ရန်ကုန်မြို့တွင်း ကဲ့သို့ စီးပွားရေးအရ အချက်အချာကျသည့် ဒုတိယမြောက် ဗဟို စီးပွားရေးဇုန် တစ်ခုအား ယခု နှစ်မကုန်မီ အကောင်အထည် ဖော်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြ စီမံကိန်းဌာန ခွဲမှ သတင်း ရရှိသည်။ အဆိုပါ စီမံကိန်းအား မရမ်းကုန်း မြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာ ကွန်ဗင်းရှင်းစင်တာ (MCC) အဆောက်အအုံ တည်ရှိသည့် မြေဧက (၃၆) ဧက ကျော်တွင် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ အခုလက်ရှိ အနေအထားမှာက စီးပွားရေးနဲ့ သက်ဆိုင်တဲ့ အဆောက်အအုံ တွေ၊ ရုံးဌာနတွေ၊ နောက် တစ်ခုက အများပြည်သူ ရောင်းဝယ် ဖောက်ကားမှု ပြုလုပ်တဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေနဲ့ ပတ်သက်လာရင် ရန်ကုန်မြို့တွင်း ကိုပဲ စုပြုံပြီး လာနေရတယ်။ အဲဒီတော့ လူဦးရေ သိပ်သည်းမှု ကလည်း ပိုများလာတယ်။ အဲဒီတော့ ဒီလိုမျိုးနောက် ထပ်ဇုန်တစ်ခု ဖော်ဆောင်ပေး လိုက်ရင် အဲဒီ ကြုံတွေ့ရမယ့် ပြဿနာတွေ လျော့နည်း လာမယ်လို့ မျှော်လင့်ပါတယ် ဟု မြို့ပြ စီမံကိန်းဌာနမှ ညွှန်ကြားရေးမှူး ဦးတိုးအောင်က ပြောသည်။
ဗဟို စီးပွားရေးဇုန် ဆိုသည်မှာ ပြည်ပမှ ၀င်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များ၏ ရုံးစိုက်ရန် တည်နေရာ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေး အပါအ၀င်၊ ရှောပင်းမောများ၊ Fashion Center များ၊ လူ့အသုံးအဆောင် ပစ္စည်းများ ရောင်းဝယ် ဖောက်ကားနိုင်မည့် အဆောက်အအုံ များနှင့် ရန်ကုန်မြို့တွင်း ကဲ့သို့ လူသားများ၏ လိုအပ်ချက်များအား တစ်နေရာတည်းတွင် စုစည်းပေးထားမည့် အစီအမံများ ဖြစ်ကြောင်း ၎င်းက ရှင်းပြ သည်။
ဒီလို စီမံကိန်းမျိုး ဆိုတာက အစိုးရ အနေနဲ့ စောစောပိုင်း ကတည်းက ဆောင်ရွက်သင့်တာပါ။ ဒါပေမဲ့လို့ အခုလို ဆောင်ရွက်ဖို့ လုပ်လာတာ ကိုလည်း ကြိုဆိုပါတယ်။ အမှန်တကယ် ဖြစ်မြောက်အောင် အကောင်အထည်ဖော်ပေးဖို့ပဲ လိုတာပါ ဟု စီးပွားရေး ပညာရှင် ဒေါ်ရီရီမြင့် က ဆိုသည်။ ယင်းကဲ့သို့ ဆောင်ရွက်ခြင်း အားဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာမည့် အပြင် အများပြည်သူ သွားလာရေး လွယ်ကူနိုင်ပြီး၊ အချိန်ကုန် သက်သာခြင်း၊ ငွေကြေးကုန်ကျမှု လျော့နည်းလာခြင်း အစရှိသည့် အကျိုးကျေးဇူးများ ခံစားရရှိနိုင်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ နေရာနှင့် နီးစပ်သည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံတောင်/မြောက် စသည့် မြို့နယ်များ သို့လည်း ဖွံ့ဖြိုးမှု ပျံ့နှံ့လာ နိုင်ကြောင်း ၎င်းက ခန့်မှန်း ပြောဆိုသည်။ စီမံကိန်း အောင်မြင်သည် အထိ အကောင်အထည် ဖော်ရန် အချိန် ငါးနှစ်ခန့် ကြာမြင့် နိုင်ပြီး၊ ၎င်းဇုန်တွင် စက်မှုလုပ်ငန်း များနှင့် လူနေ အိမ်ရာများ ပါဝင်မည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
Credit : The Messenger