိုရင် လုပ်ထုံးလုပ်နည်းတွေအရ ဖယ်ရှားခိုင်းတာမျိုး လုပ်ပေးရမယ်။ စည်းစနစ်တကျ ဖြစ်အောင်လုပ်ဖို့ အလုပ်တော့ နည်းနည်း ရှုပ်မယ်။ ဒီလို အလုပ်ရှုပ်တာဟာ ပြည်သူအတွက် အစိုးရက ပျော်ပျော်ကြီး လုပ်ပေးရမှာပေါ့” ၎င်းကဆိုသည်။
သို့ရာတွင် ရန်ကုန်မြို့တော်ရှိ တန်ဖိုးနည်း တိုက်ခန်းများကို နှစ် ၂၀ ဘဏ်ချေးငွေ စနစ်ဖြင့် ဝယ်ယူခွင့်ရရေးအတွက် ဒေါက်တာညိုညိုသင်း၏ အဆိုမှာ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မှုအရ ရှုံးနိမ့်သွားပြီ ဖြစ်သည်။အာဆီယံ ဒေသတွင်း နိုင်ငံများတွင်မူ အငှားဝယ်စနစ်ကို ကား၊ ဆိုင်ကယ်တို့အတွက် အသုံးများပြီး အိမ်သုံး၊ ရုံးသုံး အီလက်ထရွန်နစ် ပစ္စည်းတို့ကို အကြွေးဝယ်ကတ်၊ တစ်ဦးချင်း ချေးငွေတို့ဖြင့် ဝယ်ယူကြသည်။
မလေးရှားနိုင်ငံ၏ ထိပ်တန်း ဘဏ်တစ်ခုဖြစ်သော မေဘဏ်သည် မော်တော်ယာဉ် အငှားဝယ်ယူရာတွင် ကားအသစ်၊ ပြန်လည် ပြင်ဆင်ထားသောကား၊ အသုံးပြုပြီး ကားတို့အတွက် ၁၀-၁၅ ရာခိုင်နှုန်း လက်ငင်းငွေချေမှုနှင့် ကျန်ငွေကို ၁၀၈ လ (၉ နှစ်) အရစ်ကျ ခွဲသွင်းနိုင်သော အငှားဝယ် ဝန်ဆောင်မှု ပေးလျက်ရှိသည်။
ထိုင်းနိုင်ငံ၏ အကြီးဆုံး ဘဏ်ဖြစ်သော SCB ဘဏ်တွင် မော်တော်ယာဉ် အငှားဝယ်ယူမှုအတွက် ၁ နှစ်မှ ၅ နှစ်အထိ အရစ်ကျ ငွေချေနိုင်ပြီး ထိုင်းဘတ် နှစ်သန်း (မြန်မာကျပ်ငွေ သိန်း ၆၅၀ ဝန်းကျင်) အထိ ဝယ်ယူနိုင်သည်။
ကမ္ဘောဒီးယား နိုင်ငံတွင်လည်း ACLEDA ဘဏ်သည် အငှားဝယ်စနစ်ဖြင့် ဆိုင်ကယ်၊ ကားတို့ကို အရစ်ကျ ရောင်းချပေးပြီး ချေးငွေသက်တမ်းမှာ ၆ နှစ်အထိ ရှိသည်။ သို့သော် အငှားဝယ်ယူမှုအတွက် ချေးငွေ အပြည့်အဝ သို့မဟုတ် ၈၀ ရာခိုင်နှုန်းရရှိရန် အိမ်၊ မြေတို့ကို အပေါင်ထားရှိရသည်။
မြန်မာနိုင်ငံတွင်မူ အကြွေးဝယ်ကတ် စနစ်ကို အသုံးမပြုနိုင်သေးသည့်အပြင် တစ်ဦးချင်း ချေးငွေမှာလည်း အလုပ်အကိုင်ရှိရုံ၊ ပုံမှန် လစဉ်ဝင်ငွေ ရှိရုံနှင့် မဖြစ်နိုင်ဘဲ အိမ်ပိုင်၊ မြေပိုင်ရှိမှသာ ချေးငွေရရှိနိုင်မည် ဖြစ်သည်။
“ကျွန်တော်လည်း တိုက်ခန်း လိုချင်တယ်။ ကားလိုချင်တယ်။ ကိုယ်တိုင် ဒီအငှားဝယ်စနစ်ကို သုံးချင်တဲ့ လူတစ်ယောက်။ အိမ်ခန်းတစ်ခန်းကို အနှစ် ၂၀-၃၀ လောက်နဲ့ ဝယ်ချင်တယ်။ ကားဆိုလည်း စီးချင်တယ်။ နောက် Credit Card လည်း သုံးချင်တယ်။ ဒါပေမဲ့ အဲ့ဒီ Facilities တွေက ဒီမှာ မရှိသေးဘူး၊ ကြားထဲက အာမခံပေးမယ့် အဖွဲ့အစည်းတွေ လိုနေတယ်” ဟု ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆိုပြန်သည်။
အီလက်ထရောနစ်ကဲ့သို့ ဈေးသက်သာသည့် ပစ္စည်းများတွင်သာ အရစ်ကျစနစ်က ချာချာလည်နေသည်။ ယခုထိ နှစ်ရှည်နှင့် နှုန်းထားများသည့် ပစ္စည်းများသို့ တက်လှမ်းမလာနိုင်သေး။
“တိုက်ခန်းအတွက် အနည်းဆုံး ၁၀ နှစ်ကနေ နှစ် ၃၀ လောက် သတ်မှတ်ပေးမှ နောက်မျိုးဆက်က တိုက်ခန်းပိုင်လေးတွေနဲ့ နေရတဲ့ဘဝ ရောက်ကြမှာ။ အလုပ်လုပ်တဲ့ လစာထဲက တဖြည်းဖြည်း ဆပ်သွားရမှာပေါ့” ဟု ဘဏ်လုပ်ငန်း အကြံပေး ဦးရဲမင်းဦးက ဆိုသည်။
တစ်လဝင်ငွေ ကျပ်နှစ်သိန်း ဝန်းကျင်သာရှိသည့် ကိုမြတ်သူအောင်ကမူ ဤသို့ ညည်းတွားလိုက်သည်။
“အရစ်ကျ ဆိုတာက တကယ်က အိပ်မက်ပါပဲ။ ကျွန်တော်တို့ သိပ်လက်လှမ်းမီတာတော့ မဟုတ်ဘူး။ သူတို့ပြောတဲ့ သွင်းရမယ့် နှုန်းထား ဆိုတာကလည်း လိုက်မီတဲ့ နှုန်းထားမဟုတ်ဘူး။ ရတဲ့လစာ အကုန်လုံး သွင်းလိုက်တော့ ဘာနဲ့သွားစားမလဲ၊ အငတ်နေရမှာ၊ အငတ်နေရင်တောင် နှစ်ပေါင်းများစွာ နေရမလို ဖြစ်နေတာ”
Credit: thevoicemyanmar