၂၀၀၇-၂၀၀၈ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းမဖြစ်မီက နိမ့်ကျနေသော ကာလရှည် အတိုးနှုန်းများကြောင့် အိမ်ယာဈေးနှုန်းများကမ္ဘာတစ်ဝှမ်းတွင် ထိုးတက်သွားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းဖြစ်သည့်အခါအိမ်ခြံမြေဈေးနှုန်းများ ထိုးကျပြီးနောက် စီးပွားရေး နှေးကွေးမှုနင့်လည်း ကြုံတွေ့ရသည်။ထိုအချိန်မှစ၍ ဗဟိုဘဏ်များက နှစ်ရှည် ကာလရှည် အတိုးနှုန်းများကို ထပ်ချကာ ဦးမော့အောင်ဆောင်ရွက်ခဲ့သဖြင့် အိမ်ယာမြေဈေးကွက် အတော်များများ ပြန်လည် ဦးမော့လာခဲ့သည်။ အီးကောနောမစ်ဇ်မဂ္ဂဇင်းကြီးက လေ့လာသော နိုင်ငံ ၂၃ နိုင်ငံ၌ ၁၈ နိုင်ငံတွင် အိမ်ယာမြေဈေးကွက်များ တက်လာခဲ့ရာလွန်ခဲ့သည့် ၃ လ အတွင်းက နိုင်ငံ ၈ နိုင်ငံတို့တွင် လျှင်မြန်စွာ တက်လာခဲ့သည်ကို တွေ့ရသည်။
သို့သော်လည်းအားနည်းချက်များကို အထူးသဖြင့် ဥရောပတွင်တွေ့ရသည်။ စီးပွားရေး အကျပ်အတည်း မဖြစ်ခင်ကဈေးအမြင့်ဆုံးဖြစ်ခဲ့သော စပိန်နိုင်ငံတွင် ဈေးနှုန်းများ ကျနေဆဲဖြစ်သည်။ ပြင်သစ်နှင့်အီတလီဟူသည့် ယူရိုဇုံ၏ ဒုတိယနှင့် တတိယ အကြီးဆုံး စီးပွားရေးအဆောက်အအုံများ၌ စီးပွားရေးအရအားနည်းချက်များကြောင့် ဈေးနှုန်းများ ကျနေဆဲဖြစ်သည်။ ဗြိတိန်ကဲ့သို့သော အချို့ ဥရောပနိုင်ငံများ၌အိမ်ယာဈေးကွက်သည် အားကောင်း မောင်းသန် ဖြစ်နေသည်။ အိမ်ယာမြေဈေးကွက် ထိုးကျပြီးနောက်အနည်းငယ် ပြန်လည်ဦးမော့လာစဉ် မည်မျှအထိ စိုးရိမ်စရာရှိသည်ကို ချိန်ဆလာကြသည်။ အိမ်ယာမြေဈေးနှုန်းများ၊ဆက်လက် တက်နိုင်စွမ်း ရှိ မရှိကို အချက် ၂ ခုဖြင့် တိုင်းတာသည်။ တစ်ခုမှာ ပေးနိုင်စွမ်းဖြစ်သည်။ပေးနိုင်စွမ်းကို ဈေးနှုန်းနှင့် တစ်ဦးချင်း အခွန်ပေးဆောင်ပြီးနောက် ကျန်ရစ်သော တစ်ဦးချင်းဝင်ငွေဖြင့်နှိုင်းယှဉ်တွက်ဆခြင်းဖြစ်သည်။ အခြားတစ်ခုမှာ အိမ်ယာမြေလောကတွင် ရင်းနှီးမြှုပ်နှံရန်သင့် မသင့် ချိန်ဆခြင်းဖြစ်သည်။ အိမ်ယာ ဈေးနှုန်းများကို ငှါးရမ်းခများနှင့် အချိုးချတွက်ကြည့်သည်။ စတော့ရှယ်ယာဈေးကွက်၌ ရှယ်ယာ၏ဈေးနှုန်းကို ရသည့် ဝင်ငွေနှင့် ချိန်ဆသည့်သဘောမျိုးဖြစ်သည်။ ထိုနှုန်းများသည် သမိုင်းကြောင်းတလျှောက် တွေ့ကြုံခဲ့ရသော ပျမ်းမျှအချိုးများထက်မြင့်နေလျှင် အိမ်ယာဈေးကွက်သည် ဈေးနှုန်းမြင့်နေသည်။ ၎င်းအောက် နိမ့်နေလျှင် တန်ဖိုးသတ်မှတ်ချက်နိမ့်နေသည်ဟု တွက်ဆကြသည်။
ပျမ်းမျှကိန်းဂဏန်းများကိုယူကြည့်လိုက်သည့်အခါ နိုင်ငံ ၉ နိုင်ငံတို့၌ အိမ်ယာမြေ ဈေးကွက် ဈေးနှုန်းများသည် ၂၅ရာခိုင်နှုန်း မြင့်နေကြောင်း တွေ့ရသည်။ ငှါးရမ်းခကို အခြေခံ၍ တွက်ကြည့်သည့်အခါ ဟောင်ကောင်၊ကနေဒါနှင့် နယူးဇီလန်တို့၌ မြင့်နေခြင်းဖြစ်သည်။ ထိုနိုင်ငံများနှင့် အခြားနိုင်ငံများ၌မြင့်မားနေခြင်းသည် အမေရိကန်နိုင်ငံတွင် အကျပ်အတည်း မဖြစ်မီက အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေချိန်နှင့်တူညီနေသည်ကို စိတ်မချမ်းသာစရာ တွေ့ကြုံရသည်။လောလောဆယ်တွင် အမေရိကန်အိမ်ယာဈေးကွက်သည် အခြေအနေ ကောင်းနေသည်၊ ဈေးနှုန်းများ ပြန်လည်တက်စပြုနေပြီး၊ သမိုင်းကြောင်း တကြော့ပြန်သည် အရိပ်လက္ခဏာ တချို့ကိုလည်း တွေ့ရသည်။ အတိုးနှုန်းနိမ့်ကျခြင်းကြောင့် ဈေးကွက်ကို အထောက်အကူ ပြုနေသော်လည်း ဆန်ဖရန်စစ္စကိုကဲ့သို့ မြို့များ၌အိမ်ယာသစ်များ ဆောက်လုပ်ခွင့်ကို ပိတ်ပင်ထားသဖြင့် ဈေးကောင်းနေခြင်းဖြစ်သည်။ လန်ဒန်ကဲ့သို့သောမြို့ကြီးများ၌လည်း ထိုသို့သော အခြေအနေကို တွေ့ရသည်။
ကမ္ဘာ့ငွေကြေးအခြေအနေလွယ်ကူ ချောင်ချိသည့်အခါ အစိုးရများက အိမ်ယာဈေးကွက် အရှိန်မြင့်သည်ကို ထိန်းချုပ်ရန်ကြိုးစားကြသည်။ ဥပမာ ကနေဒါနိုင်ငံ၌ စွန့်စားရမှု အကြီးဆုံး အပေါင်လုပ်ငန်းတခုအတွက် ကာလသတ်မှတ်ချက်ကို နှစ်ပေါင်း ၄၀ မှ ၂၅ သို့ လျှော့ချခဲ့သည်။ ဟောင်ကောင်နှင့် စင်္ကာပူ၌တံဆိပ်ခေါင်းအခွန်များ မြှင့်တင်ခြင်း၊ ငွေချေးရာ၌ ကန့်သတ်ချက်များ တိုးမြှင့်ခြင်းတို့ကိုပြုလုပ်ကြသည်။ စင်္ကာပူတွင် ထိုနည်းလမ်းသည် ထိရောက်ပုံရပြီး ဈေးနှုန်းများ စတင်ကျနေသည်ကိုတွေ့ရသည်။ တရုတ်နိုင်ငံဈေးကွက်၌လည်း အပြောင်းအလဲများ ဖြစ်နေသည်။ ဈေးနှုန်းသည် ယခင်၁ နှစ်ကထက် ကြီးမားနေသော်လည်း လွန်ခဲ့သော ၃ လအတွင်း အရှိန်လျော့လာသည်ကို တွေ့ရသည်။အိမ်ရာများကို တည်ထောင် ဆောက်လုပ်သူများက ဈေးကွက်၌ အသစ်ဆောက်ပြီး အိမ်ယာများ တိုးပွားလာခြင်းကြောင့်အရှိန်လျော့ချလာကြသည်။ အိမ်ယာနှင့် ဆောက်လုပ်ရေးဈေးကွက်သည် တိုင်းပြည်ဝင်ငွေ၏ ၁၃ ရာခိုင်နှုန်းရှိသဖြင့်ထိုဈေးကွက်တွင် အရှိန်လျော့လိုက်လျှင် စီးပွားရေးအဆောက်အအုံကို ထိခိုက်နိုင်သည်။ သို့သော်လည်းတရုတ်အိမ် ဝယ်ယူသူများက စုဆောင်းငွေများ အများအပြား လျှော့ချရန်လိုပြီး အစိုးရက လိုအပ်လျှင်လိုအပ်သလို ဈေးကွက်ကို ထိန်းချုပ်နိုင်သည့် ဘဏ္ဍာရေးအင်အား တောင့်တင်းလျှက်ရှိနေသည်။
Credit: ခင်မောင်ညို (ဘောဂဗေဒ)