မြန်မာ့ဆောက်လုပ်ရေးဈေးကွက်တွင် လူနေအိမ်ဆောက်လုပ်ခြင်းဈေးကွက်က အကြီးမားဆုံးဖြစ်နေပြီး တန်ကြေးအားဖြင့် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ တန်ကြေးရှိသည်ဟု ဘဏ္ဍာရေးဆိုင်ရာ အကြံပေးကုမ္ပဏီ New Crossroads Asia (NCRA) မှ စီးပွားရေးဆိုင်ရာ အချက်အလက်များအရ သိရသည်။
နှစ်စဉ် ရန်ကုန်မြို့တွင် တတ်နိုင်သည့်ဈေးနှုန်းရှိ အိမ်ခန်းပေါင်း နှစ်သိန်းလိုအပ်သော်လည်း အမှန်တကယ်ဖြည့်ဆည်းမှုမှာ အိမ်ခန်းပေါင်း ၂ဝဝဝဝ ခန့်သာရှိနေသဖြင့် ၁ဝ ဆကျော် လိုအပ်ချက် မြင့်တက်နေကြောင်း သိရသည်။
လက်ရှိမြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်း အားလုံးပေါင်းတန်ဖိုးမှာ ဒေါ်လာ သုံးဘီလျံခန့်ရှိထားပြီး နှစ်စဉ်ဆောက်လုပ်ရေး ကဏ္ဍအားလုံးပေါင်း ရှစ်ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားပြီး လာမည့်ငါးနှစ် ၂ဝ၁၆ ခုနှစ်တွင် စုစုပေါင်း ၄၆ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ပြီး တန်ဖိုးအားဖြင့် ၄ ဒသမ ၂ ဘီလျံအထိရှိလာနိုင်မည်ဟု New Crossroads Asia (NCRA) မှ ခန့်မှန်းထားသည်။
မြန်မာ့ဆောက်လုပ်ရေးကဏ္ဍတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုပမာဏမှာ ယခုနှစ်ဇွန်လအထိ ငွေကျပ် ၇၅၆ ဘီလျံထိရှိပြီး ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍဖြစ်သည်။
မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံများ လိုအပ်ချက်ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများမှာ တစ်ရှိန်ထိုးများပြားလာခဲ့သည်။
ဆောက်လုပ်ရေးကဏ္ဍ လိုအပ်ချက်များကြောင့် ပြည်ပရင်းနှီးမြှုပ်နှံသူများ အဓိကစိတ်ဝင်စားရာကဏ္ဍလည်း ဖြစ်လာပြီး မြို့ပြလူနေအိမ်ရာဆောက်လုပ်ခြင်း လုပ်ငန်းများမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးကဏ္ဍများတွင် ပါဝင်လျက်ရှိသည်။
လူဦးရေ အလွန်လျင်မြန်စွာတိုးတက်လာနေသော ရန်ကုန်မြို့တွင် လူနေအိမ်လိုအပ်ချက်မှာလည်း မြင့်မားလျက်ရှိပြီး အိမ်၊ ခြံ၊ မြေဈေးနှုန်းများမှာ သာမန် လူလတ်တန်းစားပင် လိုက်မမီနိုင်အောင် မြင့်မားလျက်ရှိသည်။
လူနေထူထပ်သောမြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေးတို့တွင် တန်ဖိုးနည်းအိမ်ရာဟုဆိုသော အိမ်ရာအချို့ဆောက်လုပ်နေခြင်းများရှိသော်လည်း လိုအပ်ချက်နှင့် ဆောက်လုပ်သည့်ပမာဏ မမျှတသည့်အပြင် ဈေးနှုန်းမှာလည်း အခြေခံလူတန်းစား မတတ်နိုင်သည့် ဈေးနှုန်းများဖြင့် ရောင်းချနေသဖြင့် အခြေခံလူတန်းစားများအတွက် အိမ်ရာလိုအပ်မှု ပြ ဿနာပြေလည်ခြင်းမရှိကြောင်း သိရသည်။
အခြေခံလူတန်းစားများ တတ်နိုင်သည့်ပမာဏဖြစ်သည့် တစ်လလျှင် ကျပ်သုံးသောင်းဖြင့် နှစ် ၃ဝ ပေးသွင်းရမည့် အိမ်ခန်းပေါင်း နှစ်သိန်းကျော်ဖော်ဆောင်မည့် အိမ်ရာစီမံကိန်းအစီအစဉ်မှာ စူးစမ်းဆဲအခြေအနေသာရှိသေးပြီး မြေနေရာနှင့် ဆောက်လုပ်မည့် ကုမ္ပဏီပင် မရှိသေးကြောင်း သိရသည်။
အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရာတွင်လည်း ငွေဖြူပြသနိုင်ခြင်းမရှိဘဲ မြှုပ်နှံမှုများ များပြားလျက်ရှိသည်။ မူးယစ်ဆေးဝါး၊ ဘဏ်လုပ်ငန်းတို့နှင့်အတူ အိမ်ခြံမြေကဏ္ဍသည်လည်း ငွေကြေးခဝါချသည့်နေရာအဖြစ် ကျော်ကြားလျက်ရှိသည်။
Credit: Eleven Media