ရန်ကုန်မြို့ရှိ ပန်းဥယျာဉ် ငါးခုအား အဆင့်မြှင့်တင်ရန် ကျပ်သန်း (၃၀၀) ခန့် အား၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ် အတွင်း သုံးစွဲကာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မှ သိရသည်။
အဆင်မြှင့်တင်မည့် ပန်းခြံများမှာ အင်းလျားပန်းခြံ၊ သခင်မြပန်းခြံ၊ ကုက္ကိုင်းပန်းခြံ၊ နံ့သာမြိုင်ပန်းခြံနှင့် ကန်သာယာပန်းခြံ တို့ကို ယခုနှစ် အတွင်း အပြီးသတ် အဆင့်မြှင့်တင် သွားမည်ဖြစ်ကြောင်း သိရသည်။
““ပြည်သူတွေ အပန်းဖြေ နားနေနိုင်ဖို့ ဘဏ္ဍာနှစ် အလိုက် အဆင့်မြှင်တင်တာတို့ ပြုပြင်တာတို့ ဆောင်ရွက် နေတယ်။ ဘဏ္ဍာငွေ ရရှိတဲ့ ပေါ်မူတည်ပြီး ဆောင်ရွက်ရတာ ဖြစ်တယ်””ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ လက်ထောက်ဌာနမှူး ဦးညိုမင်းလွင်က ပြောသည်။
အဆိုပါ ပန်းခြံငါးခြံ အဆင့်မြှင့်တင်ရာတွင် ရေပန်းများ ထပ်ဖြည့်ခြင်း၊ ကလေးကစားကွင်းများ အတွက် လိုအပ် ပစ္စည်းကိရိယာများ ဖြည့်တင်းခြင်း၊ အရိပ်ရ သစ်ပင်များ စိုက်ပျိုးခြင်းနှင့် အုတ်ဘောင်ခုံ များတည်ဆောက်ခြင်း စသည်တို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လာမည့် ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ် တွင်လည်း မြသီတာပန်းခြံ၊ မြကန်သာပန်းခြံ၊ ရွှေပေါက္ကံပန်းခြံ၊ သုဝဏ္ဏပန်းခြံ၊ ရတနာပန်းခြံနှင့် ဥက္ကလာသီရိပန်းခြံ စသည်တို့ကိုလည်း အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
““အခု သုဝဏ္ဏပန်းခြံက ပန်းခြံနဲ့ကို မတူဘူး။ လမ်းတွေ စုတ်ပြတ်သတ် နေတယ်။ ထိုင်ခုံတွေ ကလည်း ကျိုးပဲ့တာတွေ ကြီးပဲ။ ဒီလို ပန်းခြံတွေကို အရင်ဆုံး ပြုပြင်ပေးသင့် တယ်””ဟု သုဝဏ္ဏမြို့နယ် (၂၅) ရပ်ကွက်တွင် နေထိုင်သူ တက္ကသိုလ် ကျောင်းသူ မမိုးရူပါက ဆိုသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကန်တော်မင်္ဂလာ ပန်းခြံ၊ ဆူးလေပိုစတာ ပန်းခြံ၊ မဟာဗန္ဓုလ ပန်းခြံ၊ ရူခင်းသာပန်းခြံ၊ မြကျွန်းသာ ပန်းခြံ၊ အင်းလျားကန်ဘောင် ပြည်လမ်း ပန်းခြံ၊ အာဇာနည်ဗိမာန် ပန်းခြံနှင့် ပြည်သူ့ပန်းခြံ စသည့် တို့ကိုလည်း အဆင့်မြှင့်တင်မှုများ ဆောင်ရွက် ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (ပန်းဥယျာဉ်နှင့် အားကစားကွင်း ဌာန) မှသိရသည်။
လက်ရှိ ရန်ကုန်မြို့တွင် ပန်းခြံစုစုပေါင်း (၁၆၅) ခြံရှိသည့် အနက်တွင် အခမဲ့ပန်းခြံ (၅၀)ကျော်ရှိပြီး၊ ကျန်ပန်းခြံများမှာ ၀င်ကြေးငွေ ပေးသွင်းရကြောင်း သိရသည်။
Credit: Messenger